spot_imgspot_imgspot_imgspot_img
Sunday, July 20, 2025
spot_imgspot_imgspot_imgspot_img

လေကြောင်းရန်ကြောင့် ဖရူဆိုမြို့နယ် နယ်စပ်က စစ်ရှောင်ကျောင်းသားတွေ တောထဲမှာ စာသင်နေရ၊ မိုးတွင်း သွားလာရခက်ခဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် နယ်စပ်မှာ ရှိတဲ့ ကလိလျား(ဂျူလော) စစ်ရှောင်စခန်းက ကျောင်းသူ၊ ကျောင်းသားတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်တွေကြောင့် တောတောင်ထဲမှာ စာသင်ကျောင်းဖွင့်ထားရပြီး မိုးတွင်းမှာ သွားလာရခက်ခဲနေတယ်လို့ စာသင်ကျောင်းတာဝန်ခံ ဆရာမနော်ကပေါ်ထူးက ပြောပါတယ်။

” တိုက်ပွဲက ဖြစ်တော့ ဒီဘက်ကို လက်နက်ကြီးကျော်လာတော့ တောထဲမှာ ကျောင်းဆောက်ပြီးတော့ အဲ့မှာပဲ တက်ဖြစ်သွားတာပေါ့၊ အဓိက လက်နက်ကြီးရယ်၊ လေကြောင်းရယ်ပေါ့။ အခုက တိုက်ပွဲငြိမ်သွားပြီ ဒီမှာပဲ ပြန်လာတက်မလားဆိုပြီးတော့ ခုလည်း လေကြောင်းက ခနခဏ လာတော့ စိုးရိမ်နေတော့ တောထဲမှာပဲ ဆက်ပြီး သင်ဖြစ်သွားတယ်။” လို့ ဆရာမ နော်ကပေါ်ထူးက ပြောပါတယ်။

လက်ရှိမှာတော့ မိုးရွာသွန်းမှု များတာကြောင့် တောထဲက စာသင်ကျောင်းကို သွားလာဖို့ အခက်အခဲတွေရှိနေပြီး ကျောင်းသူ၊ ကျောင်းသားတွေအတွက် မိုးတွင်းစီး ဖိနပ်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“မိုးရွာတဲ့ အချိန်ဆိုရင် လမ်းက ဒီလို အခြေအနေရှိတာပေါ့၊ ကျောင်းမှာဆိုရင်လည်း မိုးရွာတဲ့အခါမှာ အဖျားတက်တာရှိတယ်၊ ဆေးမရှိတော့ မပြုစုနိုင်ဘူး၊ ဒီအတိုင်း လွှတ်ပြန်လိုက်ရတာမျိုးရှိတော့ တော်တော်လေး အခက်အခဲရှိတယ်။”လို့ စေတနာ့ဝန်ထမ်း တစ်ဦးဖြစ်တဲ့ ဒိုနေစေးက ပြောပါတယ်။

ကလိလျား(ဂျူလော) စစ်ဘေးရှောင်တွေရဲ့ ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းမှာတော့ KG တန်းကနေ အထက်တန်းအထိ တစ်ခန်းထဲ စုပေါင်း သင်ကြားနေရပြီး အခန်းခွဲ စာသင်ကြားမှုတွေ လုပ်နိုင်ဖို့ အတွက် အမိုးအကာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောတောင်တွင်း မှာ စာသင်နေကြရတာကြောင့် ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေလည်း ဖြစ်ပွားသူရှိနေပါတယ်။

အဆိုပါ ကလိလျား(ဂျူလော) စစ်ဘေးရှောင်စခန်းရဲ့ ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းမှာ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ရှိပြီး၊ ဆရာ၊ ဆရာမ ၁၃ ဦးက သင်ကြားပေးနေပါတယ်။

spot_img

Recent posts