ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဆိုမိုဖေဆိုးလေး(ရှားတော) မြို့ပေါ်မှာ ကိုယ်ဝန်သည်မိခင် အရေအတွက် ပိုမိုများပြားလာပြီး မွေးဖွားဖို့ ခက်ခဲနေကြတဲ့ မိခင်တွေအတွက် တခြားသောဝေးလံပြီး ဆေးခန်းရှိတဲ့နေရာကို ပြန်လည် ပို့ဆောင်လွဲပြောင်းပေးကြရတဲ့အချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး မိခင်နဲ့ကလေးတွေအတွက် အသက်အန္တာရာယ်ကို စိုးရိမ်နေရတယ်လို့ သိရပါတယ်။
မွေးဖွားဖို့ခက်ခဲနေတဲ့ မွေးလူနာတချို့ကို ပြန်လည်လွဲပြောင်းဖို့ ပြုလုပ်တဲ့နေရာမှာတော့ ကားတွေ အခက်အခဲ ရှိသလို ၊ မိုးရာသီဖြစ်တာကြောင့် လမ်းခရီးလည်းအခက်အခဲဖြစ်နေတယ်လို့ ဆိုမိုဖေစိုလေး(ရှားတော) မြို့နယ်က ကျန်းမာရေးဝန်ထမ်း တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။
“တချို့ မွေးလူနာတွေဆိုရင် ကျမတို့ လိုအပ်လို့ လွဲပြောင်းရင် ကျမတို့ သွားလာရတဲ့အချိန်က ခက်ခဲတယ်။ ကားတွေလည်း မရှိ။ လမ်းတွေကလည်း ဒီလိုဖြစ်နေတဲ့အခါကျတော့ အထူးသဖြင့် ဒီလို မိုးရာသီဆို ပိုဆိုးတယ်” လို့ အဆိုပါ ကျန်းမာရေးဝန်ထမ်း တာဝန်ရှိသူက ပြောပါတယ်။
လတ်တလောအတွင်းမှာ ဆေးခန်းကို လာရောက်ပြသတဲ့ ကိုယ်ဝန်ဆောင် မိခင် အယောက် (၂၀) ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ မြို့ပေါ်နေရာတခုတည်းသာ ရှိသေးတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ ကျန်းမာရေးကောင်းမွန်အောင် အနီးကပ် စောင့်ရှောက်မှုတွေ ပြုလုပ်ပေးတယ်လို့ လည်း သူက အခုလို ပြောပါတယ်။
“မြို့ပေါ်မှာ ကိုယ်ဝန်ဆောင်တာတွေ များလာတယ်။ အသစ်တွေကော အဟောင်းတွေကော တစ်လတစ်ကြိမ် ရက်ချိန်းတွေနဲ့ ပုံမှန်ကြည့်ပေးတယ်။ ကိုယ်ဝန်လာအပ်တယ်။ ပြီးရင် မွေးခါနီးဆိုရင် ကျမတို့ နှစ်ပတ်ခြား တစ်ခါ ကြည့်ပေးတယ်။ ကိုယ်ဝန်ဆောင်တွေရဲ့ စောင့်ရှောက်မှုတွေ ကို အမြဲတစေ လုပ်ဆောင်ပေးနေပါတယ်။” လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလ နောက်ဆုံးပတ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးနိုင်ခဲ့တာကြောင့် မွေးမိခင်တစ်ဦးရဲ့ ရင်သွေးလေး အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး မြို့နယ် ( ရှားတော) မြို့နယ် ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အပြီးတိုင် ထိန်းချုပ်ထားနိုင်ခဲ့တာဟာ အခုဆိုရင် တစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒေသခံပြည်သူအပါအဝင် စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် ဆေးပညာဆိုင်ရာ သိကျွမ်းနားလည်တဲ့ ဆရာဝန်တွေ ၊ လုံလောက်တဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။