ကန္တာရဝတီတိုင်း(မ်)
ကရင်နီ-ရှမ်းပြည်နယ်စပ်၊ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအနီးက မြင်းမထိတောင် မှာ သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်နေတဲ့ လေးပွင့်ကြယ်ကုမ္ပဏီရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးဘက်စုံကို ပရာဒေါင်းဆွေမျိုးစု နယ်မြေဒေသအတွင်းက ထွက်သွားဖို့ ပရာဒေါင်းဆွေမျိုးစုက ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
ဦးဘက်စုံက ပရာဒေါင်းဆွေမျိုးစုတို့နေထိုင်ရာ သိကျိတ်ကျေးရွာအတွင်းမှာ နေထိုင်ပြီး တရုတ် မစ္စတာဝမ်ကုမ္ပဏီနဲ့ မြင်းမထိသတ္တုတူးဖော်ရေးမှာ တက်ကြွလုပ်ဆောင်သူဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“မြင်းမထိတောင်ကို သူ့ဘိုးဘွားမိဘ အမွေပေးထားသလို သဘောထားပြီး စိတ်ကြိုက် ခြယ်လှယ်နေသူလည်းဖြစ်သည်။” လို့ ဦးဘက်စုံနဲ့ ပါတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ ပရာဒေါင်းဆွေမျိုးစုက ပြောဆိုထားပါတယ်။
နယ်နှင်ဒဏ်ပေး တဲ့ အသိပေးထုတ်ပြန်စာမှာတော့ မေလ ၁ ရက်နေ့ နောက်ဆုံးထားပြီး မြင်းမထိ နယ်မြေအတွင်းက ထွက်ခွာသွားဖို့ တောင်းဆိုထားပြီး မထွက်သွားပါက ဒေသခံတွေနဲ့အတူ ပူးပေါင်းပြီး ဖမ်းဆီးသွားမယ်လို့ ပရာဒေါင်းဆွေမျိုးစုက ပြောပါတယ်။
လေးပွင့်ကြယ်ကုမ္ပဏီ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဘက်စုံဟာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မောင်ဘလောက်ကျေးရွာ ဇာတိကဖြစ်ပြီး ကယန်းပြည်သစ်ပါတီ ( KNLP ) ဗဟိုကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်ဝန်းကျင်မှာ မြင်းမထိသတ္တုတွင်းက လေးပွင့်ကြယ်ကုမ္ပဏီရဲ့ လုပ်ကွက်တာဝန်ခံအဖြစ် ၂၀၂၃ ခုနှစ် အထိ တာဝန်ယူစီမံခန့်ခွဲပိုင်ခွင့် အပြည့်အဝရှိသူတစ်ဦးဖြစ်တယ်လို့လည်း ပရာဒေါင်းဆွေမျိုးစုက ပြောပါတယ်။
လက်ရှိမှာတော့ လေးပွင့်ကြယ်ကုမ္ပဏီရဲ့ ခဲ၊ သတ္တုတူးဖော်ရေး လုပ်ကွက် (C) မှာ ဦးဘက်စုံ နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဦးဘက်စုံဟာ မြင်းမထိတောင်က ခဲလုပ်ကွက်တွေမှာ စိတ်ကြိုက်အခွန်ခကောက်ံပြီး ဖော်ဆောင်ထားတဲ့လုပ်ကွက်တွေလည်း ရှိနေတယ်လို့ ပရာဒေါင်းဆွေမျိုးစုဘက်က ပြောဆိုထားပါတယ်။
ပရာဒေါင်းဆွေမျိုးစုရဲ့ နယ်မြေထဲက မြင်းမထိတောင်မှာ အကြီးစားသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ လေးပွင့်ကြယ်ကုမ္ပဏီနဲ့ တရုတ် မစ္စတာဝမ် ကုမ္ပဏီ ကို ဒေသခံတွေက ကန့်ကွက်ဆန္ဒထုတ်ဖော်နေပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေရဲ့ တားဆီးမှုကြောင့် လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ စက်ယန္တရားပို့ဆောင်မှုကို ကုမ္ပဏီတွေဘက်က ရပ်တန့်ထားတယ်လို့ သိရပါတယ်။