သေနတ်သံမကြားရင် ငြိမ်းချမ်းပြီလား

ခွန်းကလိုင်းဖရီး

ကယား(ကရင်နီ)ပြည်နယ်၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် ဦးတိုးအောင် တစ်ယောက် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ကာလအတွင်း မြန်မာ့တပ် မတော်က ဆွဲခေါ်လို့ ၁၂ နှစ်လုံးလုံး တစ်လကို သုံး၊ လေးခါ ပေါ်တာထမ်းခဲ့ရသူပါ။

အခုဆိုရင် တိုက်ပွဲသံတွေ သေနတ်သံတွေမကြားရတော့လို့ သူနားနေရတာဆိုရင် ၁၅ နှစ်လောက်ရှိနေပြီလို့ဆိုပါတယ်။

“ပြန်ကောင်းကောင်းမွန်မွန် နားနေရတာဆိုရင်တော့ ၁၅ နှစ်လောက်ပဲ ရှိသေးတယ်။ အသက် ၆၀ ထဲမှာ။ ငယ်ငယ်ကတည်းက၊ မွေးလာကတည်းကပဲ ဒုက္ခခံ ထွက်ပြေးလိုက် တောထဲ၊ ချုံထဲ၊ ဂူထဲ အဲ့လိုမျိုးပေါ့”

ပြည်တွင်းစစ်ကြောင့် ရွာသစ်မြို့အနီးရှိ လွယ်ဝိုင်းစုစည်းရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် ဒေါ်ရှေ့မယ် အိမ်အား မြင်တွေ့ရစဥ်

အရင်ကလို ပြေးလွှားပုန်းနေရတဲ့ဘဝမရှိတော့တဲ့အတွက် အခုချိန်က သူ့အတွက် ငြိမ်းချမ်းရေးရနေပြီလို့ ခံစားနေရသူပါ။

အရင်လို စစ်ပွဲတွေပြန်မဖြစ်ဖို့ မျှော်လင့်ပြီး နောင်လာမယ့် မျိုးဆက်တွေလည်း သူ့လိုမျိုး မခံစားစေချင်ဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ဒီလိုမငြိမ်းချမ်းမှုတွေကို ငြိမ်းသတ်နိုင်ဖို့အတွက် ယခင်သမ္မတဟောင်းဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့က ၂၀၁၁ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီ ကမ်းလှမ်းချက်ကြောင့် ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်တွေမှာ နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် (Bilateral Ceasefire Agreement) ကို သဘောတူ လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။

ဒီအခြေအနေတွေကို ကြည့်မယ်ဆိုရင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အနေနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို တက်လှမ်းလာခဲ့ပြီဆိုပေမယ့် ယခုချိန်ထိ တရားမဝင်အသင်းအဖွဲ့အဖြစ် သတ်မှတ်ခံနေရဆဲပါပဲ။

“စစ်အစိုးရလက်ထက်က သတ်မှတ်ထားတဲ့ တရားမဝင်အသင်းဆိုတာမျိုးကို ရုပ်သိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိကိုတော့ ဒီအစိုးရကရော၊ တပ်မတော်ကရော ထုတ်ပြန်ကြေညာလာတာ မရှိသေး ပါဘူးခင်ဗျ။”လို့ ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာစောင့်ကြည့်နေတဲ့ ကိုကျော်ထင်အောင်က ဆိုပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (Nationwide Ceasefire Agreement – NCA) မှာ KNPP အပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အတော်များများလည်း လက်မှတ် မထိုးသေးတာကို တွေ့ရပါတယ်။

ခုလို နှစ်ဖက်အပြန်အလှန် အပစ်အခတ်ရပ်စဲရေးဖြစ်လာဖို့ လုပ်ဆောင်တာဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဖြစ်ပြီးတော့ အစိုးရသက်တမ်းနှစ်ဆက်က တာဝန်ယူလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ခုလို ငြိမ်းချမ်းရေး ဖော်ဆောင် တဲ့နေရာမှာ ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရ တာဝန်ယူတဲ့ကာလနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တာဝန်ယူတဲ့ကာလ အပိုင်းအခြားတွေမှာ ကွာခြားချက်တွေ ရှိတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူး (၂) ဒယ်နီယယ်က ပြောပါတယ်။

“အရင်အစိုးရကတော့ သူဒီငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ တစိုက်မတ်မတ် ပိုလုပ်တယ်လို့ ကျနော်တို့ ခံစားရ တယ် ။ ဒီ NLD အစိုးရလက်ထက်မှာကတော့ နည်းနည်းအားလျော့တာပေါ့လေ။ ကျနော်တို့ အပေါ်မှာ၊ ဒီငြိမ်း ချမ်းရေးဖြစ်စဉ်အပေါ်မှာ သူအားနည်းနည်းလျော့တယ်။”

ဒါပေမယ့် လက်မှတ်ထိုးပြီးထားတဲ့ အဖွဲ့တွေကိုတော့ ပင်လုံညီလာခံကို အတင်းဆွဲသွားတဲ့ အနေအထားမျိုးမှာ ရှိတယ်လို့ သူက ဆိုပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေနဲ့ ခုလို ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်တွေမှာ သဘောတူ ညီမှုရထားပေမယ့် NLD အစိုးရ လက်ထက်မှာ ကယား(ကရင်နီ)ပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ပြဿနာ၊ မြေယာသိမ်းဆည်းမှုပြဿနာနဲ့ ပွင့်လင်းမြင်သာမှု အားနည်းတဲ့ အကြီးစားသတ္တုသန့်စင်စက်ရုံလို ကိစ္စရပ်မျိုး တွေလည်း ဖြစ်ပွားပြန်ပါတယ်။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ နှိုင်းယှဉ်မှုပြုရမယ်ဆိုရင် ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်းနှစ်ဦးရဲ့ လုပ်ဆောင်ချက်တွေကို ပြန်ပြီး လေ့လာသုံးသပ်ကြည့်စေချင်ပါတယ်။

ယခင်အစိုးရလက်ထက် ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး (ခ) ဘူးရယ် တာဝန်ယူခဲ့စဉ်က KNPP နဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ (၃) လတစ်ကြိမ် ဆိုတာမျိုး ပုံမှန်တွေ့ဆုံညှိနှိုင်းနိုင်ခဲ့ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

တစ်ဖက်မှာ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို တာဝန်ယူခဲ့တဲ့ကာလကို ကြည့်မယ်ဆိုရင် KNPP နဲ့ ပြည်နယ် အစိုးရအဖွဲ့တို့ ပုံမှန်တွေ့ဆုံညှိနှိုင်းတာမျိုးတွေ အားနည်းသွားပြီးတဲ့အပြင် ဗိုလ်ချုပ်ကြေးရုပ်ပြဿနာ ပေါ်ပေါက်တာမျိုးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ကို တားဆီးပိတ်တာမျိုး ၊ ပြည်နယ်အဆင့် ပစ်ခတ်ရပ်စဲရေးစာချုပ်ပါ သဘောတူညီချက်တွေကို လေးစားလိုက်နာခြင်းမရှိတာမျိုးတွေ တွေ့နေရပါတယ်။

လက်ရှိ ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းတဲ့အပေါ် လွိုင်ကော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ခုလို သုံးသပ်ပြပါတယ်။

“ကတိပေးထားပြီဆိုရင် လုပ်ကိုလုပ်ရမယ်။ ကတိပေးထားပြီ လုပ်ပိုင်ခွင့်ပေးထားတာကို အကြောင်းကြောင့် ဖြစ်စေ၊ အကြောင်းကြောင့် ဒီကြားထဲမှာဖြစ်လာရင် ဥပမာ ကျမတို့ မိသားစုလိုပေါ့။ သားကြီးကိုတော့ တာဝန်ပေး လိုက်တယ်။ သားကြီးက ကမောက်ကမဖြစ်နေတယ်၊ ပေးမလုပ်သေးဘူး။ ထားလိုက်ပါအုံး ပုံမျိုးလည်း ဖြစ်တတ် တာပေါ့နော်။”

သက်ဆိုးရှည်နေတဲ့ ပြည်တွင်းပဋိပက္ခတွေကို အဆုံးသတ်ဖို့အတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုရရှိဖို့အတွက် ခဲရာခဲဆစ်ကြိုး ပမ်းခဲ့တာကို သမိုင်းမှတ်တမ်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။

ဒီဖြစ်စဉ်တွေကို ကြည့်လိုက်တဲ့အခါမှာ ပထမအကြိမ်အနေနဲ့ ၁၉၆၃ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒုတိယအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံံ့ဖြိုးရေးကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်ရရှိခဲ့ပေမယ် (၃) လသာ တည်မြဲခဲ့ပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီးတော့ ၂၀၀၇ ခုနှစ်အထိ အကြိမ်ကြိမ်ပြန်လည်တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။ နောက်ဆုံးအကြိမ် တတိယအကြိမ်ကတော့ ၂၀၁၂ ခုနှစ်ကစပြီး လက်ရှိ အချိန်ထိ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပါပဲ။

“လက်ရှိ NCA ပေါ့။ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ဟာ ကျနော်တို့ ကရင်နီပြည်ဆိုတဲ့ ကယားပြည်နယ်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီ KNPP ကို ဝိုင်းဝန်း၊ ဝန်းရံ၊ ကူညီ၊ အကြံပေး၊ ဉာဏ်ပေး။ နောက် ထိုနည်းတူ ပြည်သူနဲ့ လက်တွဲ အကြံပေး၊ အကြံယူပြီးမှ လုပ်ဆောင်သွားမယ်ဆို ပိုမို လျင်မြန်ထိရောက်တယ်။” လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP)ရဲ့ ဗဟိုကော်မတီဝင် ဦးမိုင်ကယ်က ပြောပါတယ်။

KNPP အနေနဲ့ (၄) ကြိမ်အထိ ကျင်းပပြီးစီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံတွေအနက် ပထမအကြိမ်နဲ့ တတိယ အကြိမ်တွေမှာပဲ ပါဝင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင် အထည်ဖော်တဲ့နေရာမှာ ပိုမိုထိရောက်တဲ့ ပုံစံနဲ့သွားဖို့လိုတယ်လို့ ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးဖြစ် စဉ်ကို လေ့လာစောင့်ကြည့်တဲ့ ကိုကျော်ထင်အောင်က သုံးသပ်ပါတယ်။

“ငြိမ်းချမ်းရေးဆိုင်ရာအရ လေ့လာသိရှိထားတဲ့သူမျိုးတွေ ပါဝင်မယ်ဆိုရင် ပိုမိုပြီးတော့မှကို တိုင်းရင်းသားလက် နက်ကိုင် KNPP နဲ့ ပိုမိုအားကောင်းလာလိမ့်မယ်ပေါ့။ တကယ်တမ်းကတော့ ပါးစပ်ကပဲ ပြည်သူ့အစိုးရတို့၊ လူထုရွေးချယ်တဲ့အစိုးရတို့ ပြောနေပြီးတော့ တကယ့်အရေးကြီးတဲ့ ကိစ္စရပ်တွေမှာကျတော့ တပ်မတော် အငြိမ်းစားတို့ကိုပဲ တာဝန်ပေးနေမယ်ဆိုရင် ဒါသည် ဘယ်လိုမှကို ပြည်နယ်အတွက် ပိုမိုအားကောင်းတဲ့ အရွှေ့တစ်ခုကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးခင်ဗျ။”

၂၀၁၃ ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်းမှာဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဆင့်(၃)ဆင့်ပါဝင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပထမ အဆင့်အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးရန်ဖြစ်ပြီး ဒုတိယ အဆင့်မှာတော့ နိုင်ငံရေးဆိုင်ရာမှုဘောင်(FPD)ရေး ဆွဲရန်နဲ့ နောက်ဆုံးအဆင့်မှာတော့ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (NPD)၊ ပြည်ထောင်စုညီလာခံ (UC) ကျင်းပရန်တို့ ပါဝင်တာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း လတ်တလော ကျင်းပပြီးစီးသွားတဲ့ ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံကနေ ပြည်ထောင်စုသ ဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ လက်မှတ်ရေးထိုးခဲ့ပေမယ့် ပြည်တွင်းပဋိပက္ခမှာ အဓိက ပါဝင်ပတ်သက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစုက ပါဝင်လက်မှတ်ရေးထားခြင်း မရှိပါဘူး။

NCA မှာ ပါဝင်လက်မှတ်မထိုးသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ အတွင်းရေးမှူး (၂) ဒယ်နီယယ်က ခုလို သုံးသပ်ပြောဆိုပါတယ်။

“ကျနော်တို့ မျှော်လင့်ထားသလောက်ကတော့ ဖြစ်မလာနိုင်သေးဘူး။ ဒီအစိုးရလက်ထက်မှာပေါ့နော်။ လာမယ့် ငြိမ်းချမ်းရေးအခန်းကဏ္ဍက တစ်ကယ်စေတနာရှိမယ့်လူလိုတယ်။ တကယ်စိတ်ပါဝင်စားပြီးတော့မှ အလျော့အ တင်းတွေ ညှိနှိုင်းနိုင်မယ့် လူက လိုတယ်။ အဲ့လိုမျိုးဖြစ်မှသာလျှင် ကျနော်တို့ ပြေလည်နိုင်မယ်လို့ ထင်ပါတယ်။”

တိုက်ပွဲတွေကြုံခဲ့ဖူးတဲ့ ရွာသစ်မြို့က ဦးတိုးအောင်က တိုက်ပွဲသံမကြားတော့ရင် ငြိမ်းချမ်းပြီလို့တော့ ယူဆထားပါတယ်။

“စစ်တပ်နဲ့ အဲဒီ သူပုန်နဲ့ မပစ်ပြီဆိုရင်တော့ အဲ့ဒါငြိမ်းချမ်းရေးရပြီဆိုရင် လွတ်လပ်ပြီလေ။ ကိုယ်ကြိုက်တဲ့နေရာ သွားလို့ ရပြီ မဟုတ်လား” လို့ ဦးတိုးအောင်က သူရဲ့ ငြိမ်းချမ်းရေးအပေါ် ယူဆချက်ကို ပြောသွားတာဖြစ်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) လက်မှတ်ရေးမထိုးထားသေးတဲ့ ပြည်နယ်ဖြစ်ပေမယ့်လည်း တခြား (NCA) လက်မှတ်ထိုးထားတဲ့ပြည်နယ်တွေလောက်တော့ တိုက်ပွဲသံမကြားရတော့တာတော့အမှန်ပါ။ တိုက်ပွဲသံ မကြားပေမယ့်လို့ အထက်ပါ တိုင်းရင်းသားတွေ အမှန်တကယ်လိုလားနေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရောက်ဖို့ ပြည်နယ်အဆင့် နှစ်ဖက်ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုတောင် လေးစားလိုက်နာမှုမရှိဘူးဆိုင်ရင် သံနတ်သံမကြားပေမယ့် ငြိမ်းချမ်းရေးကို ဘယ်လိုမှ မရသေးတာတော့ အမှန်ပါပဲ။

Comments

comments

Next Post

ကယားပြည်နယ်မဲရုံများအတွက် အထူးရဲ ၂၀၀ ကျော်ခန့်အပ်

Wed Sep 23 , 2020
နော်ဒွေးအယ်ခူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း ကယားပြည်နယ်မဲရုံတွေအတွက် အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးကို ခန့်အပ်ထားတယ်လို့ ကယားပြည်နယ်ရဲတပ်ဖွဲ့ (ပြည်နယ်ဦးစီးပထမတန်း) မှ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်ကပြောပါတယ်။ “မဲရုံ ၂၂၀ ရှိတဲ့အတွက် အထူးရဲတပ်ဖွဲ့ကလည်း ၂၂၀ စုဆောင်းထားတာရှိတယ်။ မဲရုံတစ်ရုံကို အထူးရဲတပ်ဖွဲ့တစ်ယောက်စီ တာဝန်ပေးမယ်” လို့ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်က ပြောပါတယ်။ ၂၀၂၀ ထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်တွင်းရှိ ရဲတပ်ဖွဲ့အင်အားမလုံလောက်တဲ့အတွက် သြဂုတ်လအတွင်းက အထူးရဲတပ်သားတွေကို ရွေးချယ်ခဲ့ပြီး အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးနှင့် အရံအင်အား ငါးဦး စုစုပေါင်း ၂၂၅ ဦးကို ထားဖို့လျာထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ အထူးရဲတွေအနေနဲ့ ကယားပြည်နယ် မြို့နယ် ခုနစ်မြို့နယ်အလိုက် အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၄ […]