ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး ဒေသခံတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေဖို့ လွိုင်ကော်တက္ကသိုလ်ကို အမြန်ဆုံးဖွင့်လှစ် သင်ကြားနိုင်ဖို့ အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၂၁ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက် ကရင်နီပြည်က တက္ကသိုလ်ကျောင်း၊ ကောလိပ်ကျောင်းက ကျောင်းသူ၊ကျောင်းသား ၊ ဝန်ထမ်းအများစုဟာ CDM ပြုလုပ်ထားကြသူအများစုဖြစ်ပါတယ်။ စစ်ကောင်စီက တက္ကသိုလ်ကျောင်းတွေ ဖွင့်လှစ်ပြီး လူထုတွေကို နေရပ်ပြန်လာဖို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း ဝါဒဖြန့်ချန်နယ်တွေမှာ ပြောဆိုလျက်ရှိပါတယ်။
လက်ရှိ လွိုင်ကော်မြို့ပြင်တွေမှာ တိုက်ပွဲမကြာခဏဖြစ်ပွားနေသလို လက်နက်ကြီးကျရောက်မှုတွေလည်း ရှိနေတာကြောင့် နေရပ်ကို ပြန်မလာရဲသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒ့ါအပြင် စစ်ကောင်စီရဲ့ ပြောဆိုမှုတွေကိုလည်း အယုံကြည်မရှိဘူးလို့ သူက ဆိုပါတယ်။
“တစ်ဖက်မှာတိုက်ပွဲဖြစ်တာတောင် တက္ကသိုလ်ကျောင်းတွေ ဖွင့်မယ်လို့ ကြားတယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် လုံခြုံမှုမရှိသေးတဲ့ မြို့ ၊ နယ်မြေလည်းဖြစ်သေးတော့ နေရပ်ပြန်ဖို့တော့ အစီအစဉ်တော့ မရှိသေးဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နေ့သင်တန်း ၊ အဝေးသင်တက္ကသိုလ် တက်ရောက်ဖို့ အခက်အခဲရှိနေကြတဲ့ ကျောင်းသူကျောင်းသားတွေအတွက် လွိုင်ကော် တက္ကသိုလ် အမြန်ဆုံးပြန်လည်ပြင်ဆင်ဖွင့်လှစ်နိုင်ရေး ကို ဇန်နဝါရီလ ၂၁ ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက လွိုင်ကော်တက္ကသိုလ် ပျက်စီးမှုအခြေအနေကို ရှင်းလင်းတင်ပြတာ ၊ ပြုပြင်ရေးအခြေအနေနဲ့ ကုန်ကျစရိတ်တွက်ချက် တင်ပြခြင်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်အချိန်မှာ ပြန်လည်ဖွင့်လှစ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် တစ်လေးလုံးစစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီ စစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာ ၊ လက်နက်ကြီးအများအပြား ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့ပါတယ်။
လက်ရှိမှာလည်း လွိုင်ကော်မြို့ရဲ့ အခြေအနေ တည်ငြိမ်နေပြီဖြစ်တာကြောင့် ၂၀၂၄-၂၀၂၅ခုနှစ် ပညာသင်နှစ်ကစပြီး လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ် ၊ အစိုးရစက်မှုလက်မှုသိပ္ပံ တို့ကို ပြန်လည်ဖွင့်လှစ်နေတယ်လို့ စစ်ကောင်စီက ပြောဆိုထားတာရှိပါတယ်။