ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း တစ်နေရာမှာ သန့်ရှင်းသောရန်ကုန် (Clean Yangon) က ဖွင့်လှစ်ထားတဲ့ ” အခမဲ့ ဆေးခန်း ” မှာ လူနာဦးရေ ၃ ထောင်ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
သန့်ရှင်းသောရန်ကုန် (Clean Yangon) က နေ ဒေသခံတွေနဲ့ စစ်ဘေးရှောင်လူထုအတွက် ” အခမဲ့ ဆေးခန်း ” ကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာတော့ တစ်နှစ်ပြည့်အခမ်းအနားကို ပြုလုပ်ခဲ့တာပါ။
“ကျမဒီကိုရောက်လာတာကလည်း ကျမသည် အမျိုးသမီးလည်းဖြစ်တယ်။ လက်နက်ကိုင်ပြီး ကျမရှေ့တန်းမတိုက်နိုင်ပါဘူး။ အဲ့အတွက်ကြောင့် အမျိုးသမီးရဲမေတွေ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲမေတွေ စစ်ကောင်စီကိုတော်လှန်နေတဲ့ ရဲမေတွေကို ဒီနေရာကနေ ချီးကျူးဂုဏ်ပြုချင်ပါတယ်။ ကျမ သူတို့လို မလုပ်နိုင်ပါဘူး။ ကျမသေနတ်မကိုင်နိုင်တဲ့အတွက် ကျမဆေးထိုးအပ်ကိုင်မယ်။ ကျမနိုင်တဲ့ ဝန်ကိုထမ်းမယ်ဆိုပြီး ရောက်လာတဲ့အတွက်ကြောင့်မို့ ကျမတို့ clean yangon ရဲ့ပထမဦးဆုံးရည်ရွယ်ချက်ဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဒီနေ့ ဒီချိန်ထိ လုပ်ဖြစ်နေတယ်။” လို့ ဆေးခန်းဖွင့်လှစ်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဆရာမသင်ဇာအေးက အခမ်းအနားမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
“အခမဲ့ဆေးခန်း” မှာ ကိုယ်ပိုင်ဆရာဝန်မရှိပေမယ့် ကရင်နီပြည်တွင်းက ဆေးရုံအသီးသီးက ဆရာဝန်တွေ၊ CDM ကျန်းမာရေး ဆရာ၊ ဆရာမတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အဖွဲ့တွေက အလှည့်ကျလာရောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ သိရှိရပါတယ်။
အဲ့ဒီဆေးခန်းကနေ အရေးပေါ်လူနာတွေကို ဆေးခန်းမှတဆင့် ဆေးရုံကို ထပ်ဆင့်လွှဲပြောင်းတာအပြင် နယ်လှည့် ကွင်းဆင်းကုသမှုလည်း ဆောင်ရွက်ပေးနေပါတယ်။
သန့်ရှင်းသောရန်ကုန် (clean yangon) ဟာ ကရင်နီပြည်တွင်းမှာ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီကို ပေးနေတဲ့ အဖွဲ့ဖြစ်တဲ့အပြင် ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာလည်း ကူညီဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
ဒီကနေ့ ပြုလုပ်သွားတဲ့ “အခမဲ့ ဆေးခန်း” တစ်နှစ်ပြည့်အခမ်းအနားမှာတော့ အမှာစကားပြောကြားခြင်း၊ ဂုဏ်ပြုစကားပြောကြားခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များ၊ဆေးခန်း တစ်နှစ်ပြည့်နေ့နဲ့အတူ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်(၈၀)ပြည့် မွေးနေ့ကို ဂုဏ်ပြုပြီး ကိတ်ခွဲခြင်းအစီစဉ်များ ပြုလုပ်ခဲ့ပါတယ်။