ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်ကနေ ၁၁ နာရီခွဲဝန်းကျင်အထိ စစ်ကောင်စီရဲ့ မိုးဗြဲ အခြေစိုက် ခမရ (၄၂၂) တပ်ကနေ လက်နက်ကြီး တောက်လျှောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ထိခိုက်တာက နောက်ကြောကနေ ထိပြီး ရင်ဘတ်ပွင့်ထွက်တာပေါ့နော်။အဲ့တာ ပွဲချင်းပြီးသွားတာ။အခြားထိခိုက်တဲ့သူတွေတော့မရှိဘူး။ ” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
ထိခိုက်သူအမျိုးသမီးဟာ အသက် ၆၀ ဝန်းကျင်ရှိပြီး စစ်ရှောင်စခန်းရှိရာဖက်ကို တိမ်းရှောင်ဖို့ သွားရာကနေ ထိမှန်သွားတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက အဆိုပါ ကျေးရွာအပြင် အနီးအနားပတ်ဝန်းကျင်ကိုလည်း ပစ်ခတ်ခဲ့ပြီး နေအိမ်တချို့ ထိခိုက် ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ စစ်ကောင်စီက လက်နက်ကြီးအကြိမ်ရေ (၁၀) ကျော် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ကျေးရွာအတွင်းမှာတော့ လက်နက်ကြီး ၆လုံးထက်မနည်း ကျရောက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေလည်း ကျန်ရှိနေသေးတယ်လို့ အဆိုပါ ဒေသခံအမျိုးသားရဲ့ ပြောဆိုချက်အရ သိရပါတယ်။