spot_imgspot_imgspot_imgspot_img
Thursday, April 24, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အရှေ့ခြမ်းက စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရ ၊ အမျိုးသမီးတစ်ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ လွိုင်ကော်မြို့ နယ် အရှေ့ဖက်ခြမ်းက ဆင်စခန်းစစ်ရှောင်စခန်းကို ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၃ဦးထိခိုက်ကာ တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ စစ်ရှောင်စခန်းကို လေကြောင်းနဲ့ ၃ကြိမ်ခန့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“လွိုင်ကော်အရှေ့ခြမ်းမှာရှိတဲ့ ဆင်စခန်းပေါ့နော် စစ်ရှောင်စခန်းကို စစ်ကောင်စီက ဒီညနေ ၄နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီး တစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်။ ကလေးတစ်ယောက်ကတော့ ဗိုက်မှာဒဏ်ရာရပြီးတော့ အူထွက်သွားတယ်။ အမျိုးသားတစ်ဦး ခြေထောက်ပြတ်တယ်။ ကျောင်းသူတစ်ဦး ခေါင်းထိမှန်တယ်ဆိုပြီးမှ ကျနော်တို့ သိရတယ်။”လို့ တာအယ်စိုးက ဆိုပါတယ်။

ထိခိုက်သေဆုံးသွားတဲ့ ပြည်သူတွေရဲ့ အသက်အရွယ်အသေးစိတ်ကို မသိရှိရသေးပါဘူး။

စစ်ကောင်စီက အရပ်သားပြည်သူရှိရာနေရာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုရှိနေတာကြောင့် လူထုတွေအနေနဲ့ အထူးကရုစိုက်ကြဖို့ ကရင်နီပြည်တပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က အသိပေးပါတယ်။

“ဒီရက် ဒီဇင်ဘာ ၃၁ရက်နေ့ညနေ ၄နာရီမှာတစ်ကြိမ် ၊ ၄နာရီ ၅မိနစ်မှာ တစ်ကြိမ်၊ စစ်ကောင်စီက ဆင်စခန်း စစ်ရှောင်စခန်းကို လေယာဥ်နဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိတယ်။ သတိနဲ့နေကြဖို့တော့ပြောချင်တယ်”လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

ပြည်သူလူထုတွေအနေနဲ့ နှစ်သစ်ကူးကာလမှာ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို သတိထားကြဖို့ကိုလည်း စစ်ရှောင်ကူညီဆောင်ရွက်သူတွေက လူမှုကွန်ယက်စာမျက်နှာကနေတဆင့် အသိပေးထားတာရှိပါတယ်။

spot_img
spot_img