ကန္တာရဝတီတိုင်း( မ် )
ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းမှာ ပအိုဝ့်ပြည်သူ့စစ် ( PNO )နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးတွေနဲ့ ကျေးရွာအတွင်းကို ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ စစ်ကြောင်းထိုးမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖယ်ခုံအရှေ့ဖက်ကမ်းက လွယ်ပေါကျေးရွာအုပ်စုအတွင်းက ကျေးရွာ ( ၉ ) ရွာ အပါအဝင် အခြားအနီးအနားက ကျေးရွာခံတွေဟာ သူတို့ရဲ့ လယ်ယာခင်းတွေ ပြောင်းခင်းတွေနဲ့ ခြံထွက် သီးနှံ ဧကပေါင်း (၁၀၀၀၀) ကျော်ကို ချန်ထားခဲ့ကာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။ စားဝတ်နေရေးအတွက် အားထားရတဲ့ လယ်ယာစိုက်ခင်း၊ ခြံထွက်သီးနှံတွေကို ချန်ထားရကာ တိမ်းရှောင်နေရတဲ့ ဒေသခံတွေရဲ့ စကားသံတချို့ကို တင်ဆက်ထားပါတယ်။
ဦးတင်ထွေး (ဒေသခံတစ်ဦး)
“ပြည်သူတွေလည်း တစ်နှစ်ပြီးတစ်နှစ် ဒုက္ခရောက်နေတာတွေ။ မရှိတဲ့ဟာတွေ ရင်းပြီးတော့ ကုန်ထုတ်နှုန်းတွေကလဲ မကောင်း ကုန်ဈေးနှုန်းတွေကလဲ ကြီးတဲ့ကြားကနေပြီးတော့ ဒီနှစ်လဲ စိုက်ပျိုး ရုန်းကန်ထားကြတယ်။စိုက်ပျိုးထားတဲ့ဟာ လဲ ဒီနှစ်မှာ မအောင်မြင်ဘူး။မရှိဘူး။သိမ်းဆည်း(ရိတ်သိမ်းမှု)လဲ မရဘူးဆိုရင်တော့ ပြည်သူတွေအတော်လေး ဒုက္ခရောက်ကြတော့မှာပေါ့။အခု စိုက်ထားတဲ့သူတွေလဲ စိုက်ထား မြှုပ်နှံထားတဲ့ သီးနှံ၊စိုက်ခင်းတွေလဲ မနည်းဘူးပေါ့နော်။ထွက်ပြေးရတဲ့ အကြောင်းကလဲ စစ်မျက်နှာပြင်က ဒီဖက်ရှိနေတဲ့အတွက် ကြောင့်မို့ပြည်သူတွေလဲ မနေရဲတော့ ခြံတွေလဲ ဒီတိုင်းပစ်ခဲ့ရတယ်ပေါ့နော်။အမှန်တော့ ပစ်တော့ မပစ်ချင်ပါဘူး။ ရွာထဲမှာတော့ နေချင်တယ်။အတတ်နိုင်ဆုံး ဖြစ်နိုင်ရင်တော့ ကိုယ်စိုက်ပျိုးထားတဲ့ ကိုယ့်ခြံ၊ ကိုယ့်လယ်လေးကိုပဲ အသီးထွက်တဲ့ထိ စားရတဲ့ထိ ပြန်ပြီး စောင့်ရှောက်ချင်တယ်ပေါ့နော်”
ဦးမီ (ဒေသခံတစ်ဦး)
“ခံစားချက်တော့ အများကြီး ရှိတာပေါ့။ ဝမ်းနည်းစရာလည်း ကောင်းတယ်ပေါ့။ဘာဖြစ်လို့လဲ ဆိုတော့ ဒါက (စိုက်ခင်း၊စပါးခင်း)မရှိမဲ့ ရှိမဲ့ နဲ့ ဒီပြောင်းမျိုးတို့ မြေဩဇာတို့ တောင်သူဆိုတာ သိတဲ့အတိုင်းပဲလေ စိုက်ပျိုးခါနီးမှ ဒီပွဲစားတွေနားမှာ တချို့ကလဲ အသစ်ယူ အဟောင်းပေး အဲ့လိုမျိုးပေါ့နော်။အခုက ပွဲစားနားယူပြီးတော့ ကိုယ့်မြေမှာ စိုက်ပျိုထားပြီဆိုမှ အခုလို ရွာကနေ စစ်ဘေးရှောင်သွားရတော့ လူတိုင်းက ခံစားချက်တော့ တအားပြင်းထန်တယ်ပေါ့နော်။ဝမ်းနည်းစရာလဲကောင်းတယ်။ဒီစိုက်ထားတဲ့တောင်ယာတွေ ပြန်ပြီးတော့ မပြုစုနိုင်ဘူး လက်လွှတ်ဆုံးရှုံးရတယ်ဆိုရင် ရှေ့ဆက်အနာဂတ် စာသောက်ရေးမှာ တအားထိခိုက်သွားမယ်။ငတ်မွတ်ခေါင်းပါးထိဖြစ်ရင်လဲ ဖြစ်နိုင်တယ်ပါ့နော်”
ဦးမောင်အောင်နိုင် ( ဒေသခံတစ်ဦး )
“ဦးလေးတို့မှာ စိုက်ရတာလဲရှိတယ်။မစိုက်ရတာလဲ ရှိတယ်(စိုက်ပျိုးရန် ထွန်ယက်ထားတုန်း)။အဲ့ဒါ ဒီလိုထွက်ပြေးတိမ်းရှောင်နေတဲ့ပြည်သူတွေ အားလုံးလဲ တွေ့ရတာ တအားဝမ်းနည်းဖို့ကောင်းတယ်။ကြည့်လဲ မကြည့်ချင်ဘူး။တချို့ဆိုလဲ မိုးရွာရွာနဲ့ ညကြီး ရှောင်ရတယ်လေ အခက်ခဲတွေ အမျိုးမျိုးကြုံရတယ်ပေါ့။တောင်သူတွေလဲ ခြံမှာစိုက်ထားတာလဲ မပြီးဆုံးတာလဲရှိတယ်။တချို့ပြီးတာလဲရှိတယ်ပေါ့နော်။တချို့ကျတော့ မပြီးပဲနဲ့ ဒီတိုင်း ပစ်ထားတယ်ပေါ့။လယ်တွေက ကမ်းစပ်တွေနဲ့လဲ နီးတယ်လေ တချို့က အင်းနဲ့လဲ နီးတော့ လူတွေမရှိတော့ တိမ်းရှောင်နေကြရတော့ ရေတက်လာရင် အကုန်မြုပ်ကုန်မယ်လေ လယ်တွေက။ရေမြုပ်ပြီးမှ ကိုယ့်အတွက် စားနပ်ရိက္ခာ မရှိတော့ ဘူးပေါ့။ ဆုံးရှုံးမှုတွေ အများကြီးရှိနိုင်တယ်”
ဦးသန့်ဇော်ဦး ( ဒေသခံတစ်ဦး )
“စိုးရိမ်ပူပန်တွေတော့ရှိတာပေါ့။ကိုယ်စိုက်ထားပြီးတော့ ကိုယ်ပြန်မသိမ်းရမှာကိုတော့ စိုးရိမ်တာပေါ့။ရွာကလူတိုင်ပဲပေါ့။ခြံပိုင်ရှင်မှန်သမျှတော့ စိုက်ထားပြီး ပြန်မသိမ်းရရင် သူတို့ဆုံးရှုံးမှာက မတရားလေ။ဒီနှစ်ဆိုရင် မနှစ်ကနဲ့မတူဘူး ပြောင်းဈေး၊မြေဩဇာဈေး ဓာတ်ဆီဈေးကလဲ အတော်ဈေးကြီးတယ်လေ”