spot_imgspot_imgspot_imgspot_img
Wednesday, September 11, 2024
spot_imgspot_imgspot_imgspot_img

လွိုင်လင်လေးအရှေ့ဘက်ခြမ်းက ဖမ်းဆီးခံရပြီး ပြန်မလွှတ်သူ ၉ ဦး ရှိနေသေး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအရှေ့ဘက်ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူ ၁၁ ဦးအနက် ၂ ဦးသာ ပြန်လွှတ်လာပြီး ၉ ဦး ကျန်နေသေးတယ်လို့ လွိုင်လင်လေးအရှေ့ဘက်ခြမ်းမှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ နှစ်ယောက်က ပြန်လွှတ်ပြီးပြီ။ ကျန်တဲ့ဟာက ပြန်မလွှတ်သေးဘူး။” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

ပုံဟောင်းအသုံးပြုခြင်းသာ ဖြစ်သည်။

လွိုင်လင်လေးအရှေ့ဘက်ခြမ်း ဒေါတဟေးကျေးရွာနဲ့ ကွန်နားကျေးရွားအနီးတွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လ၂၈ ရက်နေ့ကနေ စက်တင်ဘာလ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
တိုက်ပွဲအပြီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်များက ရွာတွေထဲဝင်မွှေပြီး တွေ့တဲ့သူကို ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကွန်နားကျေးရွာက အသက် ၆၀ ကျော် လင်မယားနှစ်ယောက်အပါအဝင် ဒေသခံ ၇ ယောက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ကာလ၊ စစ်ကြောင်းအတွင်းမှာလည်း နွားကျောင်းသားနှစ်ဦး၊ ကျွဲကျောင်းသားတစ်ဦး နဲ့ လယ်ထဲသွားနေတဲ့ လယ်သမားတစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး ယခုအချိန်ထိ ပြန်မလွှတ်လာသေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရသူထဲမှာ အသက် ၆၀ ကျော် လင်မယားနှစ်ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေရဲ့ အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသခံ အများအပြား စစ်ဘေးရှောင်ခဲ့ရပြီး ယခုအချိန်အထိ နေအိမ်ကို ပြန်မနေရဲကြသေးဘူးလို့ လွိုင်လင်လေးဒေသခံတစ်ဦးက ပြောပါတယ်။

” ပြန်လာကြတယ်။ ဒါပေမယ့် ပြန်လိုက်လာလိုက် သွားလိုက် သူတို့က တိုက်ပွဲက ဒီးမော့ဆို၊ လွိုင်ကော်ဘက်မှာ တောက်လျှောက်ဖြစ်နေတဲ့ အခါကျတော့ ကျနော်တို့ဆီကိုလည်း အချိန်မရွေး နေ့တစ်ပိုင်းလည်း ရောက်လာတယ်။ ကားနဲ့လာလည်း ခဏလေး ရောက်လာတယ်ဆိုတော့ သူတို့က သတိနဲ့ပဲ နေကြတယ်။ သူတို့က လာတယ်။ သွားတယ်။ ပြန်လာတယ်။ အလုပ်ပြန်လာလုပ်တယ်။ ပြန်သွားတယ်။ အဲ့လိုပဲ လုပ်ကြတယ်။ ” လို့ အဆိုပါ ဒေသခံက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုခံရတဲ့ ဒေသခံပြည်သူပေါင်း ၁၂၄ ဦးအထိ ရှိလာတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img