ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်က နေရာဒေသအသီးသီးမှာ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် တရားမျှတမှုပြန်လည်ရရှိရေးအတွက် ကျေးရွာလူထုနဲ့တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဌ မော်ဖရေမြာက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
“အကြမ်းဖက်ခံရတဲ့ဟာကို တရားမျှတမှု ရှိဖို့ ကျမတို့ လုပ်ဆောင်တဲ့နေရာမှာ ကျူးလွန်တဲ့သူ နဲ့ ခံရသူ နှစ်ဦးနှစ်ယောက်တည်းမဟုတ်ဘဲ တရားဥပဒေအရ အလုပ်လုပ်နေတဲ့သူဆိုရင်လည်း ပူးပေါင်းပါဝင်ဖို့လိုအပ်သလို ပြီးတော့ သူတို့နေထိုင်တဲ့ရွာမှာလည်း သက်ဆိုင်ရာ ဥက္ကဌတို့ ရပ်ကွက်မှူးတို့ကလည်း သူတို့ ဒီအရေးကို ထည့်သွင်းစဥ်းစားဖို့ အရေးကြီးတယ်။”လို့ မော်ဖရေမြာက ဆိုပါတယ်။
နည်းမျိုးစုံသော အကြမ်းဖက်မှုတွေကို ခံနေရသူရှိတာကြောင့် ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” ကစပြီး ၁၆ ရက်တာလှုပ်ရှားမှုမှာ လူထုတွေကို အသိပညာပေးအစီအစဉ် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဖိုဝါဒ ကြီးစိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ခံရမှုအတွက် ဖိုဝါဒကြီးစိုးမှုကို အဆုံးသတ်ဖို့၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် နည်းမျိုးစုံအကြမ်းဖက်မှုတွေအတွက် တရားမျှတမှု ဖော်ထုတ်ဖို့ စတဲ့အကြောင်းအရာတွေကို မျှဝေသွားမယ်လို့ ဆိုပါတယ်။
“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” ၁၆ ရက်တာ လှုပ်ရှားမှုအစီအစဥ်ကို ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) ၊ (၂ ) ၊ နယ်စပ် စစ်ရှောင်စခန်းတချို့အပါအဝင် ကရင်နီပြည်တွင်းက လွိုင်ကော် ၊ ဒီးမော့ဆို၊ ဖရူဆို ၊ မယ်စဲ့ စတဲ့မြို့နယ်တွေမှာ ဆောင်ရွက်သွားမယ်လို့ မော်ဖရေမြာက ဆက်ပြောပါတယ်။
“ဆင်ခြင်မပေးနဲ့ ၊ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန် ၊ စည်းလုံးညီညွတ်ရေး” စတဲ့ ဆောင်ပုဒ်နဲ့ အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာ အကြမ်းဖက်မှု ပိုခံရတဲ့ အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေအတွက် အားလုံးပူးပေါင်းပါဝင်ပေးဖို့ကိုလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဌာန ၊ ဒု- ဌာနမှူး မော်သဲမာ က IEC ကနေ ဦးဆောင်တဲ့ ၁၆ရက်တာလှုပ်ရှားမှု ကမ်ပိန်းအစီအစဉ်မှာ တိုက်တွန်းပြောဆိုထားပါတယ်။
“ ဒီလိုမျိုးကာလမှာဆိုရင် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေက ဓါးစာခံအဖြစ် ခံနေရတာဖြစ်တယ်။ တရားဥပဒေစိုးမိုးမိုးရေး အားနည်းနေတဲ့ ဒီလိုကာလမျိုးမှာ ဒီလိုအကြမ်းဖက်မှုတွေ ပပျောက်ဖို့ ကျမတို့အားလုံးပါဝင်ကြမှ ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်းတွေပဲပြောပြော အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းသော်လည်းကောင်း၊ လူထုအားလုံးပူးပေါင်းကြဖို့ တိုက်တွန်းပြောချင်တယ်။”လို့ မော်သဲမာက ပြောဆိုထားပါတယ်။
စစ်ရေး၊ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးနဲ့ ဆယ်ကျော်သက်အမျိုးသမီးငယ်တွေမှာ မတူညီတဲ့ အကြမ်းဖက်မှုတွေ ခံနေရတာရှိပြီး အဆိုပါ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့နဲ့ လက်တွေ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်လျက်ရှိတယ်လို့ IEC က အသိပေးထားပါတယ်။