spot_imgspot_imgspot_imgspot_img
Thursday, July 25, 2024
spot_imgspot_imgspot_imgspot_img

လက်ကျန်သစ် တန်ချိန် ၅၅၀ ကို ကရင်နီအစိုးရ ယခုနှစ်အတွင်းမှာ ထုတ်ယူ ခွင့်ပြု

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

၂၀၁၉ ခုနှစ်က ပြည်ထောင်စုအစိုးရက တရားဝင် သစ်ထုတ်ခွင့်ပေးထားတဲ့ ကရင်နီပြည်တွင်းက လက်ကျန်သစ် တန် ၅၅၀ ကို ယခုနှစ်ထဲမှာ ထုတ်ယူဖို့ ဒေသခံသစ်ကုမ္ပဏီတွေကို ထုတ်ယူခွင့်ပေးထားတယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဌာန၊ ဝန်ကြီး ခူညေးရယ်က ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ တန် ၂၀၀ ၊ ရှားတောမြို့နယ်မှာ တန် ၅၀ ၊ သံလွင်အရှေ့ခြမ်းမှာ တန် ၃၀၀ ထုတ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ အဆိုပါသစ်တွေထဲမှာ ကျွန်း၊ ပိတောက် အများဆုံးပါဝင်ပြီး သစ်မာလည်း အနည်းငယ် ပါဝင်တယ်လို့ ပြောပါတယ်။

“ဒီအာဏာသိမ်းပြီးနောက်ပိုင်းက‌တော့ ကျနော်တို့ သစ် အသစ်တွေ ထုတ်ယူခွင့်မပြုတော့ဘူးပေါ့နော။ ဒါပေမဲ့ သစ်အဟောင်းတွေ ဟို အာဏာမသိမ်းခင်ကတည်းက အရင်ကတည်းက ခုတ်ထားတဲ့ သစ်တွေကို အလေလွင့် မဖြစ်အောင် အလေလွင့်ဆိုတာက မီးလောင်ပျက်စီးတာတို့၊ ဆွေးမြေ့တာတို့ အဲလိုမဖြစ်အောင် တစ်ချက်။ နောက်ပြီးတော့မှ ကျနော်တို့ အဖွဲ့အစည်းရဲ့ ဝင်ငွေ ရအောင်ဆိုပြီးတော့မှ ကျနော်တို့ ဆက်ပြီးတော့မှ အဲဒီ သစ်အ‌ဟောင်းတွေ ကိုပဲ ထုတ်ခွင့်ပြုပါတယ်။” လို့ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

ခုတ်ထားပြီးသား လက်ကျန်သစ်ကိုပဲ ထုတ်ယူခွင့်ပေးတယ်ဆိုပေမဲ့ မခုတ်ရသေးတဲ့ သစ်တွေကိုပါ ခုတ်ယူနေတာရှိတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထဲရေးဌာန အနေနဲ့ စုံစမ်းစိစစ်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

သစ်တစ်တန်ကို ထိုင်း ဘတ်ငွေ ၅ထောင် မှ ၈ ထောင် အထိ အခွန်ငွေ ရရှိတယ်လို့ ဆိုပါတယ်။ ၎င်း အခွန်ငွေနဲ့ အကူအညီ လိုအပ်နေတဲ့ လူထုဆီကို ကူညီပံ့ပိုးပေးတာရှိသလို လက်နက်ကိုင် အဖွဲ့ အစည်းတွေအတွက် လက်နက်ခဲယမ်း အသုံးစရိတ်တွေ ပံ့ပိုးပေးတယ်လို့လည်း ခူညေးရယ်က ဆက်ပြောပါတယ်။

ဒေသခံပိုင် အသေးစား သစ် ခုတ်ယူမှုကို တားမြစ်ထားခြင်းမရှိပေမဲ့ စီးပွားဖြစ်ထုတ်ယူမှုကိုတော့ တားမြစ်ထားတယ်လို့ လက်ရှိ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

“ ကျနော်တို့ သစ်ထုတ်လုပ်မှုကိုတော့ တားမြစ်ထားတယ်‌ပေါ့နော။ သဘာဝသစ်‌တောကနေ သစ်ထုတ်လုပ်တာကို တားမြစ်တယ်။ တချို့‌ဒေသမှာကတော့ သူတို့ရဲ့ကိုယ်ပိုင် သစ်တောတွေဖြစ်စေ ၊ မိသားစု မျိုးနွယ်စု အလိုက် သစ်တောတွေ ရှိတယ်ပေါ့နော့။ အဲဒါကတော့ ဒေသအလိုက် သူတို့ ခွင့်ပြုချက်နဲ့ သူတို့ ထုတ်တာကတော့ ကျနော်တို့က မတားဘူးပေါ့နော။ ဒါပေမဲ့ သဘာဝသစ်တောထဲက သစ်ကိုတော့ ကျနော်တို့ တားထားတယ်” လို့ ဦးဗညားက ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း အကြီးစားသစ်ထုတ်လုပ်မှုတွေ မရှိတော့သလောက် ‌လျော့ကျသွားတာဖြစ်လို့ သဘာဝပတ်ဝန်းကျင်အတွက် အလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိစေတယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Karenni Evergreen မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“သစ်ထုတ်လုပ်မှုက ပိုပြီးတော့ နည်းသွားပြီဆိုတော့ သဘာဝပတ်ဝန်းကျင် အတွက် ပိုကောင်းတာပေါ့နော။ ဥပမာဆိုရင် သစ်တော တစ်ဧက ရှိတာနဲ့တင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန် ၄၀ ကိုသူလျော့ချနိုင်တာပေါ့နော။ ဆိုရင် သဘာဝပတ်ဝန်းကျင်အတွက်လည်းကောင်းမွန်တယ်။ ပြီးတော့ နောက်တစ်ခုက သစ်ပင်တွေ ပြန်လည်ကြီးထွား ရှင်သန်လာဖို့ကလည်း အခွင့်ရေးကလည်း ပိုပြီးတော့ ရှိလာပြီ။ ဆိုတော့ သစ်ပင်တွေ သစ်တောတွေ ရှိမယ်ဆိုရင်လည်း ကျမတို့ ဒီဒေသခံတွေ အဓိက ကြုံတွေ့နေရတဲ့ ရေအရင်းအမြစ် ပြဿနာတွေ ကျမတို့ ပြန်ပြီးတော့ ဖြေရှင်းနိုင်မယ်။ ပြီးတော့ ရာသီဥတုပြောင်းလဲမှုကိုလည်း လျော့ချနိုင်တာပေါ့နော” လို့ သူက ပြောပါတယ်။

၂၀၁၉ခုနှစ်အတွင်း ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက် နဲ့ သစ်တန်ပေါင်း တစ်သောင်းကို နောက်ဆုံးကြိမ် အဖြစ် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် အကြီးစားသစ်ထုတ်လုပ်မှုကို ကရင်နီပြည်အစိုးရက ပိတ်ပင်တားမြစ်ထားပြီး ထုတ်လုပ်မှုတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမယ်လို့ ၂၀၂၂ခုနှစ် မတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts