ကန္တာရဝတီတိုင်း ( မ် )
စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့ လွိုင်ကော်မြို့က သီရိမင်္ဂလာဈေး ( တောင်ဈေး ) က စျေးဆိုင်တန်းတွေကို အသစ်ပြန်လည်တည်ဆောက်နေပြီး ဆိုင်ခန်းအတွက် လိုအပ်တဲ့ သံတံခါး(လိပ်တံခါး) တစ်ချပ်ကို ၂၇ သိန်း ကျပ် တောင်းခံနေတယ်လို့ စျေးသည်တွေဆီကနေ သိရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးအဖွဲ့က တောင်းခံနေတာဖြစ်ပြီး အဆိုပါ တောင်းခံမှုအတွက် စျေးသည်တွေဘက်က အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။
“ဆိုင်ခန်းတွေတော့ ပြန်ရပေမဲ့ တံခါးတစ်ချပ် ၂၇ သိန်းကျော် များလွန်းတယ်လေ။ ကိုယ့်မှာက ဘာမှ ရှိတာမဟုတ်ဘူး။ စျေးသူစျေးသားတွေနဲ့ သွားပြီး ညှိခဲ့ပေမဲ့ မရခဲ့ပါဘူး။ ၂၇ သိန်းမသွင်းရင် ကိုယ့်ဆိုင်ကို ပြန်မရမယ့်သဘောပဲ။ ထောင့်ခန်းတွေဆို ၂ ချပ်စာလေ ၅၄သိန်း ဘယ်တတ်နိုင်တော့မလဲ။ ” လို့ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
အဆိုပါ တံခါးစျေးနှုန်းမှာ ပြင်ပပေါက်စျေးအရ လက်ခပါ အပြီးအစီး ၁၅ သိန်းကျပ်သာ ကုန်ကျတာကြောင့် လက်ရှိမှာ ငွေကြေးအဆမတန် ကောက်ခံနေတာဖြစ်တယ်လို့ သံပန်း လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။
“အပြင်လူတွေကို ပေးမလုပ်ဘူးဗျ။ ကျနော်ပုံမှန် လုပ်ပေးနေကြစျေးဆို ၁၅သိန်းထက် မပိုဘူး။ ” လို့ အဆိုပါ သံပန်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ အသစ်တည်ဆောက်နေတဲ့ သီရိမင်္ဂလာ(တောင်ဈေး) မှာ ဈေးဆိုင်ခန်းပေါင်း ( ၁၀၀၀ ) ကျော်ရှိပြီး ဆိုင်ခန်းတစ်ခန်းကို ၉ ပေ ပတ်လည် ရှိတယ်လို့ သိရပါတယ်။ ယခင်ကတော့ ၉ ပေ ၁၅ ပေ ပတ်လည် ရှိရာမှ လက်ရှိမှာတော့ ၉ ပေ ပတ်လည်နဲ့ ပြန်လည် တည်ဆောက်နေတာပါ။
အပြင်ဆိုင်တန်းလျားကို နှစ်ထပ်အဆောက်အအုံနဲ့ တည်ဆောက်နေသလို အပေါ်ထပ်မှာ ရှိမယ့် အခန်းပေါင်း ၁၉၂ ခန်းကိုတော့ တင်ဒါကုမ္ပဏီက ရမှာဖြစ်ပြီး ရောင်းချမယ့် ဈေးနှုန်းတွေကို မသိရှိရသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သီရိမင်္ဂလာ(တောင်ဈေး) တခုလုံး မီးလောင်ပြာကျခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ဈေးအသစ်ပြန်လည်တည်ဆောက်ရေးကို ၂၀၂၄ခုနှစ် မေလအတွင်းမှာ ပြန်လည်စတင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သီရိမင်္ဂလာ(တောင်ဈေး) မှာ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းနဲ့ အဝတ်အစားကို အဓိက ရောင်းချနေကြတယ်လို့ သိရပါတယ်။