spot_imgspot_imgspot_imgspot_img
Friday, September 13, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်း ပိတ်မိနေတဲ့ ဒေသခံတချို့ လက်နက်ကြီး ထိမှန်သေဆုံး

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အတွင်းမှာ ဒီကနေ့ မနက်စောပိုင်းကစ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်မှု​ကြောင့် ထေးငှားလျား‌ကျေးရွာက သေဆုံးသူတချို့ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲဖြစ်နေစဥ် မနက် ၉ နာရီခန့်မှာ နေအိမ်ထဲ လက်နက်ကြီးကျ‌ရောက်ပြီး နေအိမ်တွင်းပုန်းခိုနေသူ ၃ဦးကို လက်နက်ကြီးထိမှန်ခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” ပရဟိတကားကို ချိတ်ပြီးပြီ။ ချိတ်ပြီးတာကို ပရဟိတကားက စောင့်ပေးပေါ့နော့။ စောင့်ပေးလို့ပြောတာကို စောင့်တယ်။စောင့်တဲ့အချိန်မှာ မနက် ၉ နာရီက ထိဆိုတော့ ညနေ ၃နာရီလောက်ထိ ကြာသွားခါကျတော့ တော်တော်လေးနာလာတယ်ပြောတယ်။ နာတော့မခံနိုင်တော့ဘူးတဲ့ ။ မခံနိုင်တော့တဲ့ခါမှာ သူ့ရဲ့အမျိုးသားက အရင်ဆုံး ဆုံးသွားတယ်။ ပြီးတော့မှ သူ့ရဲ့ကလေး တစ်နှစ်သား ထပ်ဆုံးသွားတယ်”လို့ အိမ်နီးချင်း ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူမှာ ထေးငှားလျားကျေးရွာမှာ နေထိုင်ကြတဲ့သူတွေဖြစ်ပြီး မိသားစုတစ်ခုထဲက အမျိုးသားနဲ့ ကလေး သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ကျန်ရစ်တဲ့ အမျိုးသမီးကတော့ ပေါင်မှာလက်နက်ကြီးထိမှန်ထားပြီး လက်ရှိမှာတော့ ပရဟိတကား လာခေါ်ထုတ်သွားပြီလို့ သိရပါတယ် ။

ထေးငှားလျားကျေးရွာထဲကို လက်နက်ကြီးကျရောက်ခြင်းကြောင့် နေအိမ်တွေလည်း ထိခိုက်ပျက်စီးထားတယ်လို့ ဒေသခံအမျိုးသမီီးတစ်ဦးက ပြောပါတယ်။

” အများကြီးပဲ။ပတ်ပတ်လည်ပေါ့နော အိမ်တွေ တော်တော်ထိထားတယ် အများကြီးပျက်တယ်”လို့ သူကပြောပါတယ်။

လွိုင်ကော်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်အသုံးပြုတိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ နှစ်ဖက်အထိအခိုက်ကိုတော့ မသိရှိရသေးပါဘူး။ စစ်ကောင်စီကတော့ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလောစစ်ရေးအခြေအနေအရ လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးများအား အသုံးပြုသွားလာခြင်းမပြုလုပ်ဖို့ KNDF ကတိုက်တွန်းထားပါတယ်။

spot_img
spot_img