spot_imgspot_imgspot_imgspot_img
Wednesday, January 22, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်တိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို KNDF က ဆေးကုသပေးပြီး ကောင်းမွန်စွာထားရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ လွိုင်ကော်မြို့အနီးက လင်ဖုံလေး တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ကနေ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ စစ်သုံ့ပန်းတွေကို လက်ရှိမှာ ဆေးဝါးကုသမှုပေးပြီး ကောင်းမွန်စွာထားရှိတယ်လို့ ဒီကနေ့ ဒီဇင်ဘာလ ၂ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ရုပ်သံဖိုင်နဲ့ အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်သုံ့ပန်းတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၆) ရက်နေ့က တိုက်ပွဲအတွင်းမှာ ဖမ်းဆီးမိထားတာဖြစ်ပါတယ်။ သုံ့ပန်း ၅ ဦးကို ဖမ်းဆီးခဲ့ပေမယ့် ဆေးကုသမှု ခံယူနေရင်း တစ်ဦးသေဆုံးသွားခဲ့ပြီး ကျန်ရစ်သူတွေကို ဆေးကုသမှု ဆက်လက်ပေးနေတာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကို ဒီကနေ့မှာ ပြောပါတယ်။

“စစ်သုံ့ပန်း ၅ဦးဖမ်းမိတာပေါ့နော်။ တစ်ဦးကတော့ ဆေးကုသမှုခံယူနေတုန်းမှာဆုံးသွားတာရှိပါတယ်။ ကျန်တဲ့သူတွေအားလုံးကအဆင်ပြေပါတယ်။ ဆေးကုသမှု ပေးနေတာဖြစ်ပါတယ်။ “လို့ တာအယ်စိုးက ဆိုပါတယ်။

KNDF ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ စစ်သုံ့ပန်းတစ်ဦးဖြစ်တဲ့ ခလရ(၈၀)လက်အောက်ခံ ကိုယ်ပိုင်နံပါတ် ပစ/၁—-၀ တပ်သား မျိုးသက်မင်းကလည်း ဆေးကုသမှုခံယူရတာကြောင့် ဒဏ်ရာသက်သာလာတယ်လို့ KNDF မေးမြန်းချက်ကို တုန့်ပြန်ပြောဆိုထားပါတယ်။

“အခုကတော့ ပါလာတဲ့ ၅ယောက်ကပေါ့ သေတဲ့သူက သေပြီး ကျန်နေခဲ့တာ။ ဒီဖက်က ဆေးကုပေးတာပေါ့ အခုကတော့ တော်တော်လေး သက်သာပါပြီ ။ ဆေးတွေဘာတွေ ထည့်ပြီးတော့ ကျည်ဆံတွေ ထုတ်ပြီးတော့ ဆေးထည့်ထားပြီးတော့ တော်တော်လေးတော့ သက်သာပါပြီ။”လို့ တပ်သား မျိုးသက်မင်းက ဆိုပါတယ်။

တပ်သား မျိုးသက်မင်းဟာ စစ်ကောင်စီတပ်ထဲ မိမိဆန္ဒအလျောက် ဝင်ရောက်လာတာမဟုတ်ဘဲ မဲနှိုက်စနစ်နဲ့ ရောက်လာတာဖြစ်ပြီး လွိုင်ကော်ရှေ့တန်းတိုက်ပွဲမှာ ရောက်ရှိတာ ၂လ ကျော် ကြာပြီလို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေဟာ စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံအမှတ် (၈၀) ခြေလျင်တပ်ရင်းက တပ်သားတွေဖြစ်ကြပါတယ်။ နိုဝင်ဘာလ ၂၆ ရက်နေ့ တိုက်ပွဲအတွင်း လွိုင်ကော်မြို့ကနေ အင်အား ၆၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၆ဦးထက်မနည်း သေဆုံးခဲ့သလို လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts