spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

“သဘာဝဘေး နဲ့ စစ်ဘေး တွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ မိသားစု”

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

“ကျမတို့အိမ်က ရေထဲမျောသွားတာ။ ကျမတို့ နေစရာက မရှိတော့ဘူးကော။ ပြန်ပြင်မယ်ဆိုလည်း ဘာနဲ့သွားပြင်မလဲကော။ စားစရာတောင်မှ အနိုင်နိုင် ဖြစ်နေပြီ။”

ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ ရေဘေးမှာ နေအိမ်ပျက်စီးသွားတဲ့ ဒေါ်ဒူမြာ က ပြောတာ ဖြစ်ပါတယ်။

နေအိမ်က ရေစီးနဲ့အတူ မျောပါသွားတယ်လို့ဆိုပေမဲ့ အဝေးကြီး ပါမသွားခဲ့ပါဘူး။ ဒါပေမဲ့လည်း တပတ်လောက်ကြာအောင် ရေကြီးနစ်မြုပ်နေခဲ့တာပါ။

“မြေကြီးတွေက တဝက်လောက် ဝင်နေတယ်။ ကျမတို့ ပေါက်ပြားတို့နဲ့ ပေါက်ထုတ်ရတာပေါ့။ မြေကြီးတွေထုတ်တော့ နှစ်ပတ်လောက်ကြာတယ်။ ဒါတောင် နေ့တိုင်းလုပ်တယ်။ လူတော့ မငှားဘူးပေါ့။ ပိုက်ဆံ အဆင်မပြေဘူးကော။” လို့ ရေနစ်မြုပ်သွားခဲ့တဲ့ နေအိမ်အကြောင်းကို ဒေါ်ဒူမြာက ပြန်ပြောပြတာပါ။

ပြီးခဲ့တဲ့ နှစ်မှာ သူရင်ဆိုင် ကြုံတွေ့ခဲ့တဲ့ ရေကြီးမှုဖြစ်စဉ်ကို ဒေါ်ဒူမြာက စာရေးသူကို အသေးစိတ်ပြန်ပြောင်းပြောပြပေးပါတယ်။

ဒေါ်ဒူမြာဟာ အသက် (၃၀) ဝန်းကျင်သာရှိသေးတဲ့ အိမ်ထောင်ရှင်မတဦးဖြစ်ပြီး မိသားစုနဲ့အတူ အသက် (၇၀) ကျော်အရွယ် ရှိတဲ့ အမေအိုကို စောင့်ရှောက်နေရသူပါ။ သူမတို့ကတော့ ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး (ရှားတော)မြို့နယ်က ပွန်ချောင်းကျေးရွာမှာ နေထိုင်နေကြသူတွေ ဖြစ်ပါတယ်။

ဒေါ်ဒူမြာတို့နေအိမ်ဟာ တထပ်သာရှိတဲ့ ပျဉ်ထောင်အိမ် အမျိုးအစားပါ။ ရေထဲမှာ တပတ်လောက်နစ်မြုပ်နေခဲ့တာကြောင့် အိမ်တိုင်တချို့နဲ့ ပျဉ်ပြားတချို့ကတော့ ဆွေးမြေ့ပျက်စီးနေပါတယ်။

အခုတော့ ရေကြီးနစ်မြုပ်ခဲ့တဲ့ နေအိမ်ကို သန့်ရှင်းရေးတွေပြန်လုပ်ပြီး သူမတို့မိသားစု ပြန်လည်နေထိုင်ကြပါပြီ။ အခုတော့ ဒေါ်ဒူမြာတို့ ဇနီးမောင်နှံနှစ်ဦးဟာ အလွန်အိုမင်းလွန်းနေပြီဖြစ်တဲ့ အမေအိုကြီးနဲ့အတူ ရေနစ်မြှုပ်ခဲ့ရပြီး ခုချိန်မှာယိုင်နဲ့နဲ့ဖြစ်နေတဲ့တဲအိမ်လေးမှာ နေထိုင်နေကြတာပါ။ ဒါပေမဲ့လည်း ပျက်စီးနေတဲ့ ပျဉ်တွေကို အစားထိုးပြင်ဆင်ဖို့ကတော့ ငွေကြေးမတတ်နိုင်လို့ မပြင်ရသေးပါဘူး။

ဒေါဒူမြာရဲ့ မိသားစုပိုင် အသုပ်ဆိုင်ငယ်လေး

လတ်တလောမှာတော့ ပျက်စီးနေတဲ့နေအိမ်မှာပဲ သန့်ရှင်းရေးလုပ်ကာ အသုပ်ဆိုင်ငယ်လေးဖွင့်ရင်း ဝင်ငွေရလမ်းလေးတွေ ရှာနေပါတယ်။

ကိုယ်ပိုင် ဆိုင်လေးနဲ့မို့ မိသားစုစားဝတ်နေရေးအတွက် တနိုင်တပိုင်လေးဝင်ငွေရတဲ့အပြင် အမေအိုနဲ့ ကလေးငယ်ကို စောင့်ရှောက်ဖို့အတွက် သူမမှာ အချိန်တွေ ပိုရခဲ့ပါတယ်။ ဒီလို ခက်ခဲနေကြတဲ့အချိန်မှာ သူဖွင့်ထားတဲ့ အသုပ်ဆိုင်လေးက စားသုံးသူတွေအတွက် အဆင်မပြေဖြစ်မှာကို လည်းစိုးရိမ်မိနေသူပါ။

၂၀၂၄ စက်တင်ဘာလမှာ ဖြစ်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ဒေါ်ဒူမြာတို့ ရွာခံတွေရဲ့ နှမ်းစိုက်ခင်းတွေပျက်စီးဆုံးရှုံးမှုနဲ့ ကြုံခဲ့ရပါတယ်။ ရေဘေးသင့်နဲ့ စတင်ကြုံတွေ့ရတဲ့ အချိန်မှာတော့ အလှူရှင်တွေဆီကနေ တချို့ထောက်ပံ့မှုတွေကြောင့် အဆင်ပြေခဲ့တယ်လို့ ဆိုပါတယ်။

“အရင် ရေစတင်ကြီးတဲ့ အချိန်မှာတုန်းကဆိုရင် အလှူရှင်တွေက ဆန်၊ ဆီ၊ ဆား လာထောက်ပံ့တယ်။ တော်တော်သက်သာတယ်။ ဘာလို့လည်းဆိုရင် ဆန်က ဝယ်ရင် တအိတ်ကို တသိန်းကျော်တယ်။ သူတို့တခါလာရင် တပုံး၊ နှစ်ပုံး အဲလိုပေးတော့ အရမ်းကျေးဇူးတင်တယ်။ အားလုံးနီးပါးပါပဲ ကျေးဇူးတင်ကြမှာပဲ” လို့ ဒေါ်ဒူမြာက ပြောပါတယ်။

ယခင်ကတော့ မိသားစုတွေအတူတူ နွေးနွေးထွေးထွေးနေထိုင်နိုင်ဖို့ နေအိမ်သစ်လေး တလုံး ဆောက်လုပ်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ၂၀၁၈ ခုနှစ်မှာကတည်းက သစ်တွေကို စတင်ဝယ်ယူစုဆောင်းခဲ့ကြတာပါ။

ဒါပေမဲ့လည်း သူတို့စုဆောင်းထားတဲ့ အိမ်ဆောက်မယ့် သစ်တွေဟာ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

“လေယာဉ်လာကြဲတယ်ကြားတော့ အိမ်ဆောက်ဖို့ စုထားတဲ့သစ်တွေ လောင်ကုန်ပြီ သူများပြောပြတယ်။ ပြန်လည်းမကြည့်ရဲဘူး။ တိုက်ပွဲပြီးသွားတော့ ပြန်လာကြည့်တယ်။ သစ်တွေ ဘာမှမရှိတော့ဘူး။ အကုန်လောင်ကုန်ပြီ။ ပြာအတိုအစတောင် မမြင်ရတော့ဘူး” လို့ ဒေါ်ဒူမြာ က ပြောပါတယ်။

အဲဒီချိန်တုန်းကတော့ ဒေါ်ဒူမြာတို့ မိသားစုဟာ တိုက်ပွဲတွေကြောင့် လုံခြုံမယ့်တောတွင်း တနေရာမှာ စစ်ဘေးရှောင်နေခဲ့ကြရပါတယ်။

နွေးထွေးတဲ့ မိသားစုအိမ်သစ်လေး တလုံး ထူထောင်နိုင်ဖို့ ဇနီးမောင်နှံနှစ်ဦး နေ့ည မနား (၆) နှစ်ဝန်းကျင်လောက် ကြိုးစားရုန်းကန် စုဆောင်းလာခဲ့ကြရတဲ့သစ်တွေဟာ စစ်ကောင်စီရဲ့ ဗုံးတလုံးကြောင့် မျက်စိတ်တမှိတ်အတွင်းမှာ ပျက်စီးခဲ့ရပါတယ်။

ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်သွားတဲ့ အပေါ်မှာတော့ ဇနီးမောင်နှံ နှစ်ဦးလုံးဟာ အတော်လေးကို စိတ်ဓာတ်ကျနေခဲ့ကြပါတယ်။

စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြန်လည်ပြင်ဆင်နေချိန်အတွင်းမှာပဲ နောက်ထပ် ကံဆိုးမှုတခုကို ထပ်မံ ရင်ဆိုင် ကြုံတွေ့လာခဲ့ရပြန်ပါတယ်။

“ရေကလည်း ထပ်ကြီးလာတယ်။ သူများ တဲထဲမှာ သွားနေရတယ်။ ရေက တဲထဲထိမရောက်တော့ အဲဒီမှာပဲ ဆက်နေလိုက်တယ်။ အိမ်ပြန်ကြည့်တော့ အိမ်ကို မမြင်ရတော့ဘူး။ အိမ်ပါ ထပ်ပါပြီထင်တယ်။ သစ်တွေလည်းအကုန်ပါပြီးပြီ။ အိမ်ပါ ထပ်ပါရင်တော့ ဘယ်နားသွားနေရတော့မလဲဆိုပြီးတော့ တလမ်းလုံး လမ်းမှာငိုလာတယ်။ အိမ်ကို အရမ်းနှမျောတယ်ဆိုပြီးတော့။ နောက်တပတ်လောက်ထပ်နေတော့ ရေနည်းနည်းပြန်ကျတော့ အိမ်ခေါင်မိုးပြန်မြင်ရတော့ စိတ်ပြန်အေးရတယ်” လို့ဒေါ်ဒူမြာက ပြောပါတယ်။

အခုချိန်မှာတော့ ဒေါ်ဒူမြာတို့ ဇနီးမောင်နှံဟာ နားနားနေနေ မရှိပဲ မိသားစု စားဝတ်နေရေး ပြေလည်နိုင်ဖို့အတွက် ကြိုးစားရုန်းကန်နေကြဆဲပါ။

“ဒုက္ခတွေကတော့ အမျိုးမျိုးပဲ။ အစကတည်းကလည်း အဆင်မပြေတော့လေ။ သူများနားတွေမှာလည်း ချေးငှားစားဖို့ကလည်း အဆင်မပြေ။ ရှိတာလေးနဲပဲ ရောင့်ရဲရတယ်။ မနားရတော့ဘူး။ ယောကျ်ားက သူလုပ်တတ်တာ သူရှာလုပ်တယ်။ ကျမ လည်း ကျမလုပ်တတ်တာ ကျမ လုပ်တယ်” လို့ဒေါ်ဒူမြာက ပြောပါတယ်။

မျက်စိတစ်ဖက်ခွဲစိတ်ထားတဲ့ ဒေါ်ဒူမြာရဲ့ မိခင်

ဒေါ်ဒူမြာတို့ မိသားစုလိုမျိုး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ မိသားစုဝင်တွေဟာ ပွန်ချောင်းကျေးရွာမှာ အများကြီးရှိနေပါတယ်။

ပြီးခဲ့ ၂၀၂၄ စက်တင်ဘာလမှာတုန်းက ကြုံခဲ့ရတဲ့ ရေကြီးရေလျှံမှုနဲ့ ပတ်သက်ပြီးတော့ ကျေးရွာရဲ့ ပျက်စီး ဆုံးရှုံးမှု အခြေအနေကိုလည်း ကျေးရွာတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးသိန်းထွန်းက အခုလိုပဲ ပြောပြလာပါတယ်။

“ပျက်စီးဆုံးရှုံးမှုတွေကတော့ များတယ်။ ဒါပေမဲ့ ဒီရွာကတော့ တခြား အပြင်ကို ထွက်သွားတဲ့ အိမ်တွေကော အပါအဝင်ဆို အကုန်လုံး ၂၃ လုံးလောက် ပါသွားတယ်။ နှမ်းခြံတွေ ၊ ပြောင်းဖူးခြံတွေ အကုန်လုံးပါသွားတယ်။ တောင်ယာမှာသုံးတဲ့ ကိုင်းရှည်စက်တွေ ၊ ဆိုင်ကယ်တွေ အများကြီးပဲ ရေမြုပ် ပျက်စီးကုန်တယ်။ တချို့လည်း ပြန်ရတယ်။ ဒါပေမဲ့ သုံးလို့ မရတော့ဘူး။ တချို့ကျတော့လည်း လုံးဝ ဆုံးရှုံးသွားတယ်။ နောက်ပြီးတော့ စာသင်ကျောင်းတွေ ၊ ဆေးခန်းတွေ ရေကြီးပြီးတော့ ပျက်စီးတာတွေ ရှိတယ်။ တချို့ကျတော့လည်း အိမ်က စျေးဆိုင်တွေ ကုန်ပစ္စည်းတွေ ၊ တိရစ္ဆာန်တွေပေါ့။ ကြက်တွေ ဝက်တွေ အကုန်လုံးပါသွားတာတွေ ရှိတယ်” လို့ ဦးသိန်းထွန်းကပြောပါတယ်။

ဒေါ်ဒူမြာတို့ နေထိုင်တဲ့ ကရင်နီပြည် ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ်က ပွန်ချောင်းကျေးရွာမှာတော့ အိမ်ခြေ ၆၀ ကျော်ရှိပြီး အိမ်ခြေ ၂၀ ကျော်လောက်ဟာ သဘာဝဘေးဒဏ်ကြောင့် ရေကြီးရေလျှံမှုနဲ့ အတူ မျောလို့ ပါသွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

အခုချိန်မှာတော့ မိသားစုတိုင်းဟာ စားဝတ်နေရေးအတွက် ကိုယ်စီရုန်းကန်နေကြရတာဖြစ်ပြီး လာမယ့် စိုက်ပျိုးရာသီမှာ သီးနှံတွေပြန်လည် စိုက်ပျိုးနိုင်ဖို့အတွက်လည်း မျိုးစေ့ရရှိဖို့ စဉ်းစားရတာတွေနဲ့ အခက်တွေ့နေကြရပြန်ပါတယ်။

spot_img
spot_img
spot_img

Recent posts