spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အရှေ့ခြမ်းမှာ တောမီးကြောင့် တဲအိမ် ၅လုံး မီးလောင်ပြာကျပြီး ကိုင်းရှည်ထွန်စက်တစ်စီး မီးလောင်ပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်း၊ ဝမ်ငေါ့ကျေးရွာအနီးအနားက တောင်ယာခြံတစ်နေရာမှာ တောမီး ကူးစက်လောင်ကျွမ်းမှုကြောင့် တဲအိမ် ၅လုံးမီးလောင်ပျက်စီးခဲ့တဲ့အပြင် ကိုင်းရှည်ထွန်စက် တစ်စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တဲအိမ်မှာ ကျန်ရှိတဲ့ အိုးခွက်ပန်းကန်၊ စောင် ၊ အဝတ်အစား နဲ့ တခြားအသုံးအဆောင်ပစ္စည်းအားလုံး မီးလောင်ခဲ့တယ်လို့ တဲအိမ် မီးလောင်ပျက်စီးသွားတဲ့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အခုဖြစ်တာက တောင်ယာခြံမှာပေါ့နော်။ ပြီးခဲ့တဲ့ ၁ ရက်နေ့ ညနေ ၂နာရီမှာ ဖြစ်တာ။ အဲ့ခြံမှာ မကြာခဏ သွားအိပ်ဖြစ်ကြတာ။ စောင်၊ အိုးခွက်ပန်ကန်၊ အဝတ်အစားက အစ အကုန်ပါသွားတာ ၅ လုံး‌လောင်တယ်။ စက်ကိုင်းရှည် တစ်စီးလည်း ပါသွားတာ။ တခြားက ကံကောင်းလို့ စက်အပြင် နည်းနည်းထုတ်ထားတာ မလောင်လိုက်ဘူး။”လို့ ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ ကိုင်းရှည်ထွန်စက်ကို မိသားစုဝမ်းရေးအတွက် လုပ်ကိုင်စားသောက်နေရတာကြောင့် ရှေ့ဆက်မှာလည်း စိုက်ပျိုးရေးလုပ်ကိုင်တဲ့အခါ ပိုမိုခက်ခဲသွားနိုင်တယ်လို့ ကိုင်းရှည်ထွန်စက် ပိုင်ရှင်တစ်ဦးက အခုလိုပြောပါတယ်။

“ကျနော့် မိဘဟာက တဲအိမ်ကော စက်ကောပါသွားပြီ။ ဝမ်းစာအတွက် ခက်ခဲသွားပြီပေါ့။ ဝမ်းရေးအတွက် အဲ့စက်နဲ့ပဲ လုပ်ကိုင်စားသောက်လာကြတာ သူတို့နှမြောမှာပဲလေ။အဲ့ချိန်လည်း ခြံထဲ မရောက်ကြတော့ ပိုင်ရှင်တွေမသိကြဘူး။ ကျနော်ကအစ အဲ့ချိန် အခြားနေရာရောက်နေတော့ နောက်ကျမှ သိရတာ။ ”လို့ စက်ပိုင်ရှင်က ဆိုပါတယ်။

တောမီးကူးဆက် လောင်ကျွမ်းနေစဥ် တဲအိမ် ပါသွားသူတွေလည်း မသိရှိကြတာကြောင့် အချိန်မီ မီးငြိမ်းတာမျိုး မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ တောင်ယာခြံဝန်းအတွင်းမှာ တဲအိမ် ၁၅ လုံးဝန်းကျင်ရှိပြီ ၅လုံးမီးလောင်ပြာကျသွားတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတွေဟာ မိမိတို့ရဲ့ တောင်ယာခင်းထဲမှာ တဲအိမ်ကို ဆောက်လုပ်ထားတာဖြစ်ပြီး စိုက်ပျိုးရာသီရောက်ရှိတဲ့အခါ တောင်ယာခင်းထဲမှာပဲ နေထိုင်ကြတာကြောင့် အသုံးအဆောင်ပစ္စည်းတွေ ထားရှိကြတာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts