လွိုင်ကော်မြို့ ထေးငှားလျားရွာတွင် ဩဂုတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် လူသတ်မှုသည် ယခုအချိန်ထိ အလောင်းဖျောက်ဖျက်ခြင်းအပေါ် အတည်မပြုနိုင်သေးကြောင်း လွိုင်ကော်မြို့မ ရဲ့စခန်းမှူး ဒုရဲမှူးကျော်ကျော်ဦးက ကန္တာရဝတီတိုင်း(မ်)သို့ စက်တင်ဘာလ ၁၂ ရက်က ပြောကြားသွားသည်။
“ လက်ရှိအနေအထားကတော့ အိမ်သာကျင်းထဲက တွေ့တဲ့ဟာကို ဓါတုရာဝင်ရုံးကို ပေးပို့ ထင်မြင်ချက်တောင်းခံထားတုန်းပဲ ဖြစ်ပါတယ်။ မည်သည့်အသားဖြစ်တယ်ဆိုတာ ကျနော်တို့ ပြန်ကြားစာ ရရှိခြင်း မရှိသေးပါဘူး။ တရာခံက ဓါးနဲ့ခုတ်တယ်ဆိုတာကလည်း ကျနော်တို့ စစ်ဆေး အတည်ပြုဆဲပဲ ရှိပါသေးတယ်။”ဟု ၎င်းက ပြောကြားသည်။
သိန်းတစ်ထောင်ကျော် ငွေကြေးချေးယူခြင်းနှင့် အရောင်းအဝယ်ဖက်စပ်လုပ်ကိုင်ရာမှ ဖြစ်လာသည့် ငွေကြေးအရှုပ်အထွေးအပေါ် အစပြု၍ အချင်းများပြီး လူသတ်သည့် အထိဖြစ်သွားရခြင်းဖြစ်ကြောင်း အသတ်ခံရသူ ဒေါ်ပိုးမြာ၏ အကိုတော်စပ်သူ ဦးငါးရယ်က စက်တင်ဘာလ ၁ဝ ရက်နေ့တွင် ပြောသည်။
“သူငွေချေးပေးထားတာ သူ့ယောကျင်္ားတောင်သေချာမသိဘူး။ အကြွေးရစရာရှိလို့ ဗေဒင်ဆရာကို သွားမေးတာ ဗေဒင်ဆရာက သူ့ကိုမေးတယ်ပြောတယ်။ အကြွေးရစရာ ဘယ်လောက်ရှိသလဲတဲ့ သူက သိန်းတစ်ထောင်ကျော်တောင်ရစရာရှိတယ်လို့ ပြောတယ်တဲ့။ ကျနော်တို့ကို ဗေဒင်ဆရာက ပြန်ပြောမှ အဲ့ဒါမှ သူငွေတွေ ချေးထားမှန်းသိတယ်။” ဟု ဦးငါးရယ်က ပြောသည်။
လူသတ်တရာခံမှ သနပ်ခါတုံးဖြင့် ထုသတ်ပြီး အလောင်းအား အပိုင်းပိုင်းခုတ် မီးရှို့ပြီး ၎င်းနေအိမ်ဝန်းအတွင်းရှိ အိမ်သာကျင်းသို့ ပစ်ချခဲ့ကြောင်း တရာခံမှ တရားရုံးတွင် ဖြောက်ချက်ပေး ဝန်ခံပြီးသော်လည်း အလောင်းဖြစ်ကြောင်း တရားဝင်အတည်ပြုချက် မရသေးခြင်းအပေါ် ကျေနပ်နိုင်ခြင်းမရှိသေးဟု အသတ်ခံရသူ ဒေါ်ပိုးမြာ၏ မိသားစုဝင်များက ပြောဆိုနေကြသည်။
“ကျနောတို့ အလောင်းကို ရချင်တယ်။ အခုက အဖြေကလည်း မသေချာသေးဘူး။ ခုတ်ပြီး မီးရှိူ့တာကို မယုံနိုင်သေးဘူး။” ဟု ဒေါ်ပိုးမြာ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
တရာခံ၏ အိမ်သာကျင်းမှ လူ၏အသားစဟု ယူဆရသော မီးကျွမ်းထားသည့် အသားစနှင့် အရိုးများ အတည်ပြုချက်မရရှိသေးခြင်း၊ လူသေအလောင်းအား အိတ်ဖြင့်ထုတ်ပိုးပြီး အခြားနေရာသို့ သွားရောက် လွင့်ပစ်ခဲ့ခြင်း အစရှိသည့် တရားခံ ဒေါ်ဗျားမြာ နှင့် သံသယရှိသူများမှ ဖွင့်ဟပြောဆိုခြင်းအမျိုးမျိုးပြောဆိုနေကြခြင်းအပေါ် သံသယဖြစ်နေကြခြင်းဖြစ်သည်။
လက်ရှိအခြေအနေအရ လူသတ်မှု၌ လူ၏ အသားစဟု ယူဆရသည့် အသားစ ၆ ခု၊ မီးကျွမ်းထားသည့် အရိုးစ ၂ရ ခု၊ သွေးသုတ်ထားသည့် အဝတ်စများ၊ အဖြူရောင် တယ်လီနော လက်ကိုင်ဖုန်းတစ်လုံး၊ အရိုးအသွားစုစုပေါင်း ၁၉ လက်မခန့်ရှိ ဓါးတစ်လက်နှင့် ၂ရ လက်မခန့်ရှိ ငှက်ကြီးတောင်ဓါးနှင့်အတူ ဓါးအိမ်၊ ဒေါ်ပိုးမြာ၏ အဖြူရောင် တက်ဘလတ် တစ်လုံး၊ စာရင်းစာအုပ် အစရှိသည့်ပစ္စည်းများအား သက်သေခံပစ္စည်းများအဖြင့် သိမ်းဆည်းထားသည်ဟု သိရသည်။
လူသတ်မှုအား ပ ၁၆၃/၂၀၁၆ ပုဒ်မ ၃၀၂၊ ၂၀၁၊ ၂၁၁၊ ၁၁၄ ဖြင့် စွဲချက်တင်ထားပြီး တရာခံ ဒေါ်ဗျားမြာမှ တရားရုံးတွင် ၎င်းမှ သတ်ကြောင်းဝန်ခံသွားပြီး ဖြစ်သည်။
ဒေါ်ဗျားမြာ၏ ခင်ပွန်း ဦးဝီရယ်၊ တူတော်စပ်တူ ဌေးရယ်၊ နျားရယ်တို့အား လူသတ်မှုအား အားပေးကူညီမှုဖြင့် သံသယရှိသူများအဖြင့် လွိုင်ကော်မြို့မ ရဲစခန်းမှ ဆက်လက်စစ်ဆေး အတည်ပြုချက် ရယူဆဲဖြစ်ကြောင်း သိရသည်။
အသတ်ခံရသူ ဒေါ်ပိုးမြာ အသက် (၄၂)သည်
နေအိမ်မှ ဩဂုတ်လ ၂၈ ရက်နေ့ကတည်းက ထေးငှားလျားကျေးရွာနေ တရာခံ ဒေါ်ဗျာမြာမှ ငွေကြေးစာရင်းရှင်းရန် ဖုန်းဆက် ခေါ်ဆိုမှုအရ သွားရောက်ရာမှ စကားအချင်းများပြီး တရာခံမှ သနပ်ခါးတုံးဖြင့် ထုလိုက်ရာမှ သေဆုံးသွားခြင်းဖြစ်သည်။ တရာခံနှင့် သံသယရှိသူများထံမှ မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိကြောင်း ရဲစခန်းမှ သိရသည်။