spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ အမျိုးသမီး ၂ဦး မိုင်းနင်းမိ၊ တစ်ဦးမှာ ဘယ်ခြေတစ်ဖက်ဆုံးရှုံးခဲ့ရ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်က နောင်ယား(ခ) ရပ်ကွက်မှာ အမျိုးသမီး ၂ဦး မိုင်းနင်းမိခဲ့ရာ ထိခိုက်မှုများတဲ့ အမျိုးသမီးတစ်ဦးကတော့ ဘယ်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

ယမန်နေ့ မေလ ၅ ရက်နေ့မှာ လုပ်ငန်းခွင်အတွင်း ထမင်းစားနားပြီးချိန်မှာ နင်းမိခဲ့တာဖြစ်တယ်လို့ ကူညီဆောင်ရွက်ခဲ့သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“သူတို့က အလုပ်လုပ်နေတာပေါ့နော်။ အလုပ်လုပ်နေရင်း နေ့လည် ထမင်းစားနား ပြီး ပြန်ဆင်းလာတဲ့အခါမှာ နင်းမိတာလို့ ပြောတယ်။ ခြံကွင်းထဲမှာပေါ့နော်။တစ်ယောက်ကတော့ ဘယ်ခြေထောက် ပြတ်သွားတာပေါ့။ နောက်တစ်ယောက်ကတော့ မျက်လုံးထိတယ်။ သွေးထွက်သံယို မတွေ့ရဘူးပေါ့။” လို့ သူက ပြောပါတယ်။

အဆိုပါ ထိခိုက်ခဲ့သူ ၂ဦးကတော့ အသက်၃၀ ဝန်းကျင်အရွယ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်နေ ဒေါ်ချစ်ထွေး နဲ့ ဒေါ်စန်းစန်းနွယ်တို့ဖြစ်ပြီး နောင်ယား(ခ) ရပ်ကွက်မှာ အလုပ်လာလုပ်ရင်းကနေ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Ko Kyaw Kyi (Facebook)

ဘယ်ခြေဆုံးရှုံးခဲ့သူမှာတော့ ဒေါ်ချစ်ထွေးဖြစ်ပြီး ဒေါ်စန်းစန်းနွယ်ကတော့ မျက်လုံး ထိခိုက်သွားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

မြို့နေ လူထုတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားဖူးတဲ့ မြို့ပေါ် ရပ်ကွက်အတွင်း သွားလာဖို့လိုအပ်ပါက သတိထားပြီးသွားလာကြဖို့ အခုလို တိုက်တွန်းထားပါတယ်။

“ရပ်ကွက်ထဲမှာတော့ ရှိဦးမှာပဲလေ။ ဒါပေမဲ့ လူတွေရဲ့ စားဝတ်နေရေးကလည်း အဓိကကျတော့ အလုပ်ခေါ်ရင် အလုပ်သွားရတာရှိတော့ သတိဝိရိယနဲ့တော့ သွားလာကြပေါ့။ အဲ့ဒါလေးပဲ ပြောလို့ရမှာလေးနော်။”လို့ ကူညီဆောင်ရွက်သူတစ်ဦးက ဆက်ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ စစ်ဘေးရှောင်ပြီး နေအိမ်ကို ပြန်လာနေထိုင်သူတွေ၊ နေအိမ်သန့်ရှင်းရေး ပြန်လုပ်ကြတဲ့ ပြည်သူတွေဟာ မကြာခဏ မိုင်းနင်းမိကြတာရှိပါတယ်။ ပြန်လာနေထိုင်ပြီး စားဝတ်နေရေး ဖြေရှင်းဖို့ အလုပ်လုပ်ရင်းနဲ့လည်း မိုင်းနင်းမိကြတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ကန္တာရဝတီတိုင်း ( မ် ) ရဲ့ ပြုစုထားတဲ့စာရင်းအရ ပြီးခဲ့တဲ့ မတ်လ တစ်လအတွင်း ကရင်နီပြည်မှာ မြေမြုပ်မိုင်း ကြောင့် ထိခိုက်သူအရပ်သား ၈ ဦးရှိပြီး အဲ့ဒီထဲက ၂ ဦး သေဆုံးခဲ့ပါတယ်။

spot_img
spot_img