ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ်အနောက်ဖက်ခြမ်းမှာရှိတဲ့ နိုးကိုးကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ၁၀နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၄ဦး သေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်တဲ့ Jobs For Kayah အသင်းထံကနေ သိရပါတယ်။
ယမန်နေ့ (နိုဝင်ဘာလ ၈ ရက်) ညနေ ၃နာရီဝန်းကျင်အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။ အဲ့ဒီပစ်ခတ်မှုကြောင့် နိုးကိုးစံပြကျေးရွာက ၃ ဦး နဲ့ သရက်ပင်ကျေးရွာက တစ်ဦး စုစုပေါင်း ၄ဦး သေဆုံးခဲ့ရပါတယ်။
သေဆုံးတဲ့ပြည်သူတွေဟာ အသက် (၁၀)နှစ်အရွယ်ဝန်းကျင် မိန်းကလေးငယ် အပါအဝင် အသက် (၃၀)နှစ်ဝန်းကျင်အရွယ် အမျိုးသား(၂)ဦး၊ အသက်(၂၄)နှစ် အရွယ် အမျိုးသမီး (၁)ဦး ဖြစ်တယ်လို့ Jobs For Kayah အသင်းထံက သိရပါတယ်။
“တမင်သက်သက်ပစ်တာ ဒီကောင် (စစ်ကောင်စီ)တွေက သူတို့ စစ်ကြောင်းတွေက မိုးဗြဲဖက်ရောက်နေပြီ သူတို့စစ်ကြောင်းတွေထွက်လာဖို့ ရှိတယ်ပေါ့နော် ။ ထွက်လာမယ်ဆိုတာက လွိုင်ကော်ဖက်ပေါ့နော် လွိုင်ကော်လမ်းမကြီး၊ မိုးဗြဲ လမ်းမကြီး ကနေထွက်လာဖို့ရှိတယ် သူတို့ပြင်နေတာပေါ့နော်။ အဲ့ဒီအတွက် သူတို့ လမ်းမ နံဘေးတွေ အနီးနားကျေးရွာတွေကို တမင်သက်သက်ပစ်တာ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ ရှင်းလင်းရေးလုပ်တာပေါ့။ လက်နက်ကြီးပစ်ပြီးတော့ သူတို့ မြေပြင်ကနေ ရှင်းလင်းရေးမလုပ်နိုင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။”လို့ Jobs For Kayah အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်လိုက်တဲ့ကျေးရွာတွေမှာ စစ်ဘေးရှောင်နဲ့ ဒေသခံတွေသာ နေထိုင်ကြတာဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေအများစုနေထိုင်ကြတာကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေလည်း စစ်ဘေးရှောင်တွေသာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ အရပ်သားတွေသာရှိတဲ့ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးအတွက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေကြတာကြောင့် ပြည်တွေအနေနဲ့ သွားလာမှု ၊ နေထိုင်မှုတွေ အထူးဂရုစိုက်ကြဖို့၊ လက်နက်ကြီး ၊ လေယာဉ်ရန်တွေ ကြိုတင်ကာကွယ်မှု ပြုလုပ်ထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။