ကန္တာရဝတီတိုင်း ( မ် )
ကိုကွေရွာဟာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေါလာစောကျေးရွာအုပ်စုအတွင်းမှာ တည်ရှိပြီး ဝေးလံခေါင်ဖျားတဲ့ဒေသတခုဖြစ်ပါတယ်။ နေရာဒေသအရ လူသူအရောက်အပေါက်နည်းတယ်လို့ ဆိုနိုင်သလို စစ်ကောင်စီတပ်တွေ မရောက်နိုင်တဲ့ဒေသဖြစ်တာကြောင့်လည်း တနည်းအားဖြင့် အေးချမ်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း အေးချမ်းနေတဲ့ဒေသကို သဘာဝဘေးကတော့ အလွတ်မပေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကိုကွေကျေးရွာမှာ မြေပြိုမှုနဲ့အတူ မြေကြီးကွဲအက်လာတဲ့အတွက် ရွာခံတွေ ရွာလုံးကျွတ် ရွေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။
မြေပြိုမှုကြောင့် ကိုကွေကျေးရွာဟောင်းမှာတော့ မြေကြီး ၃ ပေခန့် ကွဲအက်လာခဲ့ပါတယ်။ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားတဲ့ ရွာလယ်လမ်းက မြေကြီးကွဲအက်တာ၊ မြေပြိုမှုအပိုင်းအစတွေသာ ကျန်ရစ်ပါတော့တယ်။
ဒေသခံတွေကတော့ နောက်တကြိမ် မိုးသည်းထန်လာခဲ့ရင် မြေကြီးကွဲအက်ပြီး မြေပြိုမှုတွေ ထပ်ဖြစ်လာနိုင်တာကြောင့် လုံခြုံရေးအရ တပတ်အတွင်း ရွာလုံးကျွတ် ရွေ့ပြောင်းခဲ့ရတာပါ။
အခုတော့ ရွာဟောင်းမှာ လူတွေမနေတော့သလို အိမ်ဟောင်းတွေလည်းမရှိတော့ပါဘူး။ ရွာဟောင်းက နေအိမ်ကို ဖြုတ်ယူပြီး ရွာသစ်မှာ အသစ်တဖန် အိမ်ပြန်တည်ဆောက်ကြတာဖြစ်လို့ ရွာဟောင်းမှာ နေအိမ်တလုံးမှ မရှိတော့ပါဘူး။
အဲ့ဒီကျေးရွာမှာ ကျေးရွာခံတွေနဲ့အတူ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဒေသတွင်းတိုက်ပွဲတွေကြားမှ တိမ်းရှောင်လာကြတဲ ဖရူဆိုမြို့ပေါ် ရပ်ကွက်က စစ်ဘေးရှောင်တွေလည်း လာရောက်ပြီး စုပေါင်းနေထိုင်ကြတာပါ။
မြေပြိုမှုဖြစ်ပွားအပြီး ကျေးရွာခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ ရွာပြင်မှာ ယာယီတဲဆောက်လုပ်ပြီး နေထိုင်ကြပါတယ်။ ပွင့်လင်းရာသီအမီ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ အားခဲထားကြပေမဲ့ အချိန် ၉ လကြာတဲ့အထိ မဆောင်ရွက်နိုင်သေးဘဲ အကူအညီများစွာ လိုအပ်နေပါသေးတယ်။
ယခင်ကျေးရွာရဲ့ ရွာထိပ်နေရာမှာပဲ လက်ရှိ ကိုကွေရွာသစ်ကို ပြန်လည်တည်ထားပြီး ထူထောင်ရေးတွေ လုပ်ဆောင်နေကြပေမဲ့ အိမ်တိုင်းစေ့ကတော့ နေအိမ်ကို ဆောက်လုပ်နိုင်ခြင်းမရှိသေးပါဘူး။
ကိုကွေကျေးရွာဟောင်းမှာတုန်းကတော့မှာ ကျေးရွာခံ နေအိမ် ( ၁၇ ) လုံး ၊ စစ်ဘေးရှောင် အိမ် ( ၁၉ ) အိမ် ၊ လူဦးရေ စုစုပေါင်း ၂၀၀ ကျော် ရှိပြီး လက်ရှိအချိန်ထိ ယခင် နေအိမ်စာရင်းရဲ့ ထက်ဝက်ကိုသာ လုပ်ဆောက်နိုင်သေးတာပါ။
“ ဖြုတ်ထားတဲ့ အိမ်အဟောင်းတွေဆိုတာကလည်း လုံးဝကိုအဆင်မပြေတော့ဘူး၊ ကျိုးသွားတာရှိတယ်၊ ပျက်သွားတာရှိတယ်။ အမိုးဆိုရင်လည်း အကုန်လုံးအပေါက်တွေပဲ၊ အဲ့ဒီအဟောင်းနဲ့ပဲ ပြန်ဆောက်နေတာ ရာခိုင်နှုန်း တဝက်လောက်ရှိတယ်။ အဲ့ဒါ အဆင်မပြေဘူး။”လို့ ကိုကွေကျေးရွာ ဥက္ကဌ အီဇားကိုနေဝင်းက ပြောပါတယ်။

ပြန်လည်ထူထောင်ရေးမှာ အဓိက ကျတဲ့ နေအိမ် ဆောက်လုပ်မှုအခြေအနေ
ဒေသခံတွေဟာ တောင်ယာလုပ်ငန်းတခုတည်းကိုသာ ဝမ်းရေးအတွက် စိုက်ပျိုးလုပ်ကိုင်ကြပြီး တခြားဝင်ငွေရ အလုပ်အကိုင်မရှိတာကြောင့် နေအိမ်တလုံးဆောက်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့ ငွေကြေးမတတ်နိုင်ကြတာ အများစုဖြစ်ပါတယ်။
မြေပြိုမှုအပြီး အလှူရှင်အဖွဲ့အစည်းတွေက သွပ်၊ အမိုးအကာ၊ အသုံးအဆောင်ပစ္စည်းတွေ လာရောက်လှူဒါန်းကြပေမဲ့ လိုအပ်ချက်က များပြားနေဆဲဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။
အထူးသဖြင့် မုဆိုးမ၊ သက်ကြီးရွယ်အို၊ မသန်စွမ်းတွေ ရှိတဲ့ မိသားစုဆိုရင် နေအိမ်ဆောက်လုပ်ဖို့ အကူအညီပိုလိုအပ်နေတာပါ။
“ ရွာအတွက် အဓိက ပြောချင်တာက မလုပ်နိုင်၊ မကိုင်နိုင်တဲ့သူ မုဆိုးဖို၊ မုဆိုးမတွေရှိတယ်၊ သက်ကြီးရွယ်အိုတွေရှိတယ်၊ မသန်စွမ်းတွေရှိတယ်။ အဲ့ဒီအတွက် စီစဉ်ပေးနိုင်ရင် ကောင်းမယ်။”လို့ ကိုကွေကျေးရွာ ဥက္ကဌ အီဇားကိုနေဝင်းက ပြောပါတယ်။
ဒေသခံနဲ့ စစ်ရှောင်တွေဟာ မိမိတို့ နေအိမ်ကို ဆောက်လုပ်ဖို့ အပြင် ရွာသစ်တည်တဲ့ အခါလိုအပ်တဲ့ မြေနေရာတွေကို ပြင်ဆင်တာ၊ စာသင်ကျောင်း၊ ခန်းမဆောင်တွေ ဆောက်လုပ်ဖို့အတွက်ကိုလည်း လုပ်အားပေးပါဝင်ရတာကြောင့် နောက်နှေးကြန့်ကြာနေတာလည်းဖြစ်တယ်လို့ ကိုကွေကျေးရွာက ဓမ္မ ဆရာ ဂျော်နီဂျော့က အခုလို ပြောပါတယ်။
“အကူအညီလည်းမရဘူးဆိုရင်တော့ ဘားမှလုပ်လို့မရဘူးပေါ့။ အရေးထဲက အလုပ်လည်းများတယ်ပြောရမှာပေါ့ ဘုရားကျောင်းလည်းဆောက်ရမယ်။ စာသင်ကျောင်းလည်း ဆောက်ရမယ်။ ခန်းမဆောင်ကော အကုန်လုံးဆောက်ရမှာ အခုထိ တလုံးမှ မဆောက်ရသေးဘူးလေ။ လုပ်အားပေးပဲ ရက်တိုင်းလုပ်လိုက်တော့ ကိုယ့်ရဲ့မိသားစုရဲ့ စားနပ်ရိက္ခာ၊ မိသားစုရဲ့ အလုပ်အကိုင်လုပ်ဖို့ အချိန်မရှိတော့ဘူးလေ။”လို့ သူက ပြောဆိုထားပါတယ်။
အတည်တကျ နေထိုင်နိုင်ဖို့ နေအိမ်ဆောက်လုပ်ဖို့ကလည်း အကူအညီများစွာ လိုအပ်နေသေးတာကြောင့် ကျေးရွာခံနဲ့ စစ်ဘေးရှောင်တွေကနေ စုပေါင်း အကူအညီတောင်းခံထားကြပါတယ်။
ဝမ်းရေးအတွက် အဓိက ကျတဲ့ တောင်ယာကို အချိန်မပေးနိုင်
“ ဒီနှစ်တော့ တောင်ယာမရှိတော့ဘူး ဆိုတာထက် မအားတာပေါ့။ ဘာလို့လဲဆိုတော့ အိမ်ဆောက်လိုက်၊ စပါးကျီလုပ်လိုက်နဲ့ ပြီးတော့ ရက်တိုင်းလည်း လုပ်အားပေးခေါ်တာနဲ့ ရေသွယ်ရတဲ့ ကိစွတွေနဲ့ ရှုပ်နေတော့ တောင်ယာမလုပ်ဖြစ်ရတာပေါ့။”လို့ ပြောလာသူကတော့ ဖရူဆိုမြို့ပေါ်ရပ်ကွက် ဒီးဒါးကူးရပ်ကွက်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
မိုးရာသီဖြစ်တာကြောင့် အမိုးအကာ လုံလုံခြုံခြုံ အောက်မှာ အိပ်စက်နိုင်ဖို့ နေအိမ်ကို ဦးစားပေး ဆောက်လုပ်နေရတာကြောင့်လည်း တောင်ယာလုပ်ကိုင်ဖို့ အချိန်မပေးနိုင်တော့တဲ့ မိသားစုက များတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် မြေပြိုလို့ ကျေးရွာကို ရွေ့ပြောင်းကြတဲ့အချိန်ကစလို့ ကျေးရွာခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ တောင်ယာကို အချိန်ပေးပြီး မသွားနိုင်တော့ပါဘူး။ ကျေးရွာဟောင်းက ပစ္စည်းတွေကို ရွေ့ပြောင်းသယ်ယူရတာ၊ အိမ်ဖြုတ်ရတာ၊ နေအိမ်အသစ်ဆောက်လုပ်ရတာ၊ ကျေးရွာသစ်အတွက် လုပ်အားပေးလုပ်ရတာ စတာတွေကြောင့် တောင်ယာကို ဦးစားပေးမလုပ်နိုင်တော့တာပါ။
ယခုနှစ်အတွက် တောင်ယာလုပ်ငန်းကိုလုပ်ကိုင်နေသူတချို့ကလည်း အရင်နှစ်ရဲ့ ထက်ဝက်လောက်သာ စိုက်ပျိုးနိုင်ကြပါတယ်။
စပါးပင်ကို ပေါင်းမရှင်းနိုင်တာကြောင့်လည်း တချို့စပါးပင်တွေမသန်တာ၊ သေတာ ဖြစ်တာကြောင့် စားဝတ်နေရေးခက်ခဲကြမှာကိုလည်း တဖက်မှာ စိုးရိမ်ပူပန်နေကြရပါတယ်။
“တအိမ် နည်းနည်းစီ အမျိုးဆံ(သီးနှံမျိုးစေ့၊မျိုးဆံ) အတွက်လောက်ပဲပေါ့။ အမျိုးတွေလည်း အခြေအနေ သိပ်မကောင်းဘူး၊ မိုးက မကောင်းရင် မတည့်တော့ဘူးလေ စပါးက အဲ့လိုရှိတယ်။ ခုတ်ထားတဲ့ စပါးအမျိုးမအောင်လို့ရှိရင် ကျနော်တို့ အများကြီးရှုံးသွားပြီပေါ့။ စားစရာအတွက် ခက်ခဲသွားပြီပေါ့။” လို့ ဒေသခံတဦးက ပြောပါတယ်။
အဓိက စိန်ခေါ်ချက် ၊ အခက်အခဲ
ကိုကွေရွာသစ် တည်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးကောင်စီကို ဒေသခံတွေက တင်ပြတောင်းဆိုထားတာရှိပါတယ်။
သက်ဆိုင်ရာအုပ်ချုပ်ရေးကောင်စီအနေနဲ့ကတော့ မြေနေရာ ညှိပေးတာ၊ ပစ္စည်းသယ်ယူရေးမှာ ကူညီပေးတာတွေရှိနေပေမဲ့ ငွေကြေးအခက်အခဲကြောင့် အကန့်အသတ်နဲ့ သာ ကူညီနေရပါတယ်။
“ နံပါတ်တစ် လိုအပ်ချက်ကတော့ ငွေရေးကြေးရေးပေါ့နော။ ဘာပဲလုပ်လုပ် ငွေရှိမှပဲ ဒေသဖွံ့ဖြိုးရေးပဲ ပြောပြော၊ လုပ်ငန်းဆောင်တာပဲပြောပြော၊ အဓိက အထောက်အကူဖြစ်တဲ့အတွက်ကြောင့်မလို့ နံပါတ်တစ် စိန်ခေါ်မှုကတော့ ငွေရေးကြေးရေး စိန်ခေါ်မှုရှိတယ်။ နှစ် ကတော့ စက်ယန္တရားပေါ့နော၊ အနည်းဆုံး ထွန်စက်ဆိုရင် ဒီမှာ တစီးမှမရှိဘူးပေါ့နော။ မြေပြိုတဲ့နေရာ အရေးပေါ်ဖယ်ရှားဖို့ဆိုရင် လူနဲ့ ပေါက်ပြားနဲ့ပဲ ရှင်းလင်းရေးလုပ်ရတဲ့အချိန်မျိုးဆိုရင် ပိုပြီးတော့ ပိုပင်ပန်းတယ် ပိုကြန့်ကြာတယ်။ စက်ယန္တရားမရှိတာလည်း တပိုင်းဖြစ်တယ်။”လို့ IEC က ဖွဲ့စည်းထားတဲ့ ဖွံ့ဘော်ခွတ်မြို့နယ် အုပ်ချုပ်ရေးကောင်စီရဲ့ အကြံပေးဖြစ်သူ ခွံဂျွိမ်း(စ်)နေမင်းလွင် က လက်ရှိ အခက်အခဲကို ပြောပါတယ်။
ဒါ့အပြင် ချက်ပြုတ်ရေး၊ တကိုယ်ရေသန့်ရှင်းရေးအတွက် ရေကလည်း မရှိမဖြစ် အရေးကြီးတာကြောင့်လည်း ပြန်လည်ထူထောင်ရေးစတင်ချိန်မှာ ကျေးရွာအထိ ရေရှိဖို့ကို အားစိုက်လုပ်ကိုင်ကြရတယ်လို့ ကျေးရွာဥက္ကဌက ပြောပါတယ်။
မြေပြိုမှုအပြီး အလှူရှင်အဖွဲ့အစည်းတချို့က ရေပိုက်လှူဒါန်းတာရှိပြီး အဲ့ဒီရေပိုက်နဲ့ ရေရှိရာကနေ ကျေးရွာအထိ သွယ်တန်းဖို့ လုပ်ဆောင်ကြပါတယ်။ သို့ပေမဲ့ ရေပိုက်သွယ်တန်းမှုက ကျေးရွာသစ်ထိ မရောက်ခင်လမ်းတဝက်အထိသာ သွယ်တန်းလို့ရခဲ့ပါတယ်။
ကျန်ရစ်တဲ့ ရေပိုက်အကူအညီကို ကျန်းမာရေးအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
“ မိုးရွာတဲ့အချိန် မိုးရေသုံးတယ် မိုးမရွာတဲ့အချိန်ဆို ချောင်းအထိ သွားခပ်ရတာပေါ့ တအားဝေးတယ်။ ပိုက်က တဝက်ရောက်တာနဲ့ ကျနော်တို့သွားသယ်တယ်။ ဟိုဖက် ရွာပြင်ဖက် ရေရောက်တဲ့နေရာ သွားခပ်တယ်။ အခု ကျန်းမာရေးအဖွဲ့က ပြန်ကူညီပေးထားတော့ ရွာထိရောက်တော့ ပိုအဆင်ပြေတယ်လို့ ပြောရမှာပေါ့။”လို့ ရေပိုက်သွယ်တန်းမှုအခြေအနေနဲ့ ပတ်သက်ပြီး ကျေးရွာဥက္ကဌက ရှင်းပြပါတယ်။
ရေပိုက်က ရွာအထိရောက်ရှိပေမဲ့ ရေသိုလှောင်ဖို့ ရေကန်ဆောက်လုပ်ဖို့လည်း လိုအပ်နေပါသေးတယ်။

ပညာရေး
၂၀၂၅- ၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် စာသင်ကျောင်းဆောင်သစ်ကို ဆောက်လုပ်နေဆဲဖြစ်ပြီး လိုအပ်တဲ့ စာရေးခုံ၊ အမိုး ၊ အကာ ၊ သံမှိုတွေ စတဲ့လိုအပ်ချက်တွေ များပြားနေပါသေးတယ်။ ကျေးရွာခံတွေကတော့ ကလေးတွေရဲ့ ပညာရေးအတွက် ကျောင်းစာသင်ဆောင်ကို ယခုလအတွင်း ဦးစားပေး ဆောက်လုပ်သွားမယ်လို့ ဆိုပါတယ်။
KG တန်းကနေ Grade 5 အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ၃၀ ကျော်ရှိကာ ဆရာ၊ ဆရာမ ၆ ဦးနဲ့ သင်ကြားသွားမှာပါ။
ကျေးရွာသစ် ပြန်လည်ထူထောင်ရေးမှာ ၃၀ ရာခိုင်နှုန်းသာ ပြီးစီး
အဖက်ဖက်က လိုအပ်ချက်တွေ များပြားနေဆဲဖြစ်တဲ့ ကိုကွေရွာသစ် တည်ဆောက်မှုမှာ ၉ လကြာတဲ့အချိန်ထိ ပြန်လည်ထူထောင်ရေးက ၃၀ ရာခိုင်နှုန်းပဲ ပြီးစီးသေးတယ်လို့ ကျေးရွာဥက္ကဌက ပြောပါတယ်။ နေအိမ်တွေကို အပြီးအစီး မဆောက်လုပ်နိုင်သေးတာ၊ အများဆိုင်ရာ ဘာသာရေး ဘုရားကျောင်း ၊ စာသင်ကျောင်း ၊ ဆေးပေးခန်း၊ ကျေးရွာခန်းမဆောင် မရှိသေးတာပါ။
“ ၃၀ ရာခိုင်နှုန်းလောက်ပဲရှိသေးတယ်။ အိမ်လည်းမဆောက်ရသေးဘူး အဆောက်အဦးတွေ ရေတွင်း ရေကန်တွေ အကုန်လုံးဆောက်ရမှာပေါ့။ “ လို့ ကျေးရွာဥက္ကဌ အီဇားကိုနေဝင်းက ပြောတာပါ။
သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူတွေရဲ့ ဘဝသစ်ကို ပြန်လည် တည်ဆောက်ရေးအတွက် နေထိုင်ရေး လုံခြုံမှုအပြင် တခြားသော အသက်မွေးဝမ်းကြောင်းက လိုအပ်နေတာပါ။
ယနေ့အထိ အိမ်ရာတွေ ၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတို့အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအဆောက်အအုံများကို ကျေးရွာခံတွေဟာ မျှော်လင့်နေဆဲဖြစ်ပြီး၊ အသက်မွေးဝမ်းကျောင်း ပြန်လည်တည်ဆောက်နိုင်ဖို့အတွက်လည်း အချိန်မပေးနိုင်သေးပါဘူး။
ကြားကာလမှာ ပြန်လည်ထူထောင်ရေးဟာ အချိန်အတန်ကြာလှတဲ့ ခရီးဖြစ်ပေမဲ့၊ ချက်ချင်းလိုအပ်နေတဲ့အရာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ၊ အလှူရှင်အဖွဲ့အစည်းတွေဆီက အကူညီရရှိနိုင်ဖို့ ကျေးရွာခံတွေက မျှော်လင့်နေကြရပါတယ်။