လက်တွဲရမယ့်အချိန်

သိုက်စိုးထွန်း(နတ်ရွာ) ရေးသားသည်။

ကမ္ဘာ့နိုင်ငံအားလုံးနီးပါးကို ခြိမ်းခြောက်နေတဲ့ COVID-19 က ကိုယ့်နိုင်ငံထဲကိုလည်း ခြေတစ်လှမ်း ပြီးတစ်လှမ်းဝင်ရင်းနဲ့ သွေးတိုးစမ်းနေပြီဖြစ်ပါတယ်။ ဒီရောဂါဝင်မလာအောင် တားဆီးကာကွယ်လို့ မရနိုင်တဲ့နောက်မှာ ပျံ့နှံ့မှုနှုန်းမများအောင်၊ အသေအပျောက်နည်းနိုင်သမျှနည်းအောင် ကြိုးစားကြရတော့မှာဖြစ်ပါတယ်။

အမျိုးသားအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အဆင့် စသည်အားဖြင့် တာဝန်ရှိပုဂ္ဂိုလ်အားလုံးက ဒီအရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြချိန် လည်းဖြစ်ပါတယ်။

သို့သော်လည်းပဲ တာဝန်ရှိသူဆိုတဲ့သူတွေချည်းရုန်းကန်တွန်းလှန်ကြရုံနဲ့တော့ အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ပြည်သူအားလုံး၊ တစ်ဦးတစ်ယောက်မကျန် ပူးပေါင်းပါဝင်ကြမှသာ ထိရောက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ကူးစက်မှုနှုန်းမြန်နေတဲ့ ဒီရောဂါဆိုးကြီးနဲ့ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အဆက်မပြတ်ထုတ်ပြန်ပေးနေပါတယ်။ ဒီအတိုင်းလိုက်နာကြမှ အားလုံးအတွက် ဘေးအန္တရာယ်တွေ လျော့နည်းနိုင်သမျှလျော့နည်းသွားအောင် လျှော့ချနိုင်ကြမှာ ဖြစ်ပါတယ်။

လိုက်နာဖို့လိုအပ်တဲ့အတွက် ထုတ်ပြန်လိုက်တဲ့လမ်းညွှန်ချက်တွေကို အတတ်နိုင်ဆုံး လိုက်နာကြရမှာဖြစ်ပါတယ်။ လူစုလူဝေးတွေမလုပ်ဖို့ နိုင်ငံတော်ကပန်ကြားလိုက်တယ်။ လိုက်နာသူတွေအများကြီးရှိသလို တစ်ချို့ကတော့ ဆင်ခြေဆင်လက်တွေအများကြီးပေးနေတတ်ကြတယ်။

တို့ပွဲလေးက ဘယ်တုန်းကတည်းက စီစဉ်ပြီးသားဖြစ်နေလို့၊ ဖိတ်စာတွေက ဘယ်နယ်အထိဝေထားလို့၊ ပွဲဖျက်လိုက်ရင် ဘယ်လိုဆုံးရှုံးမှုတွေဖြစ်ကုန်မှာမို့ စသည်အားဖြင့် အကြောင်းပြချက်ပေါင်း မြောက်များစွာနဲ့ ဆင်ခြေဆင်လက်တွေပေးပြီး ဇွတ်တိုးကျင်းပဖို့လုပ်တတ်ကြသေးတာပါ။ ပွဲခင်းတဲ့သူကခင်း၊ ကိုယ့်ဖိတ်မှတော့ မကောင်းပါဘူးလေဆိုပြီး အားနာပါးနာနဲ့သွားတဲ့သူကသွားနဲ့ လူစုလူဝေးကတော့ ဖြစ်ကုန်တတ်ကြတာပါပဲ။

လူစုစုရှိတုန်းကူးလိုက်ရင် အကုန်ဒုက္ခရောက်ကုန်မှာမို့ လိုအပ်ချက်အရရက်ရွှေ့ဆိုင်းဖို့ ပန်ကြားတာကို အားလုံးလိုက်နာနေဖို့လိုအပ်ပါတယ်။ ဒီပွဲလေးကဘာပွဲလေးမို့လို့ မသွားလို့တော့ မတော်ပါဘူးလေဆိုပြီး အားနာနာနဲ့သွားရတဲ့သူကိုလည်း အားနာနေတဲ့သူမို့လို့ဆိုပြီး ဗိုင်းရပ်စ်ကမကူးဘဲ နေမှာမဟုတ်ပါဘူး။

အလှူတော်မင်္ဂလာကြီးမို့ဆိုပြီး “သူတို့ခင်မျာ ကောင်းရာကောင်းကျိုးလုပ်နေကြတာပဲ၊ ငါတော့ဒီလူအုပ်ကြီးထဲမဝင်တော့ပါဘူး”ဆိုတဲ့အတွေးနဲ့ လှည့်ပြန်သွားမှာလည်းမဟုတ်ပါဘူး။ ရောဂါပိုးက သူ့အလုပ်သူလုပ်နေမှာပါ။

ပိုးကသူ့အလုပ်သူလုပ်နေတဲ့အချိန်မှာ ကာကွယ်ရမယ့်သူတွေကလည်း ကိုယ့်အလုပ်ကိုယ်လုပ်နေဖို့လိုပါတယ်။

ကာကွယ်ရမယ့်သူဆိုတာကလည်း အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေချည်းသာမဟုတ်ပါဘူး၊ ပြည်သူအားလုံးပါဝင် ပါတယ်။ ပြည်သူအားလုံးပါဝင်တွန်းလှန်မှသာ ထိထိရောက်ရောက်ဖြစ်နိုင်မှာပါ။ ဒီနေရာမှာ ပြည်သူ့အားကို အလိုအပ်ဆုံးဖြစ်ပါတယ်။

လက်ဆေးဖို့လိုတိုင်းဆေးလိုက်မယ်၊ လူစုလူဝေးမှန်သမျှရှောင်နေလိုက်မယ်၊ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေအားလုံးကို လိုက်နာနေမယ်ဆိုရင် ရောဂါကူးစက်ပျံ့နှံ့မှုအနည်းဆုံးဖြစ်အောင် ထိန်းချုပ် နိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းက တစ်ခြားလုပ်ငန်းတွေနဲ့မတူပါဘူး။

တစ်ချို့လုပ်ငန်းတွေအတွက်ကျတော့ စည်းမျဉ်းစည်းကမ်းတစ်ခု ထုတ်လိုက်တယ်၊ လိုက်နာသူရှိသလို မလိုက်နာသူတွေလည်းရှိကြတယ်။ ပထမတော့ အသိပညာပေးမှုတွေလုပ်မယ်၊ လိုက်နာသူတွေများလာအောင် တစ်ဖြည်းဖြည်းနဲ့ စည်းရုံး ယူကြမယ်၊ ဟောပြောယူကြမယ်။ မလိုက်နာတဲ့သူတွေကို အသိပေးမှု၊ သတိပေးမှုတွေလုပ်ပြီး နောက်ဆုံး ကျတော့မှ အရေးယူမှုတွေလုပ်မယ်။ ဒီလိုအဆင့်ဆင့်သွားရတာဖြစ်ပါတယ်။ အချိန်ကြာလာတဲ့အခါမှာ လူအများစုက လိုက်နာတတ်တဲ့အလေ့အကျင့်ကောင်းတွေနဲ့ နေသားတကျဖြစ်သွားကြတယ်။ ဒါပေမဲ့ ကူးစက်မြန်ရောဂါတွေနဲ့ပတ်သက်တဲ့ကိစ္စမှာကျတော့ တစ်ဖြည်းဖြည်းချင်းသွားဖို့အတော်ခက်ပါတယ်။

ဒီဘက်က ဟောပြောခြင်း၊ ဆွေးနွေးခြင်း၊ အသိပညာပေးခြင်း၊ စည်းရုံးခြင်း၊ တိုက်တွန်းခြင်းတွေ လုပ်နေချိန်မှာ ဗိုင်းရပ်စ်ကတော့ ကူးစက်ခြင်း၊ ပျံ့နှံ့ခြင်းဆိုတဲ့ သူ့အလုပ်တွေကို သူ့အရှိန်နှုန်းအတိုင်း တရစပ် ဆောင်ရွက်နေမှာပါ။ “အသိပညာပေးချိန်လေးခဏတော့ စောင့်လိုက်ပါဦးမယ်”လို့ အားတုန့်အားနာ ရှိနေမှာမဟုတ်ပါဘူး။ ကူးစရာရှိတာကို မဆိုင်းမတွကူးသွားမှာပါပဲ။ ဒါ့ကြောင့် ဒီလုပ်ငန်းစဉ်မှာ တစ်ဦးတစ်ယောက်မကျန်ပါဝင်နေဖို့ အထူးလိုအပ်တာဖြစ်ပါတယ်။

ဒီအချိန်မှာ လူစည်စည်ရှိရာမသွားဖို့ လမ်းညွှန်ထားတဲ့အတွက် မသွားဘဲနေမိဖို့လိုပါတယ်။ မသွားမဖြစ် သွားကိုသွားရမယ့်အခြေအနေမျိုးရောက်လာပြီဆိုရင်တော့ ကူးစက်မှုမဖြစ်အောင် ကာကွယ် ရမယ့်နည်းလမ်းတွေကို အသေအချာလိုက်နာပြီးမှ သွားရမှာပါ။

သုံးပေ၊ လေးပေခြားလောက် နေတဲ့သူတောင် မကူးနိုင်တာ၊ ရောဂါဖြစ်တဲ့မြို့တွေ၊ ရွာတွေနဲ့ မိုင်းသုံးလေးငါးဆယ်မက ဝေးနေတဲ့ ကိုယ့်ဆီကလူတွေကိုတော့ ဘယ်လိုမှကူးနိုင်မှာမဟုတ်ပါဘူးလို့တွေးပြီး ပေါ့ဆကောင်းပေါ့ဆနေနိုင် ပါတယ်။ တကယ်တမ်းကျတော့ မိုင်သုံးလေးထောင်မကဝေးတဲ့ နိုင်ငံတွေကြားမှာတောင် ဗိုင်းရပ်စ်က လေယာဉ်ပျံစီးပြီး ကူးချည်သန်းချည်လုပ်ခဲ့ပြီးပြီဖြစ်ပါတယ်။

လေယာဉ်စီးတဲ့သူတွေမရှိလို့ စိတ်အေး လက်အေးနေလိုက်ကြစို့ဆိုပြန်တော့ ကုန်းကြောင်းလျှောက်လာတဲ့ နယ်စပ်ဖြတ်ကျော်ခရီးသည်တွေ ဆီမှာလည်း ဟိုကပ်သည်ကပ်နဲ့ တွယ်ကပ်ပါလာတတ်သေးပြန်ပါသတဲ့။ ပြည်တော်ပြန်တွေများနေတဲ့ ဒီအချိန်မှာ မြို့ရောတောပါမကျန်အားလုံးအားလုံး သတိရှိရှိနဲ့ တုန့်ပြန်ဆောင်ရွက်နိုင်ဖို့က အရေးကြီးပြီ ဖြစ်ပါတယ်။

အစွန်းတရားနှစ်ဘက်ရှိပါသတဲ့။ အစွန်းဆိုတာ ဘယ်ကဏ္ဍအတွက်မဆို ရှိနေကြတာထင်ပါရဲ့။ အခုဖြစ်နေတဲ့ COVID-19 ကူးစက်မြန်ရောဂါကြီးနဲ့ပတ်သက်လို့လည်း ပေါ့တိပေါ့ဆနေထိုင်ခြင်းဆိုတဲ့ အစွန်းတရားရှိသလို အကြောက်လွန်ခြင်းဆိုတဲ့အစွန်းတရားလည်း ရှိနေတာကို သတိပြုရမှာဖြစ်ပါတယ်။

ပေါ့တိပေါ့ဆအစွန်းမှာရပ်နေသူတွေကတော့ ဘာမှဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့အတွေးတွေ ရင်မှာ ပိုက်ပြီး ပွဲတွေခင်း၊ လူတွေစု၊ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လစ်လျူရှုပြီး ကိုယ့်စိတ်ထင်ရာတွေ လုပ်နေတတ်ကြသလို နိုင်ငံရပ်ခြားကနေ ကိုယ့်အိမ်ကိုယ့်ရွာကိုယ်ပြန်လာတာ၊ ဘယ်သူ့ကိုအရေးစိုက်ပြီး အိမ်မှာနှစ်ပတ်နေရမလဲ၊ ဘယ်သူ့ကြောက်လို့ ကျောင်းထဲမှာ ဆယ့်လေးရက်အောင်းနေရမလဲဆိုတဲ့ အတွေးမျိုး၊ အပြောမျိုးနဲ့ ဟိုဟိုသည်သည်တွေကိုတောင်လျှောက်သွားနေတတ်ကြပါတယ်။

ရွာကိုလည်း မရောက်တာနှစ်အတော်ကြာပြီ၊ ရွာကသူငယ်ချင်းတွေနဲ့လည်းမတွေ့ရတာကြာပြီ၊ ဦးကြီးတို့နေမှ ကောင်းကြရဲ့လား၊ ဒွေးလေးတို့ရော ပဲတွေနှမ်းတွေရကြရဲ့လား၊ အလုပ်အကိုင်တွေမှအဆင်ပြေကြရဲ့လား၊ တောင်ပိုင်းက ဟိုကောင်တွေရော အရင်လိုဆိုးကြမိုက်ကြတုန်းပဲလားဆိုတာမျိုးတွေကတစ်ဖုံ၊ အိမ်ပြန် လက်ဆောင်ကလေးတွေပါလာတာ အပြေးအလွှားပေးထားလိုက်ဦးမှသင့်မယ်ထင်ရဲ့ဆိုတာမျိုးနဲ့က တစ်နည်း၊ ဆိုင်ကယ်တစ်ဝှီးဝှီးနဲ့ ရွာထဲရပ်ထဲလျှောက်သွားနေကြလို့ လုပ်ကြပါဦး၊ ထိန်းကြပါဦးဆိုပြီး ပြောကြရတာကတစ်မှောင့်။ “ဟဲ့၊ နင်တို့ဟာက အခုမှနိုင်ငံခြားကပြန်ရောက်လာတာ၊ အိမ်လေးဘာလေးထဲတော့ နေကြဦးမှပေါ့ဟဲ့”လို့ တစ်ယောက်ယောက် ပြောပြန်ရင်လည်း “ကိုယ့်ခြေထောက်နဲ့ကိုယ်သွားတာ ဘာဖြစ်တုန်းဗျာ”လို့ ပြန်ပက်တဲ့သူမျိုးကလည်းရှိပြန်။

ဒီလိုပြောလို့ ပြည်တော်ပြန်တွေဒီအတိုင်းချည်းဖြစ်နေကြသလားလို့တော့ မမေးလိုက်ပါနဲ့။ တစ်ချို့ တစ်လေ ထိန်းမရတဲ့သူတွေကိုသာဆိုလိုတာပါ။ အများအားဖြင့်ကတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေထိုင်ကြပါတယ်။

ဒီနေရာမှာ မလိုက်နာသူတွေအကြောင်းရေးရပြောရတာကတော့ မလိုက်နာသူ တစ်ယောက်၊ နှစ်ယောက်ကြောင့် တစ်ရွာလုံးတစ်ရပ်လုံး ဒုက္ခရောက်နိုင်တဲ့အတွက်ပါ။ ရောဂါရှင် တစ်ယောက်သွားခဲ့တဲ့လမ်းကြောင်းတစ်လျှောက် အကုန်လုံးပိုက်စိပ်တိုက်ပြန်စစ်၊ ထိတွေ့ဆက်နွှယ်သူတွေ အကုန်လုံး စောင့်ကြပ်ကြည့်ရှုပြီး လိုအပ်သလိုပြုစုကုသပေးနေရတဲ့အခြေအနေတွေကိုကြည့်ရင် စည်းကမ်းမလိုက်နာသူတစ်ယောက်ကြောင့် ဘယ်လောက်အထိဒုက္ခရောက်ကြရသလဲဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။

ကံရာမတော်လို့များ ဗိုင်းရပ်စ်ပါလာတဲ့သူတစ်ယောက်ယောက်က ရွာကအလှူပွဲ သွားပြီး ကူညီညာဝိုင်းလိုက်ဦးမှပဲဆိုပြီး ပရိတ်သတ်အကြားတိုးဝှေ့သွားလာရင်း ဝေယျာဝစ္စလုပ်နေမှဖြင့် ကူညီရာမရောက်ဘဲ ရောဂါပိုးဖြန့်ဝေပေးနေသလိုဖြစ်ကုန်မှာပါ။

ဒီလူကနေဟိုလူထိ၊ ဟိုလူကနေ နောက်ထပ်တစ်ယောက်ကိုထိ၊ အဲ့ဒီနောက်ထပ်တစ်ယောက်ကနေ ဟိုးနောက်ထပ်နောက်ထပ်ပေါင်း များစွာတွေကိုထိပြီး တစ်ယောက်ကအစ တစ်ရာအဆုံးဖြစ်ကုန်ဦးတော့မှာပါ။ ဒါ့ကြောင့် လူစုလူဝေးတွေ မလုပ်ကြဖို့၊ လူစည်စည်ရှိရာတွေကိုမသွားဖို့ ထပ်ခါတလဲလဲ ပြောနေကြတာဖြစ်ပါတယ်။

ပေါ့ဆခြင်းအစွန်းတရားဘက်မှာနေမှဒုက္ခရောက်တတ်တာမဟုတ်ပါဘူး။ အစိုးရိမ်လွန်ခြင်း အစွန်းတရားဘက်မှာနေသူတွေကြောင့်လည်း အခက်တွေ့တတ်ပါတယ်။ ဘာတဲ့ညာတဲ့ဆိုတာနဲ့ ရှိသမျှ ဆိုင်က ပစ္စည်းပစ္စယတွေ အကုန်ပြေးဝယ်လိုက်ကြပြီ။ အလုအယက်ဝယ်ခြင်းအားဖြင့် လတ်တလော ရလာတဲ့အကျိုးကတော့ ကုန်ဈေးနှုန်းတွေတက်ကုန်တာပါ။

အလုအယက်ဈေးဝယ်တာကို အပြစ်မဆိုနိုင်ပေမယ့် ရောဂါနဲ့ပတ်သက်လို့အစိုးရိမ်လွန်ပြီး ပြည်ပက ပြန်လာသူတွေကို “တို့အိမ်နားမနေနဲ့၊ တို့ရပ်ကွက်ထဲမထားနဲ့”ဆိုတာမျိုးလုပ်ကြတာမျိုးကျတော့ မကောင်းတော့ပါဘူး။ ဒီလိုအဖြစ်တွေက တစ်ချို့ကျေးရွာတွေမှာဖြစ်နေကြပါတယ်။ သူတို့တွေ နားလည်အောင်ရှင်းလင်းဆွေးနွေးကြရတာကလည်းအလုပ်တစ်ခုပါ။ ဘယ်လိုပဲရှင်းပြပေမယ့် “ဒီလူတွေ ကိုတော့ ဒီအထဲလုံးဝအထားမခံနိုင်ဘူး”လို့ပြောသူတွေကလည်း ရှိနေတုန်းပါ။

ကျောင်းထဲထားဖို့ စီစဉ်တာကို ကျောင်းသားမိဘတွေကလက်မခံနိုင်လို့ဆိုပြီး ပြဿနာဖြစ်ကြတာမျိုးလည်းရှိပါတယ်။ သူတို့ကျတော့ အစိုးရိမ်လွန်တဲ့အထဲပါသွားပါပြီ။ ရောဂါပိုးက ဘယ်လိုပုံဘယ်လိုနည်းနဲ့ ကူးစက်နိုင်တယ်၊ ဘယ်နှပေအကွာအဝေးလောက်ဆိုရင်တော့ အန္တရာယ်ကင်းတယ် စသည်အားဖြင့် ပညာပေး ဟောပြောမှုတွေ၊ ထုတ်ပြန်ကြေညာမှုတွေရှိပါလျက်နဲ့ မလိုအပ်တဲ့စိုးရိမ်ပူပန်မှုတွေဖြစ်ပြီး ပြည်ပပြန် ပုဂ္ဂိုလ်တွေကို နှစ်ပတ်စောင့်ကြည့်ရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေဖြစ်ကုန်တာပါ။

အစိုးရိမ်လွန်ပြီး တာဝန်ရှိတဲ့သူတွေရဲ့ဆောင်ရွက်ချက်တွေအပေါ်မှာ အမြဲတမ်းအဆိုးမြင်ရှုထောင့်က စောင့်ကြည့်ပြီး အရမ်းကာရောဝေဖန်နေသူတွေကလည်းရှိပြန်ပါတယ်။ ဟိုဟာမလုပ်သေးဘူးလား၊ ဒီဟာ မလုပ်သေးဘူးလားဆိုပြီး မောင်းမဲပြစ်တင်တာမျိုးတွေလည်းရှိတတ်ပါတယ်။ တကယ်တော့ ဒီလိုအပြစ်ပြောနေမယ့်အစား ကိုယ်ဘာလုပ်ပေးနိုင်မလဲ၊ လုပ်နိုင်တာလေးတွေရှာပြီး နည်းနည်းချင်း ဝင်ကူလိုက်တာကမှ အားလုံးအတွက်ပိုအကျိုးရှိမှာပါ။

ပေါ့လွန်း၊ လန့်လွန်းတာတွေမကောင်းပေမယ့် သတိရှိတာကတော့ ကောင်းပါတယ်။ ရောဂါက ဘယ်လိုပုံဘယ်လိုနည်းလမ်းနဲ့ဝင်ရောက်လာနိုင်တယ်ဆိုတာကို လေ့လာထားပြီး ဖြစ်နိုင်ချေရှိသမျှကိစ္စ တွေကို ဆောင်ရွက်ကြရမှာပါ။ ဟောပြောဖို့သင့်တဲ့သူတွေကိုဟောပြော၊ စည်းရုံးဖို့သင့်တဲ့သူတွေကို စည်းရုံး၊ သတိပေးသင့်တဲ့သူကိုသတိပေး၊ အရေးယူသင့်တဲ့သူကိုအရေးယူပြီး လိုအပ်တဲ့လုပ်ငန်းမှန်သမျှ စွမ်းနိုင်သမျှ ဆောင်ရွက်ကြရမှာပါ။

ဒီအချိန်မှာ ကိုယ့်ဘက်ကဘာကူလုပ်ပေးနိုင်မလဲဆိုတဲ့အတွေးကိုလည်း တွေးသင့်ပါတယ်။ တွေးလို့ရတာတဲ့အတိုင်း လိုက်ပြီးအကောင်အထည်ဖော်ဖို့လည်း လိုတာပေါ့။ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်ကြီးထဲမှာ လူအား၊ ငွေအား၊ ပစ္စည်းအား စသည်အားဖြင့် ကိုယ်စွမ်းနိုင်ရာဘက်ကနေ ပါဝင်ကူညီပေးကြသင့်ပါတယ်။ အထူးသဖြင့် ဆေးရုံသုံးပစ္စည်းကိရိယာ မစုံလင်တဲ့နေရာတွေ၊ အုပ်ချုပ်မှု၊ ထောက်ပံ့မှုဆိုင်ရာကိစ္စတွေ လိုအပ်နေတဲ့နေရာတွေကို အထူးဦးစားပေးပြီး ကူညီပံ့ပိုးသင့်ပါတယ်။ မနိုင်မနင်းဖြစ်လာမှ ဝုန်းခနဲထလုပ်ဖို့ဆိုတာ သိပ်အဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေမှာ တတ်စွမ်းသမျှ ပါဝင်ကူညီကြရမှာဖြစ်ပါတယ်။

ဆေးရုံတွေမှာ ဆေးရုံသုံးပစ္စည်းတွေလုံလောက်ရဲ့လား၊ လူနာထားစရာနေရာကရော ဘယ်လောက် ရှိနေသလဲ၊ ဘယ်လောက်အထိလိုအပ်လာနိုင်သလဲ၊ ရွာကကျောင်းမှာထားမယ့်သူတွေ အတွက်ရော အိပ်စရာ၊ စားစရာ၊ ရေချိုးစရာ၊ အိမ်သာသုံးစရာ အဆင်ပြေရဲ့လား၊ အမှိုက်တွေများ ရှုပ်ယှက်ခတ်နေသလား စသည်အားဖြင့် လိုအပ်ချက်လေးတွေကြည့်ပြီး နိုင်သလောက်ကလေးနဲ့ ပါဝင် ကူညီပေးကြရင် အကောင်းဆုံးပါပဲ။

ပထမအဆင့်က ဖြစ်နိုင်ခြေရှိသူတွေကို နှစ်ပတ်ထားပြီးစောင့်ကြည့်ဖို့။ ဒီနှစ်ပတ်ဆိုတာကိုက လွယ်တာမဟုတ်။ ပြန်လာတဲ့သူတွေကအများကြီး။ တစ်ချို့ရွာတွေက သုံးလေးယောက်။ တစ်ချို့ရွာတွေက သုံးလေးဆယ်။ တစ်ချို့ရွာတွေက လေးငါးဆယ်။ ဒီလိုများပြားလှတဲ့သူတွေအတွက် အိပ်စရာ၊ နေစရာ၊ စားသောက်စရာစီစဉ်ဖို့ဆိုတာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးလောက်နဲ့လုပ်လို့မရတော့ပါဘူး။ ရွာရပ်က အကုန်ဝိုင်းကူကြမှဖြစ်မှာပါ။

မြို့ဆိုလည်းမြို့အလျောက် စောင့်ရှောက်ဖို့နေရာ၊ အရေးပေါ်ဖြစ်လာရင် လူနာတွေထားရမယ့်နေရာ၊ လူနာမဟုတ်သေးတဲ့စောင့်ကြည့်ရမယ့်သူတွေထားရမယ့်နေရာ စသည်အားဖြင့် လိုအပ်ချက်တွေများပါတယ်။ အထူးသဖြင့် နယ်မြို့ငယ်လေးတွေမှာ လိုအပ်ချက်များပါတယ်။

လှူရေးတန်းရေး၊ ပါဝင်ကူညီရေးတွေကို မဆောင်ရွက်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းအားဖြင့် ဒီရောဂါထိန်းချုပ်ရေးလုပ်ငန်းကြီးမှာ ပါဝင်ကူညီရာရောက် ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရောဂါမဖြစ်အောင်ဂရုစိုက်နေလိုက်တာကိုက တိုင်းပြည်ရဲ့ ရောဂါထိန်းချုပ်ရေး လုပ်ငန်းကြီးကို ကူညီသလိုဖြစ်သွားပါတယ်။

တစ်ယောက်စလိုက်တာနဲ့ သူ့ဝန်းကျင်ကလူတွေ၊ သူနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကို သေချာပြန်စောင့်ကြည့်ရတာမို့ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူ၊ ကိုယ်မိသားစုကိုယ် တာဝန်ယူပြီး ရောဂါမကူးအောင်နေပေးတာကိုက တကယ်ကိုထိရောက်တဲ့ ကူညီမှုကြီးဖြစ်သွားပါပြီ။

လုပ်စရာတွေကတော့အများကြီးပါ။ အခု ဓာတ်ခွဲအတည်ပြုလူနာ ၈ ယောက်ရှိသွားပြီဖြစ်တဲ့အတွက် နောက်ထပ်နောက်ထပ်ဘယ်နှယောက် ပေါ်လာဦးမလဲဆိုတာကလည်း ဘယ်သူမှမခန့်မှန်းနိုင်သေးပါဘူး။ ရှေ့ဆက်စရာလုပ်ငန်းစဉ်တွေကလည်း အများကြီးရှိပါသေးတယ်။ အသိမှားအမှတ်မှားတွေမဝင်ဖို့၊ သတင်းမှား ကောလာဟလတွေမပျံ့ဖို့၊ အစွန်းတရားနှစ်ဘက်လုံးကိုမရောက်ကြဖို့၊ ထုတ်ပြန်ညွှန်ကြားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့၊ ညွှန်ကြားလိုက်တဲ့အချက်အလက်တွေကို အကောင်အထည်ဖော်ရာမှာ လိုအပ်တဲ့အခြေခံပစ္စည်းကိရိယာ၊ ဘဏ္ဍာငွေကြေးရရှိဖို့ စသည်အားဖြင့် လုပ်စရာကိစ္စတွေကတော့ အများကြီးရှိပါသေးတယ်။

ဘယ်လောက်လုပ်နိုင်ကြမလဲဆိုတဲ့အပေါ်မူတည်ပြီး ဘယ်လောက်ထိန်းနိုင် သွားမလဲ ဆိုတဲ့အဖြေကို အပြောင်းအလဲရှိနိုင်မှာဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးသား အမေရိကန်ပြည်ထောင်စုတို့၊ အီတလီတို့တောင် ကူးစက်ပျံ့နှံ့မှုကို အထိန်းရခက်သေးရင် ဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့နိုင်ငံတစ်ခုအတွက် အခက်အခဲတွေက အများကြီးရှိနေမယ်ဆိုတာ ပြောဖို့တောင်မလိုတော့ပါဘူး။

ဒီအခက်အခဲတွေကိုလည်း ပြည်သူအားလုံးရဲ့ပူးပေါင်းပါဝင်မှုနည်းလမ်းကလွဲပြီး တစ်ခြားနည်းလမ်း နဲ့ ပြေလည်အောင်ဖြေရှင်းဖို့မဖြစ်နိုင်တဲ့ပါဘူး။ ဒီလုပ်ငန်းစဉ်ကြီးထဲမှာ သူ့ကိုလည်းလိုပါတယ်။ ကိုယ့်ကိုလည်းလိုပါတယ်။ သူရော၊ ကိုယ်ရော၊ ဟိုလူရော၊ ဒီလူရော၊ အားလုံး အားလုံးရဲ့ ပူးပေါင်းပါဝင်မှုတွေလိုအပ်နေတာဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်ကြီးထဲမှာ တစ်ဦးတစ်ယောက်မကျန် ပါဝင်ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်။

ဒီအချိန်က အားလုံးအားလုံး လက်တွဲရမယ့်အချိန်ပါ။ တကယ့်လက်ကိုဆန့်ထုတ်ပြီး လက်ဆွဲနှုတ်ဆက်ရင်း လက်တွဲရမှာတော့မဟုတ်ပါဘူး။ ဒီရောဂါဆိုးကြီးကို တွန်းလှန်ဖို့ဆိုတဲ့ ဘုံရည်မှန်းချက်ကြီးကို အကောင်အထည်ဖော်ရာမှာ အားလုံးရဲ့လက်တွဲညီညီပူးပေါင်းပါဝင်မှုတွေ လိုအပ်နေတဲ့အကြောင်း မီးမောင်းတစ်ချက်ထိုးလိုက်ရခြင်းသာဖြစ်ပါတယ်။

Comments

comments

Next Post

ငြိမ်းချမ်းရေးမှာ အဖြေရှာ - - - - -

Sat May 2 , 2020
ကျွန်တော်တို့က တခါတခါ လက်ရှိနဲ့ အလှမ်းဝေးနေတတ်ပါတယ်။ ဝေးလို့ဝေးမှန်းလည်းမသိ ဖြစ်သွားတာတွေလည်း ရှိပါတယ်။ မရည်ရွယ်ပါပဲလည်းလက်တကမ်းက အလှမ်းဝေးကို မျက်ကွယ်ပြုမိတာတွေ တမင် မတီးခေါက်မိတာတွေရှိပါတယ်။ အဲ့ဒါကတော့ဘာလဲဆိုရင် အားလုံးလိုလားကြတဲ့ ငြိမ်းချမ်းရေးပါပဲ ငြိမ်းချမ်းရေးက ဘယ်လောက်ထိအရေးပါ အရာရောက်လဲဆိုတာ အားလုံးသိမှာပါလို့ ယူဆပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေကိုပဲကြည့်ကြည့် အာရှကိုပဲ မြင်မြင် နိုင်ငံအနေထားနဲ့ပဲဆိုဆို ရပ်ကွက်အလိုက်ပဲပြောပြော ငြိမ်းချမ်းရေးဟာ အသေးစိပ်ကအစ အချီကြီးထိ တွင်တွင်ကျယ်ကျယ်ရှိလှပါတယ်။ ငြိမ်းချမ်းရေးဟာ အပြုံးနဲ့လည်း ဖြစ်လာနိုင်သလို အကောင်းဖက်ဦးတည်သော ဖော်ဆောင်မှုအနေနဲ့လည်း ဖြစ်လာနိုင်သလို ငြိမ်းချမ်းရေးမှသည် ဖွံ့ဖြိုးရေးဆီသို့ဆိုတဲ့ ရှေးရှုနည်းနဲ့ပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆိုတာ ရုပ်လုံးကြွလာနိုင်ပါတယ်။ မိသားစုတစ်ခုမှာတောင် တစ်ယောက်နဲ့တစ်ယောက် အထစ်ငေါ့ဖြစ်တာတွေ အတွေးမှတ်ရန်ငြိုးထားတာတွေ သူတစ်ငါ ငါတစ်မင်းဆိုတဲ့ အယူဆွဲတွေရှိလာတဲ့အခါ(သို့) မဖျောက်ဖျက်နိုင်တာမျိုးတွေရှိလာတဲ့အခါ အဆင်မပြေခြင်းဆိုတာ ဖွဲမီးလို […]