spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

“လတ်တလော ပျံ့နှံ့မှုများလာတဲ့ HMPV ဗိုင်းရပ်စ်က စိုးရိမ်စရာဖြစ်နေလား”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဟူးမန်းမက်တာနယူမိုဗိုင်းရပ်စ် ( Human metapneumovirus – HMPV ) ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းကနေ အဆုတ်အထိ ကူးစက်ဝင်ရောက်နိုင်တဲ့ ရောဂါတမျိုးဖြစ်ပါတယ်။

ဒီရောဂါပိုးကို ကမ္ဘာက၂၀၀၁ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာတော့၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် က HMPV ဗိုင်းရပ်စ်ပိုးကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ခုခံအားစနစ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာအားနည်းတဲ့ သက်ကြီးပိုင်းအရွယ်နဲ့ အသက် ၅ နှစ်အောက်ကလေးတွေမှာ ကူးစက်နှုန်းပိုများပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဟူးမန်းမက်တာနယူမိုဗိုင်းရပ်စ် ( HMPV ) ရောဂါပိုးဟာ လက်ရှိအချိန်မှာ စိုးရိမ်စရာဖြစ်နေပြီလားဆိုတာ မျှဝေပေးသွားမှာပါ။

ဟူးမန်းမက်တာနယူမိုဗိုင်းရပ်စ် (HMPV) ဆိုတာ ဘာလဲ။

ဟူးမန်းမက်တာနယူမိုဗိုင်းရပ်စ် (HMPV) သည် ဆောင်းရာသီမှာအဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာဗိုင်းရပ်စ်တမျိုးဖြစ်ပါတယ်။ တခြားအအေးမိတဲ့ရောဂါလက္ခဏာတွေလိုပဲ ချောင်းဆိုးတာ၊ ဖျားတာ၊ နှာပိတ်တာ၊ အသက်ရှူကြပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါပေမဲ့ ဟူးမန်းမက်တာနယူမိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါမှာ ရောဂါလက္ခဏာတွေ ပိုခံစားရပြီး၊ လူတဦးမှာ ထပ်ခါထပ်ခါ ပြန်ဖြစ်နိုင်သလို ပထမဆုံး HMPV ရောဂါကူးစက်ခံရတဲ့အခါမှာ ဆိုးရွားစွာ ရောဂါဝေဒနာတွေကို ခံစားရတယ်လို့ သိရပါတယ်။

အဆိုပါ HMPV ဟူးမန်းမက်တာနယူမိုဗိုင်းရပ်စ်ရောဂါ အများစုဟာ သာမန်အအေးမိလိုပဲ အပျော့စားရောဂါ လက္ခဏာများသာဖြစ်ပြီး၊ အချို့ရောဂါလက္ခဏာပြင်းထန်သူတွေမှာ လေပြွန် ရောင်တာ (သို့မဟုတ်) အဆုတ်ရောင်တာတွေဖြစ်ပွားစေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO ) က ထုတ်ထားပါတယ်။

ရောဂါလက္ခဏာပြင်းထန်စွာ ခံစားနေရသူတွေအနေနဲ့ လေပြွန်ရောင်တာ (သို့မဟုတ်) အဆုတ်ရောင်တာတွေ ဖြစ်စေနိုင်ပါသေးတယ်။ ပန်းနာရင်ကြပ်၊ နာတာရှည်အဆုတ်ရောဂါ (COPD) နဲ့ အဆုတ်ရောဂါအခံရှိသူတွေမှာ ရောဂါပြင်းထန်နိုင်ခြေပိုများတယ်လို့ သိရပါတယ်။

ဟူးမန်းမက်တာနယူမိုဗိုင်းရပ်စ်ရောဂါ ဘယ်လိုကူးစက်လဲ။

ရာသီတုပ်ကွေး ဖြစ်ပွားနေသူတဦးကနေ ချောင်းဆိုးတာ (သို့မဟုတ်) နှာချေလိုက်တဲ့အခါ ထွက်လာတဲ့ အမှုန်အမွှား (Droplet) နဲ့အတူ ဗိုင်းရပ်ပိုးတွေဟာ လေထဲကိုပျံ့နှံ့သွားပြီး အနီးဝန်းကျင်မှ ထိုအမှုန်အမွှား (Droplet) တွေကို ရှူရှိူက်မိရာကနေ အများဆုံးကူးစက်နိုင်ပါတယ်။

ဒါတွေအပြင် ရောဂါပိုးရှိတဲ့သူတွေနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ပိုးရှိနေတဲ့ အရာဝတ္ထုများကိုထိမိရာကနေ တဆင့် ကူးစက်ခံရနိုင်ပြီး Covid 19 ဗိုင်းရပ်စ်ပိုးလိုမျိုး ရောဂါကူးစက်ပုံနည်းလမ်းတွေ တူညီတယ်လို့ သိရပါတယ်။

ဟူးမန်းမက်တာနယူမိုဗိုင်းရပ်စ်ရောဂါ ဘယ်လိုကာကွယ်လို့ရလဲ။

HMPV ရောဂါကို ကာကွယ်ရန်အတွက် ပါးစပ်နဲ့ နှာခါင်းစည်း ( Mask) ဝတ်ဆင်တာ၊ မကြာခဏ လက်ဆေးတာနဲ့ တဦးနဲ့တဦးကြား ခပ်ခွာခွာနေထိုင်‌ရမှာ ဖြစ်ပါတယ်။

နေမကောင်းဖြစ်တဲ့အခါ အိမ်မှာ အနားယူပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေဆီကနေ အကြံဉာဏ် ယူသင့်ပါတယ်။

နှာချေ၊ ချောင်းဆိုးတဲ့အခါတိုင်း မိမိနှာခေါင်းနဲ့ ပါးစပ်ကို တစ်ရှူး (သို့မဟုတ်) တံတောင်ဆစ်ကွေးနဲ့ လုံအောင်ပိတ်ပြီးမှာ ချောင်းဆိုးပါ။

လက်ကို ဆပ်ပြာနဲ့ သေချာစွာ ပုံမှန် ဆေးကြောပေးသင့်ပါတယ်။

လက်ရှိတရုတ်နိုင်ငံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေထဲက HMPV ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေပေမယ့် ကပ်ရောဂါအသွင်ကို ရောက်ရှိခြင်းမရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဇန်နဝါရီ ဒုတိယပတ်မှာ ထုတ်ပြန်ထားပါတယ်။

တောတောင်ထဲ အမိုးအကာမပြည်စုံတဲ့ ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာလည်း ဆယ့်နှစ်ရာသီလုံး တုပ်ကွေးရောဂါတွေ ဖြစ်ပွားနေတတ်ပါတယ်။ ဒါကြောင့် လက်ရှိပျံ့နှံ့နေတဲ့ HMPV ဗိုင်းရပ်စ် အပါအဝင်တခြားသော အအေးမိတုပ်ကွေးတွေ မဖြစ်အောင် မိမိကိုယ်မိမိ အထူးဂရုစိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ကိုးကား – World Health Organization Myanmar

spot_img
spot_img
spot_img

Recent posts