spot_imgspot_imgspot_imgspot_img
Thursday, July 25, 2024
spot_imgspot_imgspot_imgspot_img

“လုံခြုံရေးစိန်ခေါ်မှုတွေကြားက ပညာတတ်ဖို့ ထိုးဖောက်ကြသူတွေ…”

Author

Date

Category

မော်ဦးမြာ/ ကန္တာရဝတီတိုင်း(မ်)

“ကလေးတွေကို ပညာတတ်စေချင်တော့ မိဘနှစ်ယောက်ရှိရင် တယောက်က ကလေးအတွက် အဆင်သင့်ဖြစ်နေရမယ်ဆိုပြီး တယောက်ဘဲ အလုပ်လုပ်တော့တယ် အဲ့လိုပေါ့၊ ဒါမှလည်း နည်းနည်းပိုစိတ်ချမယ်လေ သားသမီးတွေကို။ လေယာဉ်လာရင် ပြေးခေါ်ရမယ် အဲ့လိုပေါ့။” လို့ ပြောလာသူကတော့ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ကျောင်းသားမိခင်တဦးပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းမှာ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်ထဲက စာသင်ကျောင်းတွေကို စစ်ကောင်စီက ရက်ရက်စက်စက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၄ ဦး သေဆုံးခဲ့ရပြီး ၂၀ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ် နောက်ဆက်တွဲအနေနဲ့ မိဘ၊ ဆရာ၊ ဆရာမများနဲ့ ကျောင်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ပိုမိုခံစားလာကြရပါတယ်။

၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် စာသင်ချိန်ကို တဖန် ပြန်လည်ရောက်ရှိလာချိန်မှာတော့ အနာဂတ်ကြယ်ပွင့်လေးများဖြစ်ကြတဲ့ ကလေးငယ်တွေအတွက် ပညာသင်ကြားမှုကို စိုးရိမ်မှုမြောက်များစွာနဲ့ ပြင်ဆင်ဆောင်ရွက်နေကြပါတယ်။

စစ်ရေးပစ်မှတ်တွေနဲ့ မသက်ဆိုင်တဲ့ ပညာရေးအဆောက်အအုံတွေ၊ ကျောင်းသူကျောင်းသားတွေကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီကို ပြည်သူတွေကတော့ နည်းမျိုးစုံနဲ့ တော်လှန်နေကြပါတယ်။ အာဏာရှင်အဆက်ဆက်ဟာ မိမိတို့ အာဏာကိုအဓွန့်ရှည်စေဖို့ ပြည်သူတွေကို ပညာမတတ်အောင်၊ ပညာရည်နိမ့်ကျအောင် အမျိုးမျိုးဖိနှိမ့်နေတာပါ။ အထူးသဖြင့်တော့ မြန်မာပြည်က တိုင်းရင်းသားတွေဟာ ဒီလိုဖိနှိမ့်မှုကို အမြဲတစေ ခံစားခဲ့ကြရပါတယ်။
ဒါ့ပေမဲ့လည်း ပြည်သူတွေ ပညာတတ်သွားမှာစိုးရိမ်နေတဲ့ စစ်ကောင်စီကို ကျောင်းသားမိဘအပါအဝင် ဆရာ၊ ဆရာမတွေကတော့ မိမိ ကလေးငယ်များ ပညာတတ်ဖို့ နည်းအဖုံဖုံနဲ့ ကြိုးပမ်းပြီးစစ်ကောင်စီကို တွန်းလှန်နေကြပါတယ်။

လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီး ပစ်ခတ်မှု နဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေ အချိန်မရွေးကြုံတွေ့နိုင်တဲ့ ကရင်နီပြည်မှာတော့ ကျောင်းသားမိဘတွေဟာ တတ်နိုင်တဲ့နည်းလမ်းဖြစ်တဲ့ ကလေးငယ်တွေကို ကျောင်းအကြိုအပို့လုပ်တာ၊ လေကြောင်းအန္တရာယ်တွေကို နားစွင့်တာ စတာတွေကို ပိုမိုလုပ်ဆောင်လာကြပြီး၊ တချို့သော မိဘတွေကတော့ သား၊ သမီး လုံခြုံရေးအတွက် တဦးကတာဝန်ယူပြီး အချိန်ပြည့်စောင့်ကြည့်နေကြပါတယ်။

“အတတ်နိုင်ဆုံးတော့ စီစဉ်ထားပါတယ်။ ပြီးတော့ ကျမတို့ မိဘနှစ်ပါးဆိုရင် တယောက်က အလုပ်သွားရင် တယောက်ကတော့ ကလေး လုံခြုံရေးအတွက် အမြဲတမ်း နားစွင့်ပြီးတော့မှ လုံခြုံရေး ယူပေးရမယ် အဲ့လိုမျိုး စီစဉ်ထားတယ်။ စောင့်ပေးနေရမှာပေါ့။” လို့ ကျောင်းသားမိခင်တဦးက ပြောပါတယ်။

ဒီလို သားသမီးကို လုံခြုံစွာပညာသင်ကြားနိုင်အောင်တတ်နိုင်တဲ့ဘက်က ကြိုးစားနေကြရတဲ့အတွက် တဖက်မှာ မိသားစု ရဲ့ စားဝတ်နေရေးအတွက် လုပ်ငန်းတွေကို ယခင်ကထက် လုပ်ကိုင်နိုင်မှုတွေလျော့နည်းလာပါတယ်။

“အလုပ်တွေတော့ ပျက်သွားတာပေါ့။ အဓိက ကလေးတွေကို ပညာတတ်စေချင်တယ်ပေါ့နော်။ အခုက ပညာမတတ်လို့ အခုလို ပဋိပက္ခတွေ ဖြစ်လာရတယ်လေနော်။ ကလေးတယောက်ကို ပညာတတ်စေချင်တယ်။ ပြီးတော့ ခေတ်အလိုက်လေ တဖြည်းဖြည်း မြင့်လာရမှာကို တဖြည်းဖြည်းနဲ့ နောက်နှေးသွားရင် အဆင်မပြေဘူးလေ။ ကျမ ကလေးကိုတော့ အတတ်နိုင်ဆုံး အခြေအနေအရပေါ့နော လက်နက်ကြီးကြားမှာတောင်မှ ကျောင်းထားပေးမယ်ပေါ့နော် စာတတ်တယောက်ဖြစ်အောင်။” လို့ နောက်ထပ် ကျောင်းသားမိခင်တဦးက ပြောသွားပါတယ်။

လက်ရှိမှာတော့ လုံခြုံရေးကြောင့် စာသင်ကြားတဲ့ပုံစံတွေကို ပြောင်းလဲနေသလို၊ နေရာတွေ တကွဲတပြား နဲ့ သင်ကြားရေးကို ရှေ့ဆက်နေကြရတာကြောင့် ယခင်နှစ်တွေထက် ကျောင်းဆောင်နဲ့ ကျောင်းသုံးကိရိယာ လိုအပ်ချက် ပိုမိုမြင့်မားနေကြပါတယ်။ ယခင်နှစ်တွေမှာတော့ တနေရာတည်းကို စုစည်းသင်ကြားခဲ့ကြပြီး ကျောင်းတကျောင်းရဲ့ အခြေခံလိုအပ်ချက်တွေဟာ မစုံလင်နိုင်ပေမဲ့ အဆင်ပြေအောင် ကြိုးပမ်းနိုင်ခဲ့ကြပါတယ်။ ယခုနှစ်မှာတော့ ပြောင်းလဲသင်ကြားမှုပုံစံတွေကြောင့် လိုအပ်ချက် ပိုမိုမြင့်မားနေကြတာပါ။

“ဒီနှစ်က ကျနော်တို့ ကျောင်းဆောင်တွေ အများကြီး လုပ်ရတယ်။ အခြေအနေအရ ကျောင်းရဲ့ အနေအထားက ပြောင်းသွားတာပေါ့။ လုံခြုံရေးကတော့ အခုထိ စိန်ခေါ်မှုကြုံနေရတုန်းဘဲ။ အကောင်းဆုံးသော နည်းလမ်းကို ကျနော်တို့ စဉ်းစားတာပေါ့။ ကောင်းပြီလားဆိုတော့လည်း မကောင်းသေးပါဘူး။ ဒါပေမဲ့ ပညာတတ်ဖို့ လိုအပ်တဲ့ ကျနော်တို့ သား၊သမီးတွေအတွက်တော့ ကျနော်တို့ တတ်နိုင်တဲ့ နည်းလမ်းစဉ်းစားပြီး ပညာသင်ရင်း တော်လှန်ရမှာဘဲ။” လို့ ကျေးရွာတရွာရဲ့ ဥက္ကဌ(အုပ်ချုပ်ရေးမှူး) ဖြစ်သူက လက်ရှိ ကလေးတွေရဲ့ စာသင်ကြားမှုနဲ့ ပတ်သက်ပြီး ပြောပြလာတာပါ။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ထဲက တချို့သော စစ်ရှောင်စခန်းနဲ့ကျေးရွာတွေမှာ စာသင်ကြားတဲ့နေရာကို အနည်းဆုံး ၃ နေရာအထိ ခွဲခြားပြီး သင်ကြားနေရတဲ့အတွက် စာသင်ဆောင်ဟာလည်း အနည်းဆုံး ၃ ဆောင်အထိ လိုအပ်နေကြတာ ဖြစ်ပါတယ်။ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ကျောင်းဆောင်တွေကိုတော့ ကျောင်းသားမိဘတွေကနေ တတ်အားသမျှ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြပေမယ့် ကျောင်းအတွက် အမိုး၊ အကာတွေ ဝယ်ယူနိုင်ဖို့လည်း ဝင်ငွေမရှိတဲ့စစ်ရှောင်ဘဝမှာ ကြီးမားတဲ့အခက်အခဲ စိန်ခေါ်မှုတွေဖြစ်နေပါတယ်။

စစ်ဘေးရှောင်ကာလ ရှည်ကြာလာခြင်း၊ စားဝတ်နေရေး လိုအပ်ချက် မြင့်တက်လာခြင်းကြားက ရုန်းကန်နေရကြရတဲ့ ကရင်နီလူထုတွေဟာ မိမိတို့ရဲ့ သား၊ သမီး ပညာသင်ယူခြင်းတွေ လစ်ဟာမသွားဖို့ကိုလည်း တတ်အားသမျှ ကြိုးပမ်းနေကြပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ စစ်ရေးချုပ်ဖြစ်သူ ခူးရီးဒူကလည်း လက်နက်ကိုင်တော်လှန်ရေးမှာ အများစုလူငယ်တွေ ပါဝင်နေကြပြီး ပညာဆက်လက်မသင်ယူနိုင်တာကြောင့်၊ ပညာသင်ယူခွင့်ရတဲ့ လူငယ်တွေအနေနဲ့ နှစ်ဆ ပိုမိုကြိုးစားပေးကြဖို့ လိုအပ်ကြောင်းကိုလည်း ကရင်နီအမျိုးသားကောလိပ် KnNC ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပြောဆိုထားတာ ရှိပါတယ်။

ကရင်နီပြည်မှာ ကိုယ်ထူကိုယ်ထကျောင်းအပါအဝင် စာသင်ကျောင်းပေါင်း ၄၅၀ ကျော်ရှိပြီး၊ ကျောင်းသားဦးရေ အနည်းဆုံး သုံးသောင်းရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စာရင်းအရ သိရှိရပါတယ်။ ကျောင်းသားဦးရေ အသေးစိတ်ကိုတော့ စာရင်းမတည်ငြိမ်သေးတာကြောင့် ဖော်ပြလို့ မရသေးဘူးလို့ IEC ရဲ့ ပညာရေးမှူး မော်မိမာ က ကန္တာရဝတီတိုင်း(မ်) နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

ယခင်နှစ်တွေမှာ စစ်ကောင်စီတပ်က စာသင်ကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မျက်စိရှေ့မှာ ဝရုန်းသုန်းကား ဖြစ်နေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို ကြည့်ရင်း ဆက်ပြီးစာသင်ကြားပေးနိုင်ဖို့ အတွက် တခါတရံမှာ တွန့်ဆုတ်နေမိတယ်လို့ ပြောလာသူကတော့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျောင်းဆရာမတဦးပါ။

“ကျမ က တကယ်ကြောက်တတ်တဲ့လူတွေထဲ ပါတယ်။ ကျမ လည်း တွန့်ဆုတ်တယ်။ ဒါပေမဲ့လေ ကျမက တွန့်ဆုတ်သွားမယ်ဆိုရင် ကလေးတွေက အနာဂတ်မဲ့မှာ ကျမ စိုးရိမ်တယ်။ ကျမ နည်းနည်းဘဲ လုပ်နိုင်ရင်လည်း လုပ်မယ်။ ကျမတို့လည်း အချင်းချင်း တိုက်တွန်းကြတော့ ဆက်လုပ်မှာပါ။ လူကြီးတွေလည်း တိုက်တွန်းပေးတော့ ကိုယ်လည်း အားရှိတယ်လေ။” လို့ အဆိုပါ ကျောင်းဆရာမ က ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါကျောင်းဆရာမက ကရင်နီကျောင်းသားတွေအတွက် စာသင်ကြားပေးမှုတွေကို ပြုလုပ်နေဆဲဖြစ်ပါတယ်။

အလားတူ ထိုကျောင်းဆရာမလေးလိုပဲ စာသင်ကျောင်းမှာလေ့လာသင်ယူနေတဲ့ ကျောင်းသားတွေမှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေကို ကြုံတွေ့နေကြရတာပါတယ်။
ဒီးမော့ဆိုမြို့ နယ် မှာ နေထိုင်တဲ့ စစ်ရှောင် ကျောင်းသားမိဘတဦးကလည်း စစ်ရှောင်ကာလ သုံးနှစ်ကျော်အတွင်း တနေရာပြီးတနေရာ တိမ်းရှောင်နေရတာကြောင့် သူ့ရဲ့ သားဖြစ်သူဟာ စာသင်နှစ်ကို ပြီးဆုံးအောင် မတက်နိုင်ဘဲ အတန်းတက်ဖို့ နောက်နှေးသွားတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတယ်လို့ ပြောပါတယ်။

“ကလေးတွေ ပညာရေးတော့ တော်တော်နောက်နှေးသွားတယ်ပေါ့နော်။ ကလေးတွေ တတိယတန်း တက်ရမှာကို ဒုတိယတန်းဘဲ တက်ရတယ်။ ကလေးတွေက အသက်ကြီးနေပြီ ဒုတိယတန်းဘဲ တက်ရသေးတယ်။ ရှက်တယ် အဲ့လိုတွေ ပြောတယ်လေ။ ကျမ သားဆို ကျမတို့ ပြေးရတဲ့ ၃ နှစ်လုံးမှာ မူကြိုဘဲ တက်ရတယ်။ ဒီမှာ ပြန်လာတော့ KG တက်တယ်။ အမှန်က သူက ပထမတန်းတောင် တက်ရတော့မယ်။” လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

မိမိတို့ ရဲ့ ခေတ်မှာ ပညာမတတ်ခဲ့ခြင်းရဲ့ တစိတ်တပိုင်းကြောင့် အာဏာရှင်စနစ်အောက်မှာ ကျင်လည်လာခဲ့ကြတာဖြစ်လို့၊ ကိုယ်တိုင်မဆည်းပူးခဲ့ရတဲ့ ပညာတွေကိုတော့ စိုးရိမ်ခြောက်လှန့်မှု မြောက်များစွာကြားက ရင်သွေးငယ်လေးတွေ ဆည်းပူးခွင့်ရဖို့ ကိုယ့်ရဲ့အစွမ်းအစ ရှိသမျှ တော်လှန်ရင်း၊ ကြိုးပမ်းရင်း ပါဝင်လုပ်ဆောင်သွားမယ်လို့ ကျောင်းသားမိခင်တဦးက အခုလို ပြောသွားပါတယ်။

“ကျမတို့က အသိပညာရော အတတ်ပညာရော မကြွယ်ခဲ့ဘူးလေ။ မသိခဲ့ဘူး။ အခု ပညာသင်ရမယ့်အရွယ်မှာ လက်နက်ကိုင်နေကြတဲ့ သား၊သမီးတွေကိုမြင်ရင် အရမ်းစိတ်မကောင်းဖြစ်တယ်။ အဲ့ဒါကြောင့်လည်း ကလေးတွေ စာတတ်ဖို့၊ ကိုယ့်ကလေးရော သူများကလေးရော ကျောင်းတက်ဖို့ စာသင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပေးနေသူတွေကို ကျေးဇူးတင်တယ်။ ကိုယ်တိုင်လည်း မိဘတယောက်အနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်မယ်။” လို့ ကျောင်းသားမိခင်တဦးက ပြောပါတယ်။

spot_img
spot_img

Recent posts