spot_imgspot_imgspot_imgspot_img
Tuesday, March 25, 2025
spot_imgspot_imgspot_imgspot_img

လေကြောင်းဗုံးကြဲခံရတဲ့ စစ်ရှောင်စခန်းက စာသင်ကျောင်းကို ရွေ့ပြောင်းဖို့ အကူညီလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေါဆိုခူကျေးရွာအနီးက စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့ပြီးနောက်ပိုင်း အဆိုပါစစ်ရှောင်စခန်းက စာသင်ကျောင်းကို ရွေ့ပြောင်းဆောက်လုပ်ဖို့အတွက် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသူ အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

လတ်တလောမှာတော့ မူလစာသင်ကျောင်းဟောင်းမှာ စာမသင်ကြားတော့ဘဲ တောထဲတစ်နေရာမှာ အမိုးအကာမရှိ သင်ယူနေကြတယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းဆောင်အပြင် ဗုံးခိုကျင်းလည်း လိုအပ်တယ်လို့ ဆိုပါတယ်။

“အရင်ကသူတို့ကျောင်းမှာက ဗုံးခိုကျင်းတစ်ခုရှိတယ်။ ဒါပေမဲ့ ရှိတဲ့ ဗုံးခိုကျင်းကလည်း ခိုင်ခံ့မှု နည်းတာပေါ့။ အခု လေယာဥ်ကြဲပြီးတဲ့နောက်ပိုင်းမှာတော့ သူတို့ ရွှေ့တဲ့ တောထဲ တစ်နေရာမှာ သူတို့ ဗုံးခိုကျင်း လိုအပ်တာပေါ့။” လို့ စစ်ရှောင်ကူညီဆောင်ရွက်သူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဲ့ဒီ စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်အမျိုးသမီး (၂) ဦး နဲ့ အမျိုးသား (၁) ဦးသေဆုံးခဲ့တာရှိပါတယ်။

အခုလို စစ်ရှောင်လူထုတွေရှိတဲ့နေရာ စာသင်ကျောင်းရှိတဲ့ နေရာကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီ လုပ်ရပ်တွေကြောင့် ကျောင်းသားအပြင် ကျောင်းသား မိဘတွေလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာကြတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကိုယ်တွေတုန်းကလည်း ပညာမတတ်ခဲ့ရတော့ ကိုယ့်ကလေးတွေကိုတော့ ပညာတကယ် သင်ယူစေချင်တယ်လေနော်။ ဒါပေမဲ့ အခုက စာသင်ကျောင်းလည်း မချန် ဗုံးကြဲနေတော့ ဘယ်လိုမှ ကိုယ့်ကလေးကို ကျောင်းလွှတ်ဖို့ကျ စိတ်မသက်သာရဘူးလေ။ကိုယ့်ကလေး တစ်ခုခုဖြစ်မှာ‌တော့ ဘယ်သူမှ မလိုလားဘူးလေနော်။“လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဆိုပါ စာသင်ကျောင်းမှာ အတန်း ၇ တန်းထိဖွင့်လှစ်ထားပြီး ကျောင်းသားပေါင်း ၆၂ ယောက်နဲ့ ဆရာ၊ မ ၉ဦး ရှိတယ်လို့ သိရပါတယ်။

ကျောင်းဆောင် အပြင် ဗုံးခိုကျင်းပါ တည်ဆောက်သွားမှာဖြစ်ပြီး ရရှိလာမယ့် အကူအညီအပေါ် မူတည်ကာ တည်ဆောက်မှုပုံစံလည်း ကွာခြားမှာဖြစ်တယ်လို့ အဆိုပါ စစ်ရှောင်ကူညီဆောင်ရွက်သူ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

“ဘတ်ဂျက်တော့ တွက်ထားခိုင်းတယ်။ ပြန်လည်တည်ဆောက်ရမယ့်ဟာတွေက ကျပ်သိန်း ၂၀၀ ကျော်က ကုန်ပြီးသားပေ့ါနော်။ လိုအပ်ချက် အခြေအနေ အရဆိုရင်။ အကူအညီတွေများများရရင်တော့ တည်ဆောက်မှုပုံစံလည်း ကွာမှာပေါ့။ ဥပမာ အဆင်ပြေ ခိုင်ခိုင်မာမာ ပိုဆောက်နိုင်မှာပေါ့။ တည်ဆောက်သွားမှုအခြေအနေကလည်း ဘတ်ဂျက်အပေါ်လည်း မူတည်တော့ “လို့ သူက ဆိုပါတယ်။

လက်ရှိ ကရင်နီပြည်က စစ်ရှောင်စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းရှိပြီး တည်ဆောက်ထားမှု ပုံစံသာကွာခြားတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်း‌ရေးမှူး -၂ ဦးဗညားက အခုလိုပြောပါတယ်။

“စာသင်ကျောင်းတိုင်းမှာတော့ ဗုံးခိုကျင်းရှိကြတာပေါ့နော်။ ဒါပေမဲ့ အတိုင်းအတာတစ်ခုချင်းစီတော့မတူဘူးပေါ့နော်။ တချို့ကစနစ်တကျ တည်ဆောက်ထားတာရှိတယ်။ တချို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ကို တည်ဆောက်ကြတာပေါ့နော်။ သေချာတာတစ်ခုက စနစ်တကျ တည်ဆောက်ပေးရုံနဲ့ မပြီးဘူးပေါ့နော်။ ဗုံးခိုကျင်းထဲ စနစ်တကျ ဘယ်လို ဝင်ရှောင်ရမလဲဆိုဟာလည်း လုပ်ပေးဖို့လိုတာပေါ့နော်” လို့ ဦးဗညားက ဆိုပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်တာကာလအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ကရင်နီပြည်မှာ စာသင်ကျောင်းပေါင်း (၂၆)လုံးပျက်စီးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts