ကန္တာရဝတီတိုင်း ( မ် )
“နှစ်တိုင်းက ဒီစပါးနဲ့ပဲ နှစ်ဝက်လောက်ဖူလုံတယ်ပေါ့နော်။ ဒါပေမဲ့ ဒီနှစ်က ရေမြုပ်တာနဲ့ ကျနော်တို့ အရမ်းခက်ခဲ ကြပ်တည်းတယ်။ စပါးကလဲ ရေမြုပ်တော့ မရတော့တဲ့အတွက် ကလေးတွေအတွက် အရမ်းခက်ခဲတယ်။”
ဒီအကြောင်းကို ပြောပြနေတာကတော့ ကရင်နီအတွက် “ ဧမာနွေလ မိဘမဲ့ နဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဂေဟာ” ကို တည်ထောင်ခဲ့သူ ဦးခင်ဝင်းပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ကရင်နီမှာ ရေကြီးကာ ဒေသခံတွေရဲ့လယ်ဧက သောင်းနဲ့ချီ ရေနစ်မြုပ် ပျက်စီးခဲ့ပါတယ်။ အဲ့ဒီနစ်မြုပ်သွားတဲ့ လယ်ဧကတွေထဲမှာ ဦးခင်ဝင်းရဲ့ လယ် ၃ဧက လည်း ပါဝင်ခဲ့ပါတယ်။
နစ်မြုပ်သွားတာက လယ် ၃ ဧက ဆိုပေမဲ့ အဲ့ဒီလယ်ကို မှီခိုရှင်သန်နေရတဲ့ ဦးခင်ဝင်းရဲ့ မိသားစုအပါအဝင် ဦးခင်ဝင်း ဦးဆောင်ဖွင့်လှစ်ထားတဲ့ မိဘမဲ့ဂေဟာက ကလေးငယ် ၃၀ ကျော်ရဲ့ တစ်နှစ်စာ ရိက္ခာတွေ ရေနစ်မြုပ်သွားသလိုပါပဲ။
မိဘမဲ့ ကလေးငယ်တွေရဲ့ အိုအေစစ်ဖြစ်တဲ့ “ ဧမာနွေလ မိဘမဲ့နဲ့ ကလေးသူငယ်ပြုစု ပျိုးထောင်ရေး ဂေဟာ” မှာ နေထိုင်နေကြတဲ့ ကလေးအတွက်တော့ ရုတ်တရက် ကျရောက်လာတဲ့ အိမ်မက်ဆိုး တစ်ခုလိုပါပဲ။
ဦးခင်ဝင်းဟာ အရင်က ဒီးမော့ဆို၊ ဒေါပိတ ကျေးရွာမှာ နေထိုင်တဲ့ ဒေါပိတ နှစ်ခြင်းအသင်းတော် ၊ သင်းအုပ်ဆရာ တစ်ယောက်လည်းဖြစ်ပါတယ်။ သားတစ်ယောက်၊ သမီးနှစ်ယောက် ဇနီးဖြစ်သူနဲ့ အတူနေထိုင်ပြီး လယ်ယာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုကြတာဖြစ်ပါတယ်။
၂၀၂၁ခုနှစ် အာဏာသိမ်းပြီး ကရင်နီမှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်မှာတော့ ဦးခင်ဝင်းဟာ ဧမာနွေလ မိဘမဲ့ဂေဟာ ကျောင်းမှာရှိတဲ့ကလေးတွေနဲ့အတူ ဘေးလွတ်ရာထွက်ပြေးရင်း ယခုချိန်မှာတော့ ဂေဟာလေးကို ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း တစ်နေရာမှာ ပြန်လည်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
“ဧမာနွေလ မိဘမဲ့နဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေးဂေဟာလေး” ဟာ ကရင်နီပြည်ထဲက ဝေးလံ ခေါင်ဖျားလှတဲ့ရွာက ကျောင်းတက်ဖို့ ခက်ခဲတဲ့ကလေး၊ စစ်ပွဲကြောင့်ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် မိဘမရှိတော့တဲ့ ကလေးတွေကို ခေါ်ယူကာ ကျောင်းထားပေးတာတွေ၊ ဆုံးမသွန်သင် လမ်းညွှန်ပေးနေတဲ့ ဂေဟာ လေးတစ်ခုလည်း ဖြစ်ပါတယ်။
အခုလို အခက်အခဲတွေကြားက ရောက်လာကြတဲ့ ကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ မောင်စမိုင်းလ်လေး က သူ ဂေဟာရောက်လာရတဲ့အကြောင်းအရင်းကို ခုလို ပြန်ပြောပြပါတယ်။
“အမေက အဆုပ်ကင်ဆာဖြစ်ပြီးဆုံးသွားတယ် အဖေကပျောက်သွားတယ် ဘယ်ရောက်သွားလဲ မသိဘူးပေါ့” ဆိုပြီး မျက်လွှာလေးကို အောက်ငိုက်စိုက်ကာ ဝမ်းနည်းတဲ့ အရိပ်အယောင် လေးနဲ့ ဆိုပါတယ်။
မောင်စမိုင်းလ်လေး ဟာ မိဘမရှိတဲ့နောက်ပိုင်း အဒေါ်ဖြစ်သူဆီသွားရောက်နေခဲ့ရပြီး အဒေါ်ဆီကနေတဆင့် မိဘမဲ့ဂေဟာလေးကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။
ထိုနည်းတူ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ရက်နေ့ညမှာ လေယာဉ်ဗုံးကြဲခံခဲ့ရတဲ့ ဘန်ကောက် စစ်ရှောင်စခန်းက ကလေးသုံးဦးဟာလည်း “ ဧမာနွေလ မိဘမဲ့နဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဂေဟာ” ကို ရောက်ရှိလာခဲ့ပါတယ်။
“ဘန်ကောက်မှာ (စစ်ရှောင်စခန်း အမည်) တစ်ခါမှ မကြုံဖူးတဲ့ အဖြစ်အပျက်ကို ကြုံရလို့ အဲ့ဘန်ကောက်မှာပဲ ဆက်လက်နေရင် နှလုံး ရပ်သွားနိုင်ဖို့ အလားအလာရှိတယ်ပေါ့။ သူငယ်ချင်းတချို့ ရှိလို့ ဒီဖက်မှာပဲ ဆက်သွယ်လိုက် ဒီက ပါ့ပါ နဲ့ မို့မိုကလဲ သမီးတို့ကို သနားပြီး လက်ခံလိုက်တာ”လို့ ပြောနေတဲ့ပုံဟာ သူကြုံခဲ့ရတဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်က ခြောက်လှန့်မှုဟာ သူမရဲ့မျက်နှာမှာ အထင်းသား ပေါ်လွင်နေပါတယ်။
“ ဧမာနွေလ မိဘမဲ့ နဲ့ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဂေဟာ” ကိုတည်ထောင်ခဲ့သူ ဦးခင်ဝင်းနဲ့ ဇနီးဖြစ်သူကို ကလေးများက ပါ့ပါ၊ မို့မိုဆိုပြီး ခေါ်ဝေါ် သုံးနှုန်းလေ့ရှိပါတယ်။
ကိုယ်ထူကိုယ်ထရုန်းကန်နေရပြီး နီးစပ်ရာ တခြားသူထံမှ အကူအညီရယူကာ ရှင်သန်ရပ်တည်နေတဲ့ ဧမာနွေလ ဂေဟာ လေးဟာလည်း လိုအပ်ချက်တွေတော့ နည်းမနေပါဘူး။ ယခုနှစ် ဆောင်းရာသီရောက်ရှိလာပြီဖြစ်တာကြောင့်လည်း လိုအပ်ချက်တွေကို နော်အယ်လားရှီး က ခုလိုပြောပါတယ်။
“အခုချိန်က ဆောင်းတွင်းကာလလဲ ဖြစ်တဲ့အတွက်ကြောင့်မို့ စောင်တွေလိုအပ်တယ်။ ပြီးတော့မှ ခြေအိတ်တွေ ဦးထုပ်တွေလိုအပ်တယ်။ အင်္ကျီနွေးတွေလိုအပ်တယ်။ တခါတလေဆို နှာစေး၊ ချောင်းဆိုးတာတွေ ဖြစ်တယ်။ အဲ့တွက်ကြောင့်မို့ ဆေးလဲ လိုအပ်ပါတယ်။” လို့ ဆိုပါတယ်။
ဒါတင်မကသေးပဲ ဆန်၊ ရေနဲ့ ကျောင်းဆောင်လိုအပ်ချက်တွေလည်း ရှိနေသေးတယ်လို့ နော်အယ်လားရှီးက ထပ်ပြောပါတယ်။
ဧမာနွေလ ဂေဟာလေးက ကလေးတွေထဲမှာမှ နော်အယ်လားရှီးရဲ့ ဖခင်ဖြစ်သူဟာ အရင် KA ရဲဘော်တစ်ဦးဖြစ်ခဲ့ပြီး သူရဲ့ဖခင်ဟာ ရှေ့တန်းစစ်မြေပြင်မှာ မိမိရဲ့ လက်အောက်ငယ်သားတွေအစား ရန်သူကို ခံပစ်ရင်း အသက်ဆုံးရှုံးခဲ့ပါတယ်။ခအဲ့ဒီနောက် မိခင်ဖြစ်သူနဲ့ အတူ မောင်လေးတစ်ယောက်၊ ညီမလေးတစ်ယောက်နဲ့ နေထိုင်ခဲ့ပါတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ နော်အယ်လားရှီးဟာ မိခင်ရဲ့ပင်ပင်ပန်းပန်းအလုပ်လုပ်နေရတာကို အားနာမိတာကြောင့် အဲ့ဒီ “ မိဘမဲ့နဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဂေဟာလေး” ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဦးခင်ဝင်းတို့ မိသားစုလေးဟာ ဧမာနွေလ မိဘမဲ့ဂေဟာလေး ဖြစ်တည်လာချိန်မှစပြီး ယခုထက်ထိတိုင် သူတို့ရဲ့ အချိန်၊ ငွေ နဲ့ ဘဝတစ်ခုလုံးကို ပုံအောထားခဲ့ကြပါတယ်။ ဦးခင်ဝင်းနဲ့ သမီးကြီးဖြစ်သူဟာ ခရစ်ယာန် ဓမ္မ ဆရာများဖြစ်ပြီး အသင်းဝင်သူတွေက စေတနာနဲ့ပေးလှူတဲ့ အလှူငွေတွေကို ဂေဟာလေးအတွက် ဖြည့်စွက် အသုံးပြုကြပါတယ်။
ဦးခင်ဝင်းရဲ့ သားဖြစ်သူမှာလည်း သူငယ်ချင်းထံက ရတဲ့ အရင်းအနှီးအကူအညီနဲ့ ဆိုင်ကယ် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ရာကနေ ရတဲ့ဝင်ငွေလေးနဲ့ “ ဧမာနွေလမိဘမဲ့နဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဂေဟာလေး”ထဲက ကလေးတွေအတွက် လိုအပ်ချက်လေးတွေကို အတတ်နိုင်ဆုံး ကူညီပေးနေပါတယ်။
ဦးခင်ဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ညားမြာဟာလဲ ကလေးတွေရဲ့ လိုအပ်တဲ့ အိမ်မှုကိစ္စအဝဝကို ကူညီပေးတဲ့အပြင် သူရဲ့ သားငယ်လေး တပိုင်တနိုင်နဲ့ဖွင့်ထားတဲ့ ဆိုင်ကယ်ရောင်းဆိုင်လေးမှာ တနေကုန်ထိုင်ကာ သားငယ်ရဲ့ ဆိုင်ကယ်ရောင်းရရေးကို အားစိုက်ပေးပါတယ်။
ယခုလို “ဧမာနွေလ မိဘမဲ့နဲ့ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဂေဟာလေး” က ကလေးတွေရဲ့နောက်ကွယ်မှာ မားမားမတ်မတ်ရပ်တည်ကြိုးစားကြတဲ့ ဦးခင်ဝင်းရဲ့ မိသားစုဟာ “ဧမာနွေလမိဘမဲ့နဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေးဂေဟာ” က ကလေးတွေအပေါ် ဘယ်လောက် ချစ်တယ်၊ သံယောဇဉ်ရှိတယ်ဆိုတဲ့အကြောင်းကို ဦးခင်ဝင်းရဲ့ဇနီးဖြစ်သူ ဒေါ်ညားမြာ က အခုလိုပြောပါတယ်။
“ဒီဂေဟာပေါ်မှာ အဒေါ်ကျတော့ သူတို့ကို သားသမီးအရင်းလိုထားတယ်။ သံယောဇဉ်ရှိတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့က ဒီမှာလာနေတယ်ဆိုပေမဲ့ အခက်ခဲတွေနဲ့ ပြောလို့လဲရတယ်ပေါ့နော်။ နောက်ပြီး တချို့က မိဘ မရှိဘူးဆိုတော့ သူတို့လာနေတဲ့အခါ သူတို့စိတ်ထဲ တမျိုးတော့ဖြစ်မှာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ကို သားသမီးအရင်းလိုပဲ ကိုယ်က သံယောဇဉ်ရှိပါတယ်” ဆိုပြီး သူ့ရဲ့ ဗမာစကားကို တိုင်းရင်းသူ စကားသံဝဲဝဲလေးနဲ့ ပြောပြပါတယ်။
လာမည့် ၂၀၂၅ခုနှစ်ထဲ ဧမာနွေလ ဂေဟာလေးကို ထပ်မံလာရောက်နေထိုင်ဖို့ ကမ်းလှမ်းထားတဲ့ ကလေး (၁၀)ယောက် ရှိပါတယ်။ ငွေကြေးအရ တတ်နိုင်ခဲ့ရင် အားလုံးကို လက်ခံချင်ပေမဲ့ အခက်အခဲ အကြပ်တည်းဖြစ်နေတာကြောင့် ခက်ခဲတဲ့ကလေးထဲမှာမှ ဇကာတင် အခက်ခဲဆုံးကလေးတွေကိုသာ ရွေးချယ်သွားဖို့ရှိတယ်လို့လည်း သူမက ဆက်ပြောပြပါတယ်။
ရေကြီးတဲ့ထဲ ဦးခင်ဝင်းရဲ့လယ် ၃ဧက ဟာ မိသားစုနဲ့ မိဘမဲ့ ကလေးငယ် ၃၀ ကျော်အတွက် နှစ်ဝက်စာ ဖူလုံနိုင်ပေမယ့် ရန်သူမျိုး ငါးပါးထဲက “ရေ”ဆိုတဲ့ ရန်သူတစ်ပါးက ယူဆောင်သွားလိုက်ပါပြီ။ အေးမြတဲ့ ဆောင်းရာသီရဲ့ အငွေ့အသက်တွေ ဆောင်းလေပြေလေးတွေကို ဦးခင်ဝင်း မိသားစုနဲ့ ဂေဟာက ကလေးတွေရဲ့ စိုးရိမ်ပူပန်မှု မီးတောက်တွေက အံတုနေပါတယ်။
အခုချိန်မှာတော့ ကရင်နီက ကလေးငယ်လေးတွေအတွက် အိုအေစစ်ကလေးဖြစ်တဲ့ ဧမာနွေလ မိဘမဲ့ဂေဟာလေးဟာ အခက်အခဲကြားက ကြံ့ကြံ့ခံ ရုန်းကန်နေကြရပါတယ်။ လေပြည်လေးမတိုက်ခင် မုန်တိုင်းထန်နေတဲ့ နေ့တွေညတွေကို ဖြတ်သန်းနေရရှာပါတယ်။