spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

“လာမယ့်မိုးတွင်းအမီ အမိုးလုံဖို့ ကြိုးစားကြတဲ့ နယ်စပ်က စစ်ရှောင်များ”

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

စစ်ရှောင်စခန်းတခုရဲ့ တဲငယ်လေး တလုံးထဲမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး မော်ဖိုးမို တယောက် စိတ်ရှည်လက်ရှည်နဲ့ ဖက်ရွက်တွေ ထိုင်ပြီး ချုပ်နေပါတယ်။

“အိမ်အမိုးက မကောင်းတော့ဘူး။ မိုးကာကလည်း နောက်ပိုင်းကျရင် မထုတ်ပေးနိုင်တော့ဘူး။ အဲ့လိုကြားတော့ စိုးရိမ်တယ်လေ။ အဲတာကြောင့် မလုပ်တတ်လုပ်တတ်နဲ့ ဖက်ရွက်နဲ့မိုးနိုင်ဖို့ ကြိုစားနေတာ” လို့ မော်ဖိုးမိုက ပြောပါတယ်။

မော်ဖိုးမိုဟာ သား နှစ်ယောက်နဲ့ အတူ တဲအိမ်လေးမှာ နေထိုင်နေကြတာပါ။ တဲအိမ်မှာ မိုးထားတဲ့ မိုးကာကတော့ အတော်လေးကို ဟောင်းနွမ်းဆွေးမြေ့နေပါပြီ။ ဒါ့ကြောင့်လည်း မိုးကာအစားဖက်ရွက်နဲ့ အမိုးပြုလုပ်နိုင်ဖို့ မော်ဖိုးမိုကြိုးစားနေတာပါ။

မော်ဖိုးမို တို့နေထိုင်တဲ့ စစ်ရှောင်စခန်းက တဲအိမ်တွေအတွက် အမိုး မိုးမယ့် မိုးကာ တွေကို အလှူရှင်တွေက ထောက်ပံ့ပေးခဲ့တာပါ။ ဒါပေမဲ့လည်း စစ်ရှောင်ကာလတွေကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ဦးရေတွေများလာသလို အလှူရှင်တွေကလည်း ထောက်ပံ့ပေးနိုင်မှုတွေနည်းလာပါပြီ။

ဒါကြောင့်ပဲ ခုချိန်ကစပြီးဆွေးမြေ့နေတဲ့ မိုးကာကို အစားထိုးနိုင်ဖို့ မော်ဖိုးမိုတို့ တပိုင်တနိုင် ဖက်ရွက်ကောက်ပြီး အမိုးမိုးဖို့ ပြင်ဆင်နေကြရပါပြီ။

နံနက်မိုးသောက် အရုဏ်မတက်ခင်ကတည်းက အိပ်ယာက ထပြီး ဖက်ရွက်တွေကို ထည့်မယ့် ပလိုင်းရှည်ကြီး ရွက်ကာ မမြင်မစမ်းနဲ့ မှောင်မှောင်မဲမဲ တောထဲကို ဖက်ရွက်ကောက်ဖို့ ထွက်ခွာလာကြရပါတယ်။

အမျိုးသမီးဖြစ်သလို ခန္ဓာကိုယ်က သေးသေးသွယ်သွယ်နဲ့မို့ ပလိုင်းရှည်ကြီး ရွက်ပြီး တောင်တက်တောင်ဆင်း လုပ်ရတာ သူ့အတွက်တော့ မလွယ်ကူလှပါဘူး။ ဒါ့အပြင် ဖက်ရွက်တွေက တောင်စောင်းတွေမှာပဲ ကြွေကျနေတာတွေများတာမို့ သွားကောက်ဖို့ ခက်ပါတယ်။

မတ်စောက်လွန်းတဲ့ တောင်စောင်းတွေမှာ ကျောက်ခဲတုံး သေးသေးလေးတွေကလည်း အလွန်များတာကြောင့် ခြေချော်ပြီး ပြုတ်ကျနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

ဒီလိုနေရာတွေကို သွားဖို့ ဆိုရင် တောင်တက်ဖိနပ်တွေ ဒါမှမဟုတ် တောတွင်းစီး ဘွတ်ဖိနပ်တွေ စီးပြီးဂရုတစိုက် သွားလာရမှာပါ။ ဒါပေမဲ့လည်း စစ်ရှောင်ဖြစ်နေတဲ့ မော်ဖိုးမိုမှာ ရွေးချယ်စရာမရှိပါဘူး။ ရှိနေတဲ့ ညှပ်ဖိနပ်လေးနဲ့ပဲ ဖက်ရွက်ကောက်ဖို့ စီးနင်းသွားရတာပါ။

“အရမ်းချော်တယ်။ တောင်စောင်းတွေမှာ ကောက်ရတော့လေ။ ဖိနပ်လေး သေချာစီးပြီးမှ သွားရဆင်ပြေတာ။ အခုက ဖိနပ် လည်းမရှိတော့ ညှပ်ဖိနပ်လေးနဲ့ပဲသွားတော့ ဘယ်အချိန်ချော်ကျမလဲ စိုးရိမ်နေရတယ်။ တမနက်ဆို ကောက်နေကျသူတွေတော့ အများကြီးရတယ်။ ကျမက တော့ တခါမှ မကောက်ဖူးသေးတော့ နဲနဲပဲ ရတယ်” လို့ မော်ဖိုးမိုက ပြောပါတယ်။

မော်ဖိုးမိုဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၃ မတ်လပိုင်းမှာ နယ်စပ် စစ်ရှောင်စခန်းတနေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သူနေထိုင်ခဲ့တဲ့ ဒီးမော့ဆို မြို့လေးထဲက ကျေးရွာမှာတုန်းကတော့ ဖက်ရွက်ကောက်တာမျိုး လုံးဝ မလုပ်ခဲ့ဖူးပါဘူး။ နယ်စပ် စစ်ရှောင်စခန်း တနေရာကို ရောက်မှသာ ဖက်ရွက်ကောက်ဖူးတာ ဖြစ်ပါတယ်။

ဖက်ရွက်ကောက်တာ သူ့အတွက် ပထမဆုံး အကြိမ်ဖြစ်လို့ ခက်ခဲပင်ပန်းလွန်းတဲ့အပြင် ဖက်ရွက်ကို ပြန်လည် ချုပ်တဲ့နေရာမှာလည်း သူ့အတွက် ထင်သလောက် မလွယ်ကူခဲ့ပါဘူး။

မော်ဖိုးမိုလိုပဲ အိမ်ခေါင်မိုးအတွက် ဖက်ရွက်ကောက်နေရတဲ့ အထဲမှာ အသက် ၄၅ နှစ်အရွက် မော်ငါးမြာလည်းပါဝင်ပါတယ်။ မော်ငါးမြာကတော့ သူမရဲ့ အိမ်အမိုး မိုးဖို့ အတွက်တင်မကဘဲ ဖက်ရွက်တွေကို ရောင်းချနိုင်ဖို့ အတွက်ပါကောက်ယူနေသူပါ။

စစ်ရှောင်ရင်း ဝင်ငွေမရှိတဲ့ သူ့အတွက် ဖက်ရွက်ကို ကောက်ပြီး ပြန်လည်ရောင်းချလို့ ရတဲ့အကြောင်း စစ်ရှောင်စခန်းရဲ့ ရပ်ကွက်မှူးဆီကနေတဆင့် သိခဲ့ရလို့ပဲ ဖြစ်ပါတယ်။

မော်ငါးမြာမှာတော့ နယ်စပ်စစ်ရှောင်စခန်းမှာ သမီးလေး သုံးယောက်နဲ့ အတူနေထိုင်နေတာပါ။ ယောက်ျားသား မရှိတဲ့ သူ့အတွက် ဖက်ရွက်တွေကို ချုပ်ဖို့ ဝါးတွေ ခုတ်ယူရတဲ့ နေရာမှအခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

“ဖက်ရွက်တွေ စျေးကောင်းတယ်ဆိုလို့ လိုက်ကောက်တယ်။ စခန်းထဲက ဝယ်တဲ့စျေးတိုင်း ဝယ်ပေးမယ်လို့ ရပ်ကွက်မှူးကလာပြောတယ်။ အဲ့တာကြောင့်ကြိုးစားပြီးတော့ ဖက်ရွက်တွေ သွားကောက်တယ်။ နှီးတွေလုပ်တယ်။ ဝါးတွေသွားခုတ်လာပြီးတော့ သူများတွေ သွားခုတ်လာပေးရင်တော့ နှီးတွေလုပ်တာတော့ လုပ်တတ်တယ်လေ။ ဝါးသွားခုတ်တဲ့ အချိန်ဘဲ ခုတ်ရမှာ နည်းနည်းတော့ကြောက်တယ်” လို့ မော်ငါးမြာက ပြောပါတယ်။

ဖက်ရွက်ကို အမိုးအတွက် ချုပ်လုပ်ရာမှာ အစိမ်းသက်သက် ဖြစ်နေတဲ့ သူတို့အတွက် ကနဦးစတင်ချိန်ဟာ အင်မတန်ခက်ခဲတယ်လို့ ဆိုပါတယ်။ ဖက်ရွက်ချုပ်လုပ်နေကျ သူတွေနားကနေတဆင့် မျက်စိနဲ့ကြည့်ကာ သင်ယူပြီး ကိုယ်တိုင်ပြန်အသုံးချတာပဲ ဖြစ်ပါတယ်။

မော်ငါးမြာနဲ့ မော်ဖိုးမို တို့ နေထိုင်တဲ့ စစ်ရှောင်စခန်းမှာ အုပ်ချုပ်ရေးမှူးတွေက ယခုနှစ်အတွက် အမိုးအကာ ထပ်မပေးနိုင်တော့မှာကို စိုးရိမ်တဲ့ အကြောင်းပြောပြလာပါတယ်။

နွေဦးကာလမှာ လေပြင်းတွေတိုက်ခတ်တတ်တာကြောင့် စစ်ရှောင်စခန်းက တဲငယ်လေးတွေရဲ့ အမိုးပါသွားမှာကို စိုးရိမ်နေရတဲ့အပြင် နွေအကုန် မိုးအကူးရောက်ပြန်ရင်လည်း မိုးမလုံမှာကို စစ်ရှောင်တွေက စိုးရိမ်နေကြပါပြီ။

ဒါကြောင့်လည်း မိုးတွင်းအမီ တတ်နိုင်သမျှ ကြိုးစားပြီး ဖက်ရွက်ကောက်ကာ တဲအိမ်ငယ်လေးကို အမိုး မိုးနိုင်ဖို့ ကြိုးစားနေကြရပါတယ်။ သို့ပေမဲ့လည်း ဖက်ရွက်ဟာ အားလုံးအတွက် လုံလောက်တဲ့ အမိုး ပေးနိုင်မယ့် အနေအထားတော့ ရှိမနေပြန်ပါဘူး။ တချို့သော တတ်နိုင်သူတွေက မိုးကာဝယ်ပြီး အိမ်အမိုးကို ပြန်လည်ပြုပြင်ကြပါတယ်။

မော်ဖိုးမိုနဲ့ မော်ငါးမြာတို့ နေထိုင်ကြတဲ့ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၄၀၀ နီးပါးရှိပြီး သူတို့လိုမျိုး မိုးကာအစား ဖက်ရွက်ကို အစားထိုးဖို့ ကြိုးစားနေကြတဲ့ စစ်ရှောင်တွေ များစွာ ရှိနေပါတယ်။ တချို့တွေမှာတော့လည်း တနိုင်တပိုင် ပြန်လည် ရောင်းချကြပြီး ဖက်ရွက် အချပ်တရာ ကို ထိုင်းဘတ်ငွေ ၃၅၀ ဝန်းကျင် ပေါက် စျေးရှိတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts