spot_imgspot_imgspot_imgspot_img
Sunday, March 16, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ က သူခိုးများ

Author

Date

Category

CJ / ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီးနောက် ဒေသတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်ရဲ့ နေအိမ်တွေ၊ အဆောက်အဦးတွေ တော်တော်များများ ပျက်စီးသွားခဲ့ပါတယ်။ ကျန်နေတဲ့ နေအိမ်အများစုက ပစ္စည်းတွေဟာလည်း သူခိုးတွေကြောင့် ကုန်သလောက်ရှိပါပြီ။

အပျက်အစီးများခဲ့တဲ့ တစ်လေးလုံး မြို့ပြ စစ်ဆင်ရေးကာလအတွင်း တလဝန်းကျင်သာ တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် သူခိုးတွေကတော့ ဒီကနေ့ထိ ရှိနေဆဲဖြစ်ပါတယ်။ စစ်ပွဲမရှိတော့ရင် ဆုံးရှုံးမှုတွေမရှိတော့ဘူးလို့ ယူဆထားကြပေမယ့် အခုတော့ သူခိုးတွေကြောင့် ဆုံးရှုံးမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

အခုလို သူခိုးတွေများပြားနေဆဲ၊ မြို့ခံတွေရဲ့ ပစ္စည်းတွေ ပျောက်ဆုံးမှုတွေဖြစ်နေဆဲ ကိစ္စဟာ လွိုင်ကော်မြို့မှာ လုံခြုံရေး အားနည်းနေတာ၊ တရားဥပဒေစိုးမိုးမှု မရှိတာတွေကို မီးမောင်းထိုးပြနေတာပါ။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ လွိုင်ကော်မှာ သူခိုးတွေက ပစ္စည်းတွေကို ဘယ်လိုခိုးယူနေကြပါသလဲ။ ဘယ်သူတွေပါဝင်နေပါသလဲ။

လွိုင်ကော်မှာကျန်ရှိနေသေးတဲ့ မြို့ခံတွေရဲ့ ပြောပြချက်အရကတော့ ခိုးမှုတွေကို ကျူးလွန်နေသူတွေဟာ တခြားဒေသကနေ ကရင်နီပြည်၊ လွိုင်ကော်မြို့ကို ပြောင်းရွှေ့လာတဲ့ အလုပ်သမားတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေ၊ စစ်ပွဲအတွင်းမတိမ်းရှောင်ဘဲ ကျန်နေခဲ့တဲ့မြို့ခံတွေထဲက လူတချို့၊ စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ် နဲ့ စတန်းဒန့် အာမီလို့ ကိုယ့်ကိုယ်ကို ခိုင်းနှိုင်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်ပဲဖြစ်ပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့ကိုရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားများ

ကရင်နီပြည်ကို အာဏာမသိမ်းခင်ကတည်းက စပြီး ယခု ချိန်အထိ အလုပ်လာရောက် လုပ်ကိုင်ကြတဲ့ အခြေခံအလုပ်သမားတွေ အများကြီး ရှိပါတယ်။ လွိုင်ကော်ကို လာရောက်လုပ်ကိုင်သူတွေ ရှိသလို၊ ဘောလခဲ၊ ဖားဆောင်း စတဲ့ဖက်မှာ သွားရောက် လုပ်ကိုင်ပြီး စစ်ပွဲတွေကြောင့် လွိုင်ကော် ကို ပြန်လည် ပြောင်းရွှေ့လာကြသူတွေလည်း ရှိပါတယ်။

“စစ်ပွဲ ကာလတင်ကိုပဲ အခြားမြို့တွေကနေ ခိုးဖို့ဝင်လာကြတာတွေရှိတယ်။ သူတို့နဲ့ နဂိုထဲက ရောက်နေပြီးသား ကောင်တွေနဲ့ ပေါင်းခိုးကြတာ” လို့ မြို့တွင်းနေထိုင်သူတဦးက ပြောပါတယ်။

တချို့ သူခိုးတွေကို မြို့ခံတွေက ဖမ်းဆီးနိုင်ခဲ့ပေမယ့်လည်း ရဲစခန်းပိတ်ထားတာ ၊ သူခိုးတွေကို ဖမ်းဆီးထိန်းသိမ်းထားဖို့ အခက်ခဲတွေကြောင့် ဆုံးမပြီး ပြန်လွှတ်ပေးရုံသာ တတ်နိုင်တယ် လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ပွဲအတွင်း မတိမ်းရှောင်ဘဲ ကျန်နေခဲ့သော မြို့ခံတွေထဲက လူအချို့

စစ်ပွဲအတွင်း လွိုင်ကော်မြို့ ရဲ့ ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပေမယ့်လည်း ရပ်ကွက်တချို့မှာ နေထိုင်လို့ ရနေပါသေးတယ်။ တစ်လေးလုံး စစ်ဆင်ရေး ကာလမှာ အများစုက စစ်ဘေးရှောင်ကြပေမယ့် တချို့ ကတော့ နေစာရိတ်အခက်အခဲ၊ လမ်းခရီးအခက်အခဲတွေကြောင့် မတိမ်းရှောင်ကြပါဘူး။
ဒါ့အပြင် တချို့ကလည်း မိမိတို့ နေအိမ်လုံခြုံရေး အတွက် အိမ်စောင့် သဘောနေခဲ့ကြတာရှိသလို၊ တချို့ကတော့ “ တောမီးလောင်၊ တောကြောင်လက်ခမောင်းခတ်” ဆိုတဲ့ အကြံအစည်တွေနဲ့ နေထိုင်ကြပါတယ်။

တစ်လေးလုံး စစ်ဆင်ရေးကာလနဲ့ တိုက်ပွဲအနည်းငယ် ငြိမ်သွားတဲ့ ကာလတွေမှာ လွိုင်ကော်မြို့အတွင်း ကုန်စည်စီးဆင်းမှု ရပ်တန့်သွားပြီး ဖုန်း၊ အင်တာနက် လိုင်းတွေပါ ပြတ်တောက်ခဲ့ပါတယ်။ ဒီလိုချိန်မှာ စားဝတ်နေရေးကြောင့် ခိုးကြသလို၊ တချို့ လည်း မတော်လောဘနဲ့ ခိုးယူကြပါတယ်။

“ကျနော်ပြန်ရောက်တော့ ခိုးတဲ့ ကောင်တွေ က ပြောတယ်။ ငါတို့မခိုးလည်း အခြားလူ ခိုးမှာပဲတဲ့ ၊ သူတို့တောင် ကျေးဇူးတင်ရမလိုပဲ။”လို့ စစ်ရှောင်ပြီး နေရပ်ပြန်သူ တဦးကပြောပါတယ်။

ခိုးသူတွေရှိသလို ခိုးရာပါ ပစ္စည်း လက်ခံရောင်းချသူတွေကြောင့်လည်း သူခိုးအုပ်စုဟာ အတင့်ရဲပြီး ခိုးယူမှုတွေ တိုးပွားလာတယ်လို့ မြို့ခံတွေကဆိုပါတယ်။

“အရင် ပစ္စည်းဟောင်းဝယ်တဲ့ သူတွေက ခိုးရာပါပစ္စည်း လက်ခံ သူတွေဖြစ်လာတယ်။ သံတိုသံစ ကောက်သလိုလိုနဲ့ ပတ်ခိုးကြတယ်။ အရင်က တရုတ်ဘီးစုတ်(တရုတ်ထုတ် ဆိုင်ကယ်) စီးတဲ့ကောင်က ခုဆို ထိုင်းဘီးနဲ့ဘာနဲ့။ ခုထိလည်း သူခိုးဆိုင်တွေက အများကြီး၊ ကြည်သာယာ လမ်းမဘေး ပေါ်တင်ဖွင့်ထားတာပဲ” လို့ မြို့ခံတဦးက ပြောပါတယ်။

မူးယစ်ဆေးသုံးစွဲသူများ

လွိုင်ကော် ဟာ ဥပဒေ စိုးမိုးမှု ကင်းကွာလာတာနဲ့အမျှ မူးယစ်ဆေးသုံးစွဲမှုတွေလည်း မြင့်တက်လာပါတယ်။ မြို့ရဲ့ လုံခြုံရေးအတွက် ဆိုပြီး စစ်ကောင်စီကဖွဲ့ စည်းပေးထားတဲ့ ပြည်သူ့စစ် အဖွဲ့ထဲမှာလည်း အဖွဲ့ဝင်တွေကိုယ်တိုင်က မူးယစ်ဆေးဝါးသုံးစွဲကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“ဆေးက ရောင်းတဲ့သူကို မဖမ်းဘူး။ သုံးတဲ့သူတွေကို တခါတလေ ဖမ်းတယ်။ ပြီးရင်ငွေနဲ့ ရွေးလိုက်ရင် ပြန်လွတ်တယ်။ မရွေးနိုင်တဲ့ ကောင်တွေကိုကျ တပ်ထဲ ဝင်မလား၊ ပြည်သူ့စစ်လုပ်မလား ဆိုပြီး လုပ်တော့ ပြည်သူစစ်ထဲဝင်သွားကြရော အဲ့ဒီမှာပိုဆိုးကုန်ရော” လို့ မြို့ခံ တဦးကပြောပါတယ်။

ပြည်သူ့စစ်

တစ်လေးလုံး စစ်ဆင်ရေး ကာလအပြီး လွိုင်ကော်မှာ တိုက်ပွဲတွေ စတင်ငြိမ်သက်စဥ်ချိန်မှာတော့ စစ်တပ်က အရံအင်အားအနေနဲ့ မြို့ခံတချို့နဲ့ တခြားဒေသက တပ်ထောက်ခံသူတွေကို စစ်သင်တန်းပေးပြီး၊ ပြည်သူ့စစ်ကို ဖွဲ့စည်းကာ မြို့တွင်း၊ ရပ်ကွက်တွင်း ကင်းစောင့်စေပြီး မြို့ ရဲ့ လုံခြုံရေး လုပ်ငန်းတွေကို လုပ်ဆောင်စေခဲ့ပါတယ်။

လူအင်အားတောင့်တင်းဖို့အတွက် မြို့ခံ လူငယ်တွေကို လစာငွေနဲ့ စည်းရုံးသလို မူးယစ်မှု ၊ ခိုးမှုနဲ့ ဖမ်းဆီးရမိသူတွေကို ပြစ်မှု ကနေ လွတ်မြောက် စေမယ်လို့ ဆိုကာ စည်းရုံးခဲ့ပါတယ်။

“ကျနော့်ကို စစ်သင်တန်းတော့တက်ရမယ်တဲ့ ပြီးရင် မြို့ထဲမှာပဲ နေရမှာ လစာလည်းရမယ်။ မင်းကို စစ်မှုထမ်းခေါ်ရင်ကြ ရှေ့တန်း ထိ လိုက်ရမှာ ပြည်သူ့စစ်ထဲ ဝင်ပါမလားဆိုပြီး အုပ်ကြီး(အုပ်ချုပ်ရေးမှူး)က လာခေါ်တာ ကျနော် အဲ့ကတည်းက လွိုင်ကော်ကနေ ရှောင်နေလိုက်တယ်”ဟု မြို့ခံလူငယ် တဦးကဆိုပါတယ်။

လွိုင်ကော်မြို့ထဲမှာတော့ ညမထွက်ရအမိန့်ထုတ်ပြန်ထားတာကြောင့် သာမာန်မြို့ခံတွေကတော့ ညအချိန်ထွက်ခွင့်မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီ ပြည်သူ့စစ် အမည်ခံ အဖွဲ့ဝင်တွေကတော့ ညဘက်ထွက်ခွင့်ရှိသလို လက်နက်လည်း ကိုင်ဆောင်ထားကြရပါတယ်။

“ညလည်း ထွက်လို့ရတယ် လက်နက်လည်း ကိုင်လို့ရတယ်၊ ဒီကောင်တွေမှ မခိုးရင်ဘယ်သူခိုးမလဲ။” လို့ လွိုင်ကော်မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

စစ်တပ်

စစ်တပ်က တော်လှန်ရေး တပ်တွေ ပြန်လည်ဆုတ်ခွာပြီးနောက်ပိုင်း မြို့လုံခြုံရေးအတွက်လို့ အကြောင်းပြပြီး ရပ်ကွက်တချို့မှာ တပ်စွဲ နေထိုင်ခဲ့ကြပါတယ်။ အစောပိုင်း ကာလတွေမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရပ်ကွက်တွေကို ရပ်ကွက်နေပြည်သူတွေ ပြန်လည် ဝင်ရောက်ခွင့်မပြုထားပေမယ့် သူခိုးတွေကတော့ ဝင်ရောက်နိုင်ခဲ့ကြပါတယ်။

“ပန်ကန်းကို ထိုးစစ်ဆင်တော့ ငါတို့ကိုပေးမနေတော့ဘူး။ တခါက ပြန်ပေးကြည့်တယ်ဆိုတုန်း သွားကြည့်တော့ ပစ္စည်းတွေက ကုန်နေပြီ၊ တပ်က တိုက်ရိုက်ခိုးတာမဟုတ်ဘူး၊ သူတို့က အိမ်တွေကို ပုတ်ပြတ် ရောင်းတာ၊ ဒီအိမ်ကို ဘယ်နှစ်သိန်းပေးခဲ့ မင်းတို့ ကြိုက်တာယူသွားဆိုတာမျိုး လုပ်ကြတာ။”လို့ ပန်ကန်းရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် သူခိုးတွေဟာ စစ်တပ်တွေလုံခြုံရေးယူထားတဲ့ နေရာတွေမှာ ခိုးယူနိုင်ဖို့ ကို အရက်တွေ၊ ပြည့်တန်ဆာတွေနဲ့ လာဘ်ထိုး ရတယ်လို့လည်း သူက ပြောပါသေးတယ်။

“အိမ်ပြန်ရောက်တော့ ဘုရားစင်တော့ သူတို့ပန်းထိုးထားပေးတယ်။ အခန်းထဲမှာ ထဘီအစုတ်တွေ ကွင်းလုံးချွတ်ချခဲ့ပြီး ငါတို့ ထဘီအကောင်းတွေ ဘောင်းဘီတိုပါမကျန် အကုန်ယူသွားကြတယ်။ အဲ့မိန်းမတွေက သူတို့ ဖိနပ်စုတ်တွေလည်း ချန်ခဲ့ပြီး အိမ်က ဖိနပ်တွေ မ သွားတယ်လေး။ အတော့်ကို စိတ်ပျက်စရာကောင်းပါတယ်”လို့ ပန်ကန်းရပ်ကွက်နေ အမျိုးသမီးတဦးကလည်း ဆိုပါတယ်။

ဒီလိုဖြစ်ရပ်တွေကို ကြုံတွေ့နေကြတဲ့ မြို့ခံတွေအနေနဲ့ တိုင်တန်းဖို့မဆိုထားနဲ့ ခိုးခံနေရတာကို တွေ့ရတာတောင် ဝင်တားဖို့ သတ္တိမရှိကြဘူးလို့ မြို့ခံတဦးကပြောပါတယ်။

“ခိုးနေတာတွေ့လည်း ဝင်မတားရဲဘူး။ သူတို့ကအဖွဲ့လိုက်တွေ တုတ်တွေဓါးတွေနဲ့ ၊ ဘယ်သူခိုးတာလဲသိလည်း တိုင်စရာမရှိဘူး၊ တိုင်လည်းမတိုင်ရဲတော့ ကိုယ့်အိမ် မခိုးအောင်ဘဲ မနည်းစောင့်နေရတယ်” လို့ မြို့ခံတဦးကဆိုပါတယ်။

လက်ရှိ လွိုင်ကော်မြို့ဟာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အပြင်၊ ခိုးမှုတွေ၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ များပြားလာနေပါတယ်။ မြို့ခံတွေကတော့ ခိုးမှုတွေကို အရေးယူပေးနိုင်မယ့် အဖွဲ့အစည်း၊ ပြည်သူ့အသက်နဲ့ အိုးအိမ်တွေကို အကာအကွယ်ပေးနိုင်မယ့် အဖွဲ့အစည်း နဲ့ ဥပဒေတွေကို မျှော်လင့်တောင့်တနေကြပါတယ်။

spot_img
spot_img
spot_img

Recent posts