ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် )ထဲက ပွန်ချောင်းကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလမှာတုန်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနစ်မြုပ် ပျက်စီးသွားခဲ့ရတဲ့ စာသင်ကျောင်းကို လာမည့်စာသင်နှစ်အမီ ဖွင့်လှစ်နိုင်ဖို့ ဒေသခံတွေက လိုလားနေပါတယ်။ လက်ရှိမှာတော့ ရေကြီးမှုကြောင့် စာသင်ကျောင်းအတွင်း တင်ကျန်နေခဲ့တဲ့ နှုန်းမြေတွေကို ရှင်းလင်းဖို့နဲ့ ကျောင်းဆောင်ကို ပြန်လည်ပြုပြင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
“အိမ်သာတွေ ဘာတွေ ပြန်ဆောက်ဖို့ ဆိုတာက စောင့်ရဦးမယ်။ အရင်ကလို အကောင်းကြီးတော့ မရနိုင်တော့ဘူးပေါ့။ နောက် ကျောင်းခန်းတွေ အများကြီး ရှင်းဖို့လိုတယ်။ လိုတဲ့အခါကျတော့ လုပ်အားပေးပဲ ခဏခဏ အပတ်စဉ်တိုင်းခေါ်တယ်။ ခေါ်တဲ့အခါကျတော့ သေချာတယ် ဒီစိုက်ပျိုးရာသီနီးလာရင် လုပ်အားပေးလည်း ခေါ်နိုင်မှာ မဟုတ်တော့ဘူး။” လို့ ပွန်ချောင်းကျေးရွာ ဥက္ကဌ က ပြောပါတယ်။
ယခင် ရေကြီးမှုကြောင့် ပွန်ချောင်းကျေးရွာက စာသင်ကျောင်းအပြင်၊ ဆေးခန်းလည်း ပျက်စီးခဲ့တဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀ ကျော် ရေထဲမျှောပါသွားခဲ့ပါတယ်။ စိုက်ပျိုးသီးနှံတွေလည်း ပျက်စီး ဆုံးရှုံးတာကြုံတွေ့ရတာကြောင့် မိသားစုတချို့ကတော့ အခုချိန်မှာ စားဝတ်နေရေးအတွက် ကိုယ်စီ ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။
အခုလိုဝမ်းစာအတွက် ကိုယ်စီ ခက်ခဲနေကြတဲ့အချိန်မှာ ကျောင်းကို ပြန်လည် ပြုပြင်ဖို့ ဒေသခံတွေ အခက်အခဲ ဖြစ်နေကြတာပါ။
အဆိုပါ ကျေးရွာမှာ အိမ်ခြေ ၆၀ ကျော် ရှိပြီး စာသင်ကျောင်းကို KG တန်းကနေ ၄ တန်းအထိ ဖွင့်လှစ်သင်ကြားနေတာပါ။ ပြီးခဲ့တဲ့ စာသင်နှစ်မှာတော့ ကျောင်းသား ကျောင်းသူ ၄၀ ဦးကို ဆရာ၊ ဆရာမ သုံးဦးနဲ့ သင်ကြားပေးခဲ့ပါတယ်။