ဘလက်ဇင်း (ကန္တာရဝတီတိုင်း(မ်))
ဒီကနေ့ ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့မှာ ကရင်နီပြည် လွိုင်ကော်မြို့၊ ချိကယ်ရပ်ကွက်အနီးတစ်ဝိုက်မှာ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီမနက်အစောပိုင်း ၈ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်တွင်း လက်နက်ကြီးကျရောက်မှုကြောင့် မီးလောင်ပျက်စီးမှုအချို့ရှိနေပြီး ပိတ်မိနေတဲ့ပြည်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ချိကယ်ဒေသခံတစ်ဦးက “ပေါင်ထိသွားတယ်။ ဘာလို့ဆို လက်နက်ကြီးအစ စင်ပြီးမှ မှန်စတွေအကုန်ကွဲတော့ အဲ့ဒီမှန်စတွေထိတာဖြစ်မှာပေါ့။ နည်းနည်းကြီးတယ်ပြောတယ် သူကတော့။ ကြီးကြီးကတော့ လည်ပင်းကိုနည်းနည်းရှပ်ထိသွားတယ်။ ဒဏ်ရာကတော့ အဲ့လောက်မကြီးဘူး။ ခုနကပဲ ရွှေလွိုင်ကော်ကားဖုန်းဆက်ပြီးတော့မှ ရွှေလွိုင်ကော်ကားကတော့ ခေါ်သွားကြပြီသူတို့ကို။ ဒီမှာတန်းထွက်လာတာ ဆိုင်ကယ်နဲ့ အခုက ရွှေလွိုင်ကော်ကားနှစ်စီး လွှတ်ပေးထားတယ် သူတို့သွားကြိုမယ်ပြောတယ်။ အိမ်မှာက လက်နက်ကြီးက ၄လုံးတောင်မှကျတယ်။” လို့ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
ပိတ်မိနေတဲ့ပြည်သူတွေကို ကယ်ထုတ်ဖို့ လွိုင်ကော်မြို့ခံ ပရဟိတအသင်း၊ ကြက်ခြေနီအသင်းထံ ဆက်သွယ်လာတာ ရှိပြီး သွားရောက်ခေါ်ထုတ်ပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့ခံ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက “ ရှိနေပါတယ်။ ကျနော်တို့က ဟိုမှာသွားဖို့လည်းရှိတယ်လေ အဲ့ဒါကိုသွားကြိုရမယ် ခနနေကျရင်။ နာရေးကလည်းရှိနေလို့လေ။ သွားပြီးကြိုဖို့တော့ ဖုန်းတွေတော့ဆက်လာပါတယ် ကျနော် သွာကြိုပေးဖို့ရှိတယ်လေ။ ဆက်သွယ်တဲ့သူက အိမ်ထောင်စု လောလောဆယ်ကတော့ ၅စုစာလောက်တော့ရှိမှာပေါ့ ကျနော့်ကိုဆက်လာတဲ့ဟာကတော့ ၅ဦးလောက်တော့ ဆက်လာပြီပေါ့နော။” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာရဲ့ အနီးတစ်ဝိုက်က ကျေးရွာ၊ ရပ်ကွက်အတွင်း နေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကိုပြောင်းရွေ့ပေးကြဖို့ KNDF B-12 က ဒီကနေ့ မနက်ပိုင်းမှာ ၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အသိပေးထားပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက်စောပိုင်း နံနက် ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့ အရှေ့ခြမ်း ထီးဖိုးကလိုးအုပ်စုကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တိရိစ္ဆာန်အချို့ ထိခိုက်မှုရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်က လွိုင်ကော်မြို့ပေါ် ရပ်ကွက်ဖြစ်တဲ့ မိုင်းလုံးရပ်ကွက်၊ ပန်ကန်းရပ်ကွက် တစ်လျှောက်၊ ဒေါဥခူရပ်ကွက်တစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံသောင်းချီ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
လက်ရှိအချိန်ထိ စစ်ဘေးရှောင်ပြည်သူ အများအပြားက နေရပ်မပြန်လာရဲသေးပါဘူး။ ခြံအတွင်း မပေါက်ကွဲသေးတဲ့ ဗုံးရှိနေသေးသလို တိုက်ပွဲထပ်မံဖြစ်ပွားမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ကရင်နီပြည် ဒီးမော့ဆိုမြို့အတွင်းမှာ ဧပြီလ ၁၁ရက်နေ့မှ ၁၄ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး နှစ်ဖက်ကျဆုံးမှု ရှိနေတယ်လို့ သိရပါတယ်။