ကန္တာရဝတီတိုင်း ( မ် )
စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းက ယခင် တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ ရပ်ကွက်တွေမှာ မြေမြုပ်မိုင်းပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး နေအိမ်ပြန်တဲ့ အရပ်သားတွေ ထိခိုက်မှုရှိနေတယ်လို့ သိရှိရပါတယ်။
စစ်ကောင်စီက နေအိမ်ကို ပြန်လည်ကြည့်ရှုခွင့်ပြုထားတဲ့ ရပ်ကွက်တွေဖြစ်တဲ့ မင်းစု၊ ဒေါဥခူ၊ နောင်ယား၊ နာနတ်တော၊ ဝန်ထမ်းနေထိုင်တဲ့ တန်းလျားနဲ့ အစိုးရရုံး အအောက်အအုံအနီးတွေမှာ မိုင်းနင်းမိတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။
“ဖြစ်နေတာတော့ နေ့တိုင်းလိုလိုပဲ။ ထိလိုက်ရင်လည်း ပြည်သူတွေပဲ များတယ်။ လိုင်းပေါ်လည်း တင်လို့မရနေတာ။ တစ်ရက်တစ်ရက် ဒီလိုလမ်းကြောင်းတွေကို ကူညီပေးနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းကြောင့် ထိခိုက်မိသူတွေဟာ မှိုနှုတ်သူ၊ အသီးအရွက်ခူးသူ၊ နေအိမ်ဖောက်ထွင်းသူတွေ၊ နေအိမ်ကို ပြန်လည်ကြည့်ရှုသူတွေနဲ့ အိမ်ရှင်ကိုယ်စား သွားရောက်ကြည့်ရှုပေးသူတွေ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ ရပ်ကွက်တွေအတွင်း စစ်ကောင်စီက နေအိမ်ကိုပြန်လည်ကြည့်ရှုခွင့်ပြုပြီးနောက်ပိုင်း အခုလို မိုင်းနင်းမိပြီး ထိခိုက်သူတွေ ရှိနေတာပါ။
ဒေသခံတချို့ရဲ့ ပြောကြားချက်အရ မိမိနေအိမ်အတွင်း မိုင်းရှင်းလင်းပေးဖို့ စစ်ကောင်စီလက်အောက်ခံ စစ်အင်ဂျင်နီယာာတပ် (GE) တပ်ဖွဲ့ဝင်တွေကို ငွေကြေးပေးခဲ့ပေမယ့် ရှင်းလင်းဖို့က ကျန်ရစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ မိုင်းနင်းမိတာ အများစုရှိနေတဲ့ ဒေါဥခူ၊ နာနတ်တော၊ နောင်ယား စတဲ့ ရပ်ကွက်တွေမှာ နေအိမ်ပြန်ကြည့်တာတွေ မလုပ်ဆောင်သေးစေလိုကြောင့် ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“သူတို့ (စစ်ကောင်စီ) ထောင်တဲ့မိုင်းကို သူတို့ ပြန်မရှင်းနိုင်ကြဘူး။ ပိုက်ဆံပေးပြီး ရှင်းခိုင်းတဲ့အိမ်တွေမှာလည်း ကွဲတာရှိတာပဲ။ ဖြစ်နိုင်ရင်တော့ အဲ့ဒီရပ်ကွက်တွေက (ဒေါဥခူ၊ နာနတ်တော၊ နောင်ယား) မပြန်ကြည့်သေးတာ ပိုကောင်းပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းကြောင့်ထိခိုက်မိတဲ့ ပြည်သူတွေကို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က အမည်စာရင်းကောက်ယူတာ ရှိတယ်လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီက ရွှေတောင်၊ နောင်ယား၊ မိုင်းလုံး၊ မင်းစု ၊ ဈေးပိုင်း၊ ရှမ်းပိုင်း စတဲ့ ရပ်ကွက်တွေမှာ ပြန်လည်နေထိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ယခုဇွန်လအတွင်း မိုင်းကြောင့် ထိခိုက်မိတဲ့အရပ်သားပြည်သူတွေ ၅ ဦးထက်မနည်း ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။