စိုင်းလင်းလင်းဦး
တမူထူးခြားသော ပတ်ဝန်းကျင်နှင့် ဌာနေလူမျိုးစုတို့၏ လူနေမှုဘဝကို ကျနော်တို့ဒေသအတွင်းတွင် တွေ့မြင်နေရပါသည်။
သဘာဝအတိုင်းနီးပါး ကျန်ရှိလျှက်ရှိသော သစ်တော၊ တောင်တန်းတစ်လျှောက်ကုန်မြင့်ပေါ်တွင် အများစုနေထိုင်ကြသော လူမျိုးစုများ၏ ဒေသဟုဆိုလည်း မမှားပေ။ သူတို့သည် ယာလုပ်ငန်းကို အဓိကအလုပ်အကိုင်အဖြင့် ဝမ်းစာကို ဖြည့်ကြလေသည်။
လူမျိုးစုတစ်ခုစီတိုင်းသည် သူတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု ကိုယ်စီရှိကြသည်။ မတူကွဲပြားဟန်ရှိလေသော ရိုးရာဓလေ့ထုံးတမ်းပွဲတော်၊ ဝတ်စားဆင်ယဉ်မှု၊ အမူအကျင့်များကို အပေါ်ယံမျှသာ ကြည့်မြင်တွေ့ရုံဖြင့်ပင် စိတ်ဝင်စားစရာကောင်းလေသည်။ ထဲထဲဝင်ဝင်သာ စူးနှစ်လေ့လာပါက ဆန်းသစ်ခြင်းနှင့် ညှိ့ယူဖမ်းစားနိုင်မှုကို ဆိုဖွယ်ရာမရှိတော့ပါ။ ထို့ကြောင့် ထိုမူဟန်များက ခရီးသွားများကို ဆွဲဆောင်လေတော့သည်။ ယင်းမူဟန်များပိုင်ဆိုင်ထားသော ထိုဒေသကား မူလအသုံးအနှုန်း ကရင်နီပြည်ခေါ် ကယားပြည်နယ်ပင် ဖြစ်နေသည်ဟု ဦးဌေးအောင်က အခိုင်အမာပြောသည်။

ဦးဌေးအောင်သည် ကယားပြည်နယ်၌ ပထမဆုံးအကြိမ်ထုတ်ပေးသည့် အမှတ်စဉ်(၂/၁၉၉၆)ဧည့်လမ်းညွှန်လိုင်စင်လက်မှတ်ရ အနည်းငယ်သော လူစာရင်းထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူလိုင်စင်ရရှိသော ကာလသည် လွန်ခဲ့သော နှစ် ၂၁ နှစ်အကျော် တိတိကျကျပြောရလျှင် ၁၉၉၆ ခုနှစ်တုန်းကဖြစ်သည်။ အဲဒီတုန်းက ကရင်နီအမျိုးသားတိုးတက်ရေးပါတီက စစ်အစိုးရလက်ထက်နဲ့ ပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့ကြဖူးတဲ့အချိန်ပါ။

၁၉၉၆ ခုနှစ်တွင် မြန်မာစစ်ဗိုလ်ချုပ်များ၏ “မြန်မာခရီးသွားနှစ်” ကို ဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ်၏ ပထမဆုံးသော ဧည့်လမ်းညွှန်လိုင်စင်ကို အစိုးရထံမှ ဦးဌေးအောင် ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ၄ လ လောက်သာ အနည်းငယ်သာ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားများကို ပို့ဆောင်ပေးခဲ့ရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် စစ်အစိုးရတို့၏ ငြိမ်းချမ်းရေးကိစ္စ ပြန်လည်ပျက်ပြယ်သွားခဲ့ပြီး ဦးဌေးအောင် မျှော်လင့်ခဲ့သော ခရီးလုပ်ငန်းနှင့် ခရီးသွားဧည့်သည်များဝင်ရောက်မှု ရပ်တန့်ဆိတ်သုန်းသွားခဲ့သည်။

“၄ လလောက်ပဲ လုပ်လိုက်ရတယ်။ ငြိမ်းချမ်းရေးပျက်ပြယ်သွားတော့ မလုပ်ရတော့ဘူး။ ရပ်သွားတယ်။”ဟု လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်တွင်နေထိုင်သော ဧည့်လမ်းညွှန်လည်း ယခုအခါ ကယားပြည်နယ်ဧည့်လမ်းညွှန်အသင်း၏ ဥက္ကဌအဖြစ်တာဝန်ယူထားသူ ဦးဌေးအောင်က သူ၏ အတွေ့အကြုံကို ပြန်ပြောင်းပြောသွားပါသည်။

ကယားပြည်နယ်ကို အနာဂတ်တွင် ခရီးသွားလုပ်ငန်းများ တရှိန်ထိုးမြှင့်တက်လာမည့် ပြည်နယ်အဖြစ် ပညာရှင်များနှင့် ခရီးသွားကုမ္ပဏီများက လေ့လာသုံးသပ်ခန့်မှန်းထားကြသည်။ သို့သော် အခက်အခဲများက စောင့်ကြိုလျှက်ရှိပြန်သည်။

မည်သို့အစီအမံ မည်သည့်နည်းလမ်းပုုံစံနှင့် အကောင်အထည်ဖေါ်ကြမည်နည်း။ ရှိနေရင်း သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်နှင့် ယင်းတို့ ထိန်းသိမ်းလာခဲ့သော ရိုးရာယဉ်ကျေးမှုကို မထိခိုက်အောင် ပုံဖေါ်ကြမည်ဟု ဦးဌေးအောင်က ရှုမြင်ချက်ကို ဖွင့်ဟသည်။ အကြီးမားဆုံး စိန်ခေါ်မှုက ခရီးသွားလုပ်ငန်းမှ ရရှိလာသော အကျိုးအမြတ်ကို ထိုဒေသထံ ပြန်စီးဝင်ရေးဖြစ်သည်။

ကယားပြည်နယ်သို့ ပထမဆုံးသော နိုင်ငံခြားကမာ္ဘလှည့်ခရီးသည်များ ရောက်ရှိလာခဲ့အပြီး ဆယ်စုနှစ်နှစ်စုမျှအကြာတွင် ကမာ္ဘလှည့်ခရီးသွားလုပ်ငန်းကို ပြည်နယ်တွင်း လက်ခံလာခဲ့ပြီဖြစ်သည်။ သို့ကြောင့် အစောပိုင်း အလားအလာကောင်းများကို အခြေခံကာ ရှေ့သို့လှမ်းမည့် ခရီးသွားယန္တရားအတွက် ရင်းနှီးမြုပ်နှံမှုများ ပိုမိုလိုအပ်လာနေပြီ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန်အတွက် နိုင်ငံခြားဝင်ငွေကို ရှာဖွေပေးနိုင်သော ထင်ရှားသည့်လုပ်ငန်းများအနက် “ခရီးသွားလုပ်ငန်း” လည်း အပါအဝင်ဖြစ်သည်။ “ခရီးသွားလုပ်ငန်း” သည် ဒေသတွင်းရှိ အဖိုးတန် ယဉ်ကျေးမှုအမွေအနှစ်များနှင့် တိုင်းရင်းသား ဒေသခံများ၏ ရိုးရာထိန်းသိမ်းမှုများအပေါ် အခြေပြုသော ပြည်တွင်းစီးပွားရေး ဖြစ်လေသည်။

ထိုသို့သော လုပ်ငန်းရပ်များကို ထောက်ပံ့ပေးသည့်အပြင် ဒေသခံပြည်သူများအပိုဝင်ငွေရစေသည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုလည်း ဖန်တီးပေးနိုင်သည့်အရာအဖြစ်နိုင်ငံတကာမှလက်ခံ ယုံကြည်ထားကြပြန်သည်။

ထိုခရီးသွားလုပ်ငန်းကို ဆွဲဆောင်စေသော ဤဒေသ၏ ထူးခြားသောလက္ခဏာများက ဘာဖြစ်မည်နည်း။ စိတ်အေးချမ်းမှုပေးစွမ်းစေမည့် ရေတံခွန်၊ ဆန်းကြယ်မှုများဖြင့် ပြည့်နက်နေသော သဘာဝထုံးကျောက်လိုဏ်ဂူများ၊ ရိုးရာအစားအသောက်၊ ရိုးရာယက်ကန်းအထည်အလိပ်များ၊ အမှတ်တရပစ္စည်းများနှင့် အထူးခြားဆုံး ဝိသေသမှာ ရှေ့ရိုးရာအတိုင်း ဝတ်စားဆင်ယင်မှုနှင့် ယဉ်ကျေးမှုထုံးတမ်းများ၏ ပြယုဒ်သဖွယ်ဖြစ်သော တိုင်းရင်းသားလူမျိုးစုများပင် ဖြစ်လိမ့်မည်။

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနှင့် ၂၀၁၂ ခုနှစ်တွင် အပစ်ရပ်ဆိုင်းရန် လက်မှတ်ရေးထိုးပြီးနောက် မြန်မာအစိုးရက ကမ္ဘာ့လှည့်ခရီးသွားများအား ကယားပြည်နယ်သို့ သွားရောက်လည်ပတ်ရန် စတင်ခွင့်ပြုခဲ့သည်။ ထိုအချိန်က စတင်ကာ ကမ္ဘာ့လှည့်ခရီးသွားအရေအတွက် တစ်ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။

ပြည်တွင်းခရီးသွားကုမ္ပဏီများ၏ ဖေါ်ပြချက်အရ (၂၀၁၅) ခုနှစ်အတွင်း နိုင်ငံတကာခရီးသွား ဧည့်သည်များ အနှစ်ခြိုက်ဆုံးနှင့် လည်ပတ်မှုအများဆုံး ပြည်တွင်းအပန်းဖြေခရီးစဉ် (၅)ခု စာရင်းတွင် ကယား(ကရင်နီ)ပြည်နယ်ခရီးစဉ်လည်း အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ တိုးတက်လာရခြင်း၏ အဓိကသော့ချက်မှာ ပွင့်လင်းမြင်သာမှုရှိလာသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြောင်းလဲမှုဖြစ်စဉ်များကြောင့်ဖြစ်သည်ဟု ဆိုလျှင် မှားအံ့မည်မထင်ပေ။ ယခင်ကထက် ပြည်နယ်အတွင်း ခရီးသွားလာရေးကဏ္ဍကို ပိုမိုအားကောင်းလာအောင် စနစ်တကျ ပျိုးထောင်းပေးခြင်းသည်လည်း အရေးပါလှသောလိုအပ်ချက် ဖြစ်မည်။

ဦးဌေးအောင်၏ နှစ် ၂ဝ ကျော် ရင်းနှီးမြှပ်နှံထားမှုက အကျိုးတော့ မယုတ်ခဲ့ပေ။ နိုင်ငံရေး၊ ငြိမ်းချမ်းရေးပြုပြင်ပြောင်းလဲမှု၏နောက်ဆက်တွဲ ခရီးသွားလုပ်ငန်းတိုးတက်လာခြင်းက သူ၏ အိပ်မက်ကို တဖြည်းဖြည်း ပုံဖေါ်လာစေခဲ့ပြီ။ ၂၀၁၃ ခုုနှစ်လောက်မှ စ၍ နိုင်ငံခြားခရီးသည်များနှင့် ပြည်တွင်းခရီးသည်များ တရှိန်ထိုးဝင်ရောက်လာမှုက ဦးဌေးအောင်အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖြစ်စေခဲ့သည်။
ခရီးသည်များအတွက် ဧည့်လမ်းညွှန်အလုပ်ဖြင့် သူအဆင်ပြေစပြုလာသည်။ ယခင်က ခက်ခဲခဲ့သော အခြေအနေမှ ပြောင်းလဲလာသောဒေသဖွံ့ဖြိုးရေးနှင့်အတူ အခြေခံအဆောက်အဦးများ တဖြည်းဖြည်းကောင်းမွန်လာမှုက ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်လာစေပြီဟု “ကယားပြည်နယ်က အလားအလာအရှိဆုံးပဲ ကယားကို ရထားနဲ့ပဲလာလာ၊ ကားနဲ့ဖြစ်ဖြစ်၊ လေယာဉ်နဲ့ကော လှေနဲ့ပါလာလို့ရတယ်။” ဦးဌေးအောင်က ဆိုသည်။

ထို့အပြင် ခရီးသည်များ ပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့သော မှတ်တမ်းစာရင်းများအရ တိုးတက်လာသော ကိန်းကဏန်းများကို ကျွန်ုပ်တို့တွေ့ရှိရအုန်းမည်။ ကယား(ကရင်နီ)ပြည်နယ်သို့ လာရောက်လေ့လာသူများကို ဆန်းစစ်ကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းဧည့်သည် (၁၁,၃၁၃) ဦးနှင့် ပြည်ပဧည့်သည်(၂,၆၆၂)ဦးသာရှိခဲ့သည်။

၂၀၁၅ တွင်မူ ပြည်တွင်းဧည့်သည် (၁၃,၇၇၈) နှင့် ပြည်ပဧည့်သည် (၃,၉၃၃) အထိလာရောက်ခဲ့ပြီး စုစုပေါင်း (၃၇၀၀)ကျော် တိုးတက်လာသည်ကို တွေ့မြင်ရမည်။ ၂၀၁၆ ခုနှစ်တွင် ထိုထက်တိုးတက်လာသော ခရီးသည်ဝင်ရောက်မှုကို တွေ့ရှိရမည်။ ပြည်တွင်းခရီးသည် ၁၆၉၉၄ ဦး ပြည်ပခရီးသည် ၆၃၇၄ ဦးတို့သည် ၂၀၁၆ ခုနှစ်၏ ခရီးသည်ဝင်ရောက်မှုစာရင်းဖြစ်သည်။

အဆိုပါ စာရင်းများမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ ဖြစ်သည်။ ယင်းက ပြည်တွင်းဧည့်သည်များ နှင့် နိုင်ငံတကာဧည့်သည်များ လာရောက် လည်ပတ်မှုမှာ တနှစ်ထက်တနှစ်တိုးလာပြီး လာမည့်နှစ်များတွင် တိုးတက်လာရန် အလားအလာကောင်းများရှိနို်င်သည်ကို ညွှန်ပြနေသည်။

ထူးခြားညွှန်ကိန်းတစ်ခုအဖြစ် ၂၀၁၆ နှင့် ၂၀၁ရ တို့၏ ဇန်နာဝါရီလ တစ်လတည်း၏ နှိုင်ယှဉ်ထားမှုဖြစ်သည်။ ၂၀၁၆ ခုနှစ်၏ ဇန်နဝါရီလတွင် ပြည်တွင်းခရီးသည် ၁၂၈၉ ဦးရှိခဲ့ရာမှ ၂၀၁ရ ခုုနှစ် ဇန်နဝါရီလတွင် ပြည်တွင်းခရီးသည် ၂၀၀၉ ဦးအထိ မြှင့်တက်လာခဲ့သည်။ ပြည်ပခရီးသည်စာရင်း၌ ၂၀၁၆ ဇန်နဝါရီလသည် ၆၄ဝ ဦးရှိခဲ့ရာမှ ၂၀၁ရ ၏ ဇန်နဝါရီလတွင် ၁၂၀၆ ဦးအထိ အရေအတွက်၏ တဆခန့်သို့မဟုတ် ၉ဝ ရာခိုင်းနှုန်းအထိ တိုးတက်လာခဲ့သည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်မှုမှာ ရေရှည်တည်တံ့သော နည်းလမ်းတစ်ရပ်ဖြင့် စီမံနိုင်ခြင်း ရှိ၊ မရှိ ဟူသော မေးခွန်းနှင့်အတူ အစဉ်သဖြင့် ပေါ်ထွက်လာတတ်သည်။ ဤသည်မှာ ကယားပြည်နယ်အတွင်းရှိ ကမ္ဘာလှည့်ခရီးသွားလုုပ်ငန်းကဏ္ဍတွင် အဓိကပါဝင်ဆောင်ရွက်သူများက အမှန်တကယ်ဖြစ်ပေါ်လာစေရန် ကြိုးပမ်းနေသောအရာပင် ဖြစ်သည်။

ကယားပြည်နယ်အတွင်း ရေရှည်တည်တံ့သော ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကဏ္ဍကို ဖော်ဆောင်မည့် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၉ သန်းတန်ဖိုးရှိ အစီအစဉ်တစ်ရပ်အား နိုင်ငံတကာ ကုန်သွယ်ရေးစင်တာ (International Trade Centre)က ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းကာ ၂၀၁၄ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အမျိုးသားပို့ကုန်မဟာဗျူဟာ(NES)၏ သတ်မှတ်ထားသော ကဏ္ဍ(၁၁)ခု အနက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအား နည်းပညာပိုင်းဆိုင်ရာ ကူညီမှုများပေးရန် ရွေးချယ်ခဲ့သည်။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကဏ္ဍတို့ ညှိနှိုင်းတိုင်ပင်ကာ ကယား(ကရင်နီ)ပြည်နယ်ကို ၂၀၁၄ မှ ၂၀၁ရအထိ (၃)နှစ်တာ စီမံကိန်းဒေသအဖြစ် ရွေးချယ်စေခဲ့သည်။

ဤအစီအစဉ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်နှင့် ဒေသတွင်း လူမှုအသိုင်းအဝိုင်းများကို ဝင်ငွေတိုးမြှင့်ပေးရန် ရည်မှန်းထားသည်။ ထို့အတူ အစားအသောက်များ၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးတို့သာမက ဝန်ဆောင်မှု စီမံခန့်ခွဲရေးတို့အတွက် မွမ်းမံသင်တန်းများလည်း စီစဉ်ပေးထားသည်။

အဘယ့်ကြောင့်ဆိုသော် ကယား(ကရင်နီ)ပြည်နယ်သည် ရိုးရာယဉ်ကျေးမှုဆိုင်ရာလေ့လာလိုသော ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့် အချက်များနှင့် ပြည့်စုံသည့်အရင်းအမြစ်များ တည်ရှိ နေသေးသည့်အပြင် ခရီးသွားကဏ္ဍနှင့်ဆက်စပ်သည့် အခြားစီးပွားရေးလုပ်ငန်းများလည်း အောင်မြင် လာနိုင်မည့် အခြေအနေများကို မြင်တွေ့နေရခြင်းကြောင့်ဟု ထိုစီမံကိန်း၏ ရည်ရွယ်ချက်ကဆိုသည်။

သို့သော် အားကောင်းလာသော ခရီးသွားလုပ်ငန်းသည် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် နိုင်ငံရေး၏ စနစ်အပေါ်အများကြီးမူတည်ကြောင်း ကယားပြည်နယ်ဧည့်လမ်းညွှန်အသင်းဥက္ကဌ ဦးဌေးအောင်က ဆိုသည်။ ထိုအပြင် ၎င်းက ခရီးသွား လွတ်လပ်ခွင့်များရရှိလာပါက သံလွင်မြစ်ဘေး လှေစီးခရီးစဉ်နှင့်သဘာဝခရီးသွားလုပ်ငန်းနှင့် ခြေကျင်လျှောက် ညအိပ် ခရီးစဉ်များတို့ချဲ့လာနိုင်ရန် သူ့အနေဖြင့် မျှော်လင့်နေသည်။ (ယခုမူကာ နိုင်ငံခြားခရီးသည်များကို လွိုင်ကော်မြို့နယ် ပတ်ဝန်းကျင်၊ ဒီးမော့ဆိုမြို့ပေါ်နှင့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း အကောင်အထည်ဖေါ်ထားသောဒေသများနှင့် ဖရူဆိုမြို့ပေါ်တွင်သာ အကန့်အသတ်ဖြင့်သာ အာဏာပိုင်းများက ခွင့်ပြုထားသည်။)

ထိုသို့ စီမံကိန်းအဖြစ် ရွေးချယ်ရန်အတွက်လည်း ကယားပြည်နယ်သည် ရှားပါးသော ကိုယ်ပိုင်ယဉ်ကျေးမှုများ ဖြစ်သည့် ရိုးရာဝတ်စားဆင်ယင်မှုများနှင့် ဓလေ့ထုံးစံများထိန်းသိမ်းခြင်း၊ ရိုးရာမပျက်လုပ်ကိုင်လျက်ရှိသော လက်မှုလုပ်ငန်းများနှင့် ဒေသထွက်ရိုးရာစားသောက်ကုန် လုပ်ငန်းများကိုမြှင့်တင်ရေးသည် လွန်စွာ အရေးကြီးနေခဲ့သည်။

ယင်းနောက်တွဲ၏ အဖြေက စိတ်ပျက်စရာတစ်ခုတော့ မဟုတ်ခဲ့ချေ။ မြန်မာနိုင်ငံရှိ ရပ်ရွာလူထုအခြေပြု ခရီးစဉ်ဒေသကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ Asean Community Based Tourism Award 2017 ဆုကို ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ တနီးလာလဲနှင့် ပန်ပက်ခရီးစဉ်က ရရှိခဲ့သည်။ ထိုဆုကို ၎င်းအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ဒေသနှစ်ခုကသာ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ကယားပြည်နယ်အတွင်း ၂၀၁၅ ခုနှစ် နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုသည် ၂၀၁၆ ခုနှစ်အရောက်တွင် ၆ဝ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ ထိုရာခိုင်နှုန်းဖြင့် ခရီးသွားလုပ်ငန်းတိုးတက်လာမှု၏ ရှေ့ပြေးနမိတ်အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(လွိုင်ကော်ရုံး)အနေဖြင့် ၂၀၁ရ ခုနှစ်အတွင်း နိုင်ငံခြားခရီးသည် ဦးရေ ၁၀,၀၀ဝ ဦး ဝင်ရောက်ရန် ရည်မှန်းထားသည်။

ထိုခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုမှသည် ၎င်းနှင့် စပ်ဆက်သော စီးပွားရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုများနှင့်အတူ ကျေးလက်နေဒေသခံများ၏ လက်ထဲကို ခရီးသွားလုပ်ငန်းမှ ရရှိလာသော အကျိုးအမြတ်ကို ထည့်ပေးနိုင်ရန် မိမိတို့ဌာနက ရည်ရွယ်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(လွိုင်ကော်ရုံး)၏ စစ်ဆေးရေးမှူး(၁) ဦးအောင်ကျော်သူက ဌာနကိုယ်စားပြောသည်။
“ကျနော်တို့ ပြည်နယ်ရဲ့ ဝင်ငွေတွေ တက်လာမယ်ပေါ့။ အလုပ်အကိုင်အခွင့်အလမ်းတွေရလာမယ်။” ဦးအောင်ကျော်သူက ဌာန၏ ဦးတည်ချက်ကို ချပြသည်။
ရည်မှန်းချက်ဖြစ်သော ခရီးသည်တိုးတက်လာမှုအတွက် ကြိုတင်ပြင်ဆင်ရန် လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့် ဆက်နွယ်သော လည်ပတ်စရာနေရာအဖြစ် ကယားလူမျိုးစုများနေထိုင်ရာ ဒေါတမကြီးကျေးရွာနှင့် ပရဲ့(ကယော)လူမျိုးများနေထိုင်ရာ ထေခိုကျေးရွာကို ထပ်မံတိုးချဲ့ရန် တာစူနေသည်။

ထိုအတွက် လိုအပ်သော အခြေခံအဆောက်အဦးများကိုလည်း တည်ဆောက်နေပြီးဖြစ်ကာ လက်ရှိတွင် လွိုင်ကော်မြို့ပေါ်၌ ဟိုတယ်ပေါင်း ၁၃ လုံးနှင့် အခန်းပေါင်း ၂၉ဝ ရှိနှင့်နေပြီဟု ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(လွိုင်ကော်ရုံး)၏ စာရင်းက ဖေါ်ပြသည်။ ထပ်မံတိုးချဲ့ရန် လျှောက်ထားသော ဟိုတယ် ၁၄ လုံးအထိရှိနေပြီး အခန်းပေါင်း ၃၅ဝ အထိ ထပ်မံတိုးလာမည့်အတွက် ဦးအောင်ကျော်သူက “အလုပ်အကိုင်အခွင့်အလမ်း ၃၀ဝ ကျော်လောက် ဒေသခံတွေ အလုပ်အကိုင်ရလာလိမ့်မယ်” ဟု ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသည်။

၎င်းအပြင် သဘာဝခရီးသွားလုပ်ငန်းကို တိုးချဲ့ရန်လည်း ကယားပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမော်မော်က ကယားပြည်နယ်အစိုးရ၏ ခရီးသွားလုပ်ငန်းအပေါ် ထားရှိသော ရည်မှန်ချက်ကို ပြောသည်။ ဝန်ကြီး၏ အစိုးရအဖွဲ့က ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့နှင့် မြို့လွိုင်ကော်ကိုလည်း ညီအမမြို့တော်အဖြစ် မတ်လ ၉ ရက်နေ့တွင် လက်မှတ်ရေးထိုးရန်လည်း ကြိုးပမ်းနေကြသည်။

“နယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းကုန်သည်တွေနဲ့ အပြန်အလှန်ကူးလူးဆက်သွယ်ဆောင်ရွက်ဖို့လည်း ရည်ရွယ်သလို ထိုင်းဘက်ကနေ လွိုင်ကော်မြို့ကို လာလည်ချင်တဲ့ ခရီးသည်ပဲဖြစ်ဖြစ် လူထုအခြေပြုခရီးသွားလုပ်ငန်း(Community basis tourism)ပဲဖြစ်ဖြစ် အဓိကကတော့ Eco-tourism လုပ်ချင်လို့ပေါ့။” ဝန်ကြီးဦးမော်မော်က ကန္တာရဝတီတိုင်း(မ်)နှင့် တွေ့ဆုံစဉ် ပြောသည်။

ကယားပြည်နယ်အတွင်း၌ ၂၀၁၅ ခုနှစ်မှစ၍ လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့် ဆက်နွယ်သော လည်ပတ်စရာနေရာ ပန်ပက်နှင့် တနီးလာလဲနှစ်ရွာသာ အကောင်အထည်ဖေါ်ဆောင်ရွက်ထားသည်။ ယခင်ကထက် ပိုမိုလာရောက်လည်ပတ်မည်ဟုမျှော်မှန်းထားရာ ခရီးသွားများအနေဖြင့် ထပ်မံလည်ပတ်စရာ ရွေးချယ်မှုများပိုမိုပြုလုပ်နိုင်ရန်နှင့် ဒေသခံများအတွက် တဖက်တလမ်းဝင်ငွေများရရှိနိုင်အောင် စီစဉ်နေပြီဟု International Trade Center (ITC)(လွိုင်ကော်-ကယားပြည်နယ်)ရုံး၏ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်အဲလစ်လွှန်းစွေက ပြောကြားသည်။
မြန်မာ့ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်ကာ ကယား(ကရင်နီ)ပြည်နယ်တွင်း ကမ္ဘာလှည့်ခရီးသည်များစိတ်ဝင်စားစေမည့် ခရီးစဉ်များကို တိုးချဲ့ပေးခြင်းသည် ပြည်နယ်တွင်း တိုင်းရင်းသားလူမျိုးစုများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးရာရောက်မည်ဟု ဒေါ်အဲလစ်လွှန်းစွေက ဆက်ပြောသည်။

လိ်ွုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့တို့သည် အနားယူ နေထိုင်ရန်သင့်တော်ပြီး အပူအအေးမျှတသော ခရီးသည်များလာရောက်လည်ပတ်ရာ ကယားပြည်နယ်၏ အဓိက ဒေသဖြစ်သည်။ လွိုင်ကော်မြို့ပတ်လည်တွင် ကျောက်တောင်ပေါ်တွင် ပုံစံအမျိုးမျိုးဖြင့်တည်ရှိနေသော ဘုရားစေတီပုထိုးပေါ်တွင် မနက်ခင်းနေထွက်ချိန်နှင့် ညခင်းဆည်းဆာနေဝင်ချိန်ကို ကြည့်နိုင်မည်။ ထို့အပြင် လွိုင်ကော်၌ ရိုးရာရက်ကန်းစက်ရုံများမှ ထွက်ရှိသော အဝတ်အထည်များကို အမှတ်တရအဖြစ်ဝယ်ယူသင့်တော်သည်။
ရက်သတ္တတပတ်လျှင် သုံးဈေးဖွင့်သော ဒီးမော့ဆိုရှိ မြို့မဈေးရှိ ခေါင်ဆိုင်တန်းများက သင့်ကို ဆွဲဆောင်နေလိမ့်မည်။ ယင်းဆိုင်တန်းတွင်း ဒေသထွက်ရိုးရာခေါင်ရည်မြည်းစမ်းရင်း မက်ခါသီးထောင်း(ဒေသထွက် ဟင်းခပ်အမွေးအကြိုင်တစ်မျိုး)ဖြင့် ရသာကောင်းမွန်ထူးခြားကာ ကယားပြည်နယ်တွင်းသာမက မြန်မာနိုင်ငံတစ်ဝှမ်း၌ လျှမ်းလျှမ်းတောက် နာမည်ကြီးအစားအစာဖြစ်သော ကယားဝတ်အူချောင်းနှင့် ရိုးရာခရုပြုတ်ကို မဖြစ်မနေ သုံးဆောင်သင့်သည်။ ထိုအပြင် လက်ဆက်သော သားငါးများနှင့် တခါတရံတောကောင်များကို အရှင်အဖြစ်ဖမ်းယူကာ ဈေးအတွင်းရှိ နေရာကွက်လပ်တွင် ပြသရောင်းချထားမှုက စားသုံးသူ၏ ဝယ်ယူချင်စိတ်ကို တိမ်းညွှတ်စေလိမ့်မည်။
သို့သော် ကမ္ဘာလှည့်ခရီးသွားများ မျက်စိကျနှစ်ခြိုက်ကြသော အရာသည် လွိုင်ကော်၏ အပြင်ဖက် တနည်းအားဖြင့် ဒီးမော့ဆိုရှိ ကယားလူမျိုးစုနေထိုင်ရာကျေးရွာနှင့် ကယန်းလူမျိုးစုများနေထိုင်ရာဒေသ၊ ၎င်းအပြင် ဖရူဆိုမြို့နယ်ရှိ ကယော(ပရဲ့)လူမျိုးများနေထိုင်ရာဒေသများပင်ဖြစ်သည်။ ခရီးသည်များ သဘောအကျဆုံးအရာသည် ရိုးရာလူမျိုးစုများပင်ဖြစ်သည်ဟုု ဦးဌေးအောင်က သူ့၏ ဧည်လမ်းညွှန်ဘဝဖြင့် ဖြတ်သန်းရာတွင် ရရှိခဲ့သော အတွေ့အကြုံကိုအရင်းတည်ကာ မှတ်ချက်ပြုညွှန်းဆိုသည်။ အခြားဒေသနှင့်မတူ စစ်မှန်သောယဉ်ကျေးမှုအမွေအနှစ်ကျန်ရှိရာ ဒေသသည် ထိုနေရာများပင်ဖြစ်သည်ဟု သူက ထပ်လောင်းပြောသည်။

ခရီးသွားလုပ်ငန်းဖေါ်ဆောင်ရင်နှင့်ပဲ ထိုယဉ်ကျေးမှုအမွေအနစ်များကို ဆက်လက်ထိန်းသိမ်းရန် ပါဝင်ပတ်သက်အားလုံး၌ တာဝန်ရှိသည်ဟု သူက အကြံပြုသည်။
ခရီးသွားလုပ်ငန်းမှ ရရှိလာမည့် အကျိုးအမြတ်များကို လက်ရှိဒေသခံများ တိုက်ရိုက်ခွဲဝေ ခံစားနိုင်ရန် တိကျသေချာသော စီမံချက်များကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဗျူဟာအဖြစ် ထည့်သွင်းစဉ်းစားခြင်းသည် လိုအပ်ချက်တရပ်ဖြစ်သည်။ နယ်မြေငြိမ်းချမ်းတည်ငြိမ်းမှုနှင့်အတူ သက်ဝင်လာမည့် ခရီးသွားလုပ်ငန်း၏ နောက်ဆက်တွဲ အကျိုးဆက်ကို ဒေသခံများအားလုံး ခံစားစေချင်ဟု ဦးဌေးရယ်က အလုပ်အကိုင်အာမခံချက်မရှိသေးသော ကယားပြည်နယ်၏လူသားအရင်းအမြစ်ကို ညွှန်းဆိုသည်။
ထို့အပြင် ပြည်ပရောက် ကယား(ကရင်နီ)ပြည်နယ်၏ ဌာနေတိုင်းရင်းသားများ ယဉ်ကျေးမှုနှင့် လူပုဂ္ဂိုလ်များ အခြားဒေသတွင် အသုံးချခံရနေမှုကိုလည်း သူ့အနေဖြင့် နေရပ်ကိုပြန်လာစေချင်နေသည်။ နေရပ်ပြန်လာနိုင်အောင်လည်း မူလနေရင်းနေရာတွင် ခရီးသွားလုပ်ငန်းမှ ရရှိလာသော အလုပ်အကိုင်အခွင့်အလမ်းကို အသုံးချကာ ဘဝရပ်တည်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သူများအားလုံးနှင့် အစိုးရတွင်တာဝန်ရှိသည်ဟု ဦးဌေးအောင် ယုံကြည်နေသည်။
“ငြိမ်းချမ်းလာရင်တော့ အားလုံးအဆင်ပြေလာမှာပါ။” ဟု ဦးဌေအောင်က သူ့၏ သံဓိဌာန်ကို ကြုံးဝါးလိုက်သည်။

Comments

comments