အကြီးစား ရင်းနှီးမြုပ်နံှမှုလုပ်ငန်းတိုင်းမှာ မဖြစ်မနေ EIA ဆောင်ရွက်သင့်

အန်ထောနီ

အကြီးစား ရင်းနှီးမြှပ်နံှမှုလုပ်ငန်းတိုင်းမှာ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဖို့အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း(EIA) မဖြစ်မနေလုပ်သင့်တယ်လို့ လက်ရှိ ရခိုင်ပြည်နယ်မှာ တာဝန်ကျနေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွန်ကြားရေးမှုးရုံးမှ ဦးစီးအရာရှိ ဦးသန်းထိုက်အောင်က ပြောပါတယ်။

“ EIA ဆွဲဖို့လုပ်ငန်းနဲ့ ပတ်သက်လာရင် ကျနော်တို့ EIA ဆွဲကိုဆွဲရမယ်။ လုပ်ငန်းအမျိုးအစားကို ကြည့်လိုက်လေးဗျား သူ့ရဲ့လုပ်ငန်းလည်ပတ်မှုက တစ်နေ့ကို ဘယ်လောက်ထုတ်လုပ်မလဲ၊ ဘယ်လိုလုပ်ငန်းအမျိုးအစားလဲ၊ ပတ်ဝန်းကျင်က အဲ့ဒီလုပ်ငန်းကနေထွက်လာတဲ့ စွန့်ပစ်ပစ္စည်းမျိုးစုံကြောင့် ဘယ်လောက်ထိ ဆိုးကျိုးဖြစ်စေမလဲပေါ့နော်။ အဲ့လိုမျိုးသ့ူရဲ့လုပ်ငန်းအမျိုးအစားကို မူတည်ပြီးတော့မှ ဆွဲရတယ်။ အဲ့ဒီချိန်မှာ သူရဲ့တစ်နေ့ထုတ်လုပ်မှု၊ တစ်လ ထုတ်လုပ်မှုက ပတ်ဝန်းကျင်ကို ဘယ်လောက်ထိ ဆိုးကျိုးဖြစ်မလဲဆိုတာကို တိုင်းတာပြီးတော့မှ ဒီလုပ်ငန်းက EIA ဆွဲသင့်တယ် ဆိုပြီးကျနော်တို့က သွားပြီးညွန်းတယ်” လို့ပြောပါတယ်။

လက်ရှိ ကယားပြည်နယ် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု စက်မှုဇုန်မှာ အကြီးစား သတ္တုသန့်စင်စက်ရုံ တည်ဆောက်နေတာနဲ့ ပတ်သက်လို့ (EIA) လုပ်ငန်းဆောင်ရွက်ထားခြင်းရှိမရှိကိုတော့ သက်ဆိုင်ရာက သေချာမသိဘူးလို့ ဆိုပါတယ်။

၎င်းကိစ္စနဲ့ပတ်သက်လို့ ကယားပြည်နယ်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို ဆက်သွယ်ရာမှာ တွေ့ဆုံဖြေကြားနိုင်မည့်သူ ဆက်သွယ်လို့ မရနိုင်သေးပါဘူး။

လက်ရှိ လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု စက်မှုဇုန်မှာ အကြီးစား သတ္တုသန့်စင်စက်ရုံ ဆောက်နေတာဟာEIA တွေ တစ်ခြားမိတ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်း၊ လူထုတွေကို ပြန်လည် ချပြခြင်းတွေ မလုပ်ဘူးလို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)ကယား(ကရင်နီ) ပြည်နယ်ရဲ့ တာဝန်ခံ ခွန်းအန်းဂျေလိုက ပြောပါတယ်။

“သတ္တုသန့်စင်စက်ရုံဆိုတာ ရိုးရိုးထင်းနဲ့ ကျိုလို့ရတဲ့အရာ မဟုတ်ပါဘူး။ အဲ့ဒါ ဓာတုပစ္စည်းတွေ အများကြီးအသုံးပြုရမှာပါ။ ဓာတုပစ္စည်းအသုံးပြုတဲ့အခါမှာ ဘယ်မှာသွားစွန့်ပစ်မှာလဲ။ စွန့်ပစ်တဲ့နေရာတွေ ရေတွေ အသုံးပြုလိမ့်မယ် အဲ့ဒီအခါ ရေရဲ့စိမ့်ဝင်မှုက အကုန်လုံးဘီလူးချောင်းထဲရောက်မယ် ဘီလူးချောင်းနဲ့ဆို ၂ မိုင်ဝန်းကျင်လောက်ပဲရှိမယ်။”လို့ ခွန်းအန်းဂျေလိုက ပြောပါတယ်။

အခုလို အကြီးစားစီမံကိန်းတွေ ဆောင်ရွက်ခြင်းဟာလည်း ပြည်သူတွေ လုပ်စားနေတဲ့ တောင်ယာမြေတွေကို ထိခိုက်နစ်နာစေတယ်လို့ ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း မြေဆီလွှာတွေလည်း ပျက်စီးစေတဲ့အတွက် အရပ်ဖက်အဖွဲအစည်းတွေက ကန့်ကွက်မှုများပြုလုပ်ပေမယ့်လည်း ရပ်တန့်သွားခြင်းမရှိပဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေ EIA မလုပ်ထားဘူးလို့ ဝေဖန်ထောက်ပြနေကြတဲ့ လွိုင်ကော်မြို့နယ် စက်မှုဇုန်ထဲက အကြီးစား သတ္တုသန့်စင်စက်ရုံ တည်ဆောက်နေတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

မည်သည့် ရင်နှီးမြှပ်နှံမှု စီမံကိန်းတွေကိုမဆို ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) စနစ်၊ ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (IEE) ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP) ၃ ခု လုပ်ရမှာဖြစ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေနှင့်အညီ ဝန်ကြီးဌာနသို့တင်ပြီး ခွင့်ပြုချက် လက်မှတ်ရမှသာ ဆက်လက်လုပ်ဆောင်ရတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ EIA ပြုလုပ်ပြီး ရရှိလာတဲ့ ပတ်ဝန်းကျင်ထိခိုက်နိုင်မှု အချက်အလက်များကို ပညာပေးအနေဖြင့် ပြည်သူလူထုထံသို့ ချပြရပြီး ပြည်သူလူထုက ကန့်ကွက်သည်ဆိုပါက ရပ်တန့်ထားရန် သို့မဟုတ် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ရတယ်လို့ ဦးသန်းထိုက်အောင် ရှင်းပြပါတယ်။

Comments

comments

Next Post

၂၀၂၀ အတွက် မဲပေးနိုင်သူ ဦးရေအကြမ်းကို ထုတ်ပြန်ကြေညာသင့်ပြီဖြစ်ကြောင်း တိုင်းရင်းသားပါတီတောင်းဆို

Sun Jun 7 , 2020
စိုးထိုက်အောင် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူ ဦးရေအကြမ်းကို ထုတ်ပြန်ကြေညာသင့်ပြီလို့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကယန်းအမျိုးသားပါတီမှ ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။ “ ဒီချိန်မှာတော့ မဲစာရင်းတွေ နဲ့ပတ်သတ်ပြီးမှ ကြေညာကိုကြေညာသင့်နေပြီပေါ့ မဲစာရင်းကို ကြိုကြေညာခြင်းအားဖြင့် လူထုတွေကပေါ့နော် အချိန်ပိုရတယ်၊ ပြီးရင်တော့ သွားကြည့်လို့ရသွားတဲ့ အနေအထားမျိုးပေါ့နော် ဖြစ်ရမယ်။” ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲကိုလာမည့် နိုဝင်ဘာလ အတွင်းမှာကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီဖြစ်ပေမဲ့ ယနေ့အချိန်ထိ အခြေခံ မဲပေးနိုင်တဲ့ လူဦးရေစာရင်းတွေ၊ မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို ထုတ်ပြန်ကြေညာတာမျိုး မရှိသေးတာကို တွေ့ရပါတယ်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းမှ […]