spot_imgspot_imgspot_imgspot_img
Saturday, July 12, 2025
spot_imgspot_imgspot_imgspot_img

လက်လုပ်မိုင်း ကိုင်ဆော့ရာကနေ ၃ဦးထိခိုက်ပြီး ဖခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် ကျေးရွာတရွာမှာ လက်လုပ်မိုင်း ကိုင်ဆော့ရာကနေ ကလေး ၃ဦး ထိခိုက်ပြီး တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

ဒီကနေ့ မတ်လ ၂၂ရက်နေ့ဖြစ်ပွားခဲ့တာပါ။ မိုင်းဖြစ်မှန်းမသိပဲ ကိုင်ဆော့ရာကနေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ရွာပြင်မှာတွေ့တာ မိုင်းက။ ရွာနဲ့ ၃မိုင်ကွာတယ်။ ကလေးတွေ့ပြီးယူပြန်တာ။ ယူလာတာက ကလေး ဖခင်က မိုင်းဖြစ်မှန်း မသိဘဲ ကွမ်းအစ် နဲ့ ပြန်လုပ်မယ်ဆိုပြီး ဆော့ရင်းနဲ့ ဖြစ်သွားတာ။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ပွဲချင်းပြီး သေဆုံးခဲ့သူမှာ အသက် (၃၅)နှစ်အရွယ် ဖခင်ဖြစ်သူ ဦးအေဖရယ် (ခ)ဆိုးဒဲ ဖြစ်ပါတယ်။ သားဖြစ်သူ ၁၀ နှစ်အရွယ်တစ်ဦး နဲ့ ၁၂ နှစ်အရွယ်တစ်ဦး နဲ့ ၅နှစ်အရွယ် သမီးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ခဲ့သူ ၃ဦးအနက် တစ်ဦးမှာ အနည်းငယ်စိုးရိမ်ရတယ်လို့ အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

“ထိခိုက်သူတွေကတော့ ခြေထောက်တွေ လည်ပင်းအနောက်ဘက်ရယ် ပေါင်တွေ ထိတယ်။ တခြားနေရာလည်း ထိခိုက်တာ ရှိသေးတယ်။ လည်ပင်းနောက်ကျောထိတဲ့ တစ်ယောက်က နည်းနည်း စိုးရိမ်ရတယ်။”လို့ သူကဆိုပါတယ်။

အခုလို မိုင်းကြောင့် မတော်တဆ ထိခိုက်မှုဖြစ်ပွားတာဟာ ဘီသူအထက်ရွာမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။ ကွယ်လွန်သွားတဲ့ ဖခင်နာရေးအတွက် အကူအညီနဲ့ ကလေးတွေရဲ့ ဆေးဖိုးဝါးခ အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

spot_img