အခမဲ့ဆေးခန်း သြဂုတ်လအကုန်တွင် ပိတ်သိမ်းတော့မည်

နော်ဒွေးအယ်ခူ

လွိုင်ကော်မြို့၊ မြို့နယ်ခန်းမမှ COVID-19 ကပ်ရောဂါကို ကြိုတင်ကာကွယ်တားဆီးထိန်းချုပ်နိုင်ဖို့အတွက် ဇွန်လတစ်ရက်နေ့က စတင်ဖွင့်လှစ်ထားတဲ့ Fever Clinic (အခမဲ့ဆေးခန်း) တွင် လူနာလာရောက်မှု နည်းပါးသဖြင့် သြဂုတ်လအကုန်တွင် ပိတ်သိမ်းတော့မယ်လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်ကပြောပါတယ်။

“ဒီသြဂုတ်လကုန်ရင် ဒီဆေးခန်းကိုပြန်ပြီးပိတ်လိုက်ပါတော့မယ်။ ဘာလို့ဆို ဒီမှာရှိတဲ့ Volunteer ကော ဆရာဝန်တွေကော လုပ်ပေးရတဲ့ တာဝန်ယူရတဲ့အချိန်နဲ့တကယ်လာပြတဲ့လူနာ ဒီလောက်မများကြဘူး။” လို့ ဒေါက်တာဌေးလွင်ကပြောပါတယ်။

အခမဲ့ဆေးခန်းရှိတာကို လူတွေသိပ်မသိကြသလို ပစ္စည်းကိရိယာစုံလင်စွာနဲ့ အဖျားရောဂါကိုကုသပေးနေပေမယ့်လည်း လူနာတွေက Quarantine ဝင်ခိုင်းမှာကိုစိုးရိမ်တာကတစ်ကြောင်း၊ တို့ပတ်နမူနာယူမှာကိုစိုးရိမ်နေကြပြီး ဖျားနာနေမကောင်းရင်လည်း လွိုင်ကော်ဆေးရုံကြီးကိုသာ သွားတဲ့အတွက် လူနာလာရောက်မှု နည်းပါးတာဖြစ်တယ်လို့ Fever Clinic မှာ တာဝန်ကျတဲ့ တီဘီတိုက်ဖျက်ရေးဌာနမှ ဒေါက်တာသန်းထိုက်ဇော်ကပြောပါတယ်။

“အမျိုးစုံရှိတာပေါ့။ ဒီကိုလူအများကြီးမသိကြတာလည်းပါတယ်။ပြီးတော့ လူတော်တော်များက အဓိကဆိုရင် ဆေးရုံကြီးကိုသွားတယ် ဖျားနာရင်ဆေးရုံကြီးကိုသွားတယ် ဒီကိုသိပ်မသိကြဘူး” လို့ ဒေါက်တာသန်းထိုက်ဇော်ကဆိုပါတယ်။

အဖျားရောဂါကုအခမဲ့ဆေးခန်းကို ဇွန်လတစ်ရက်နေ့မှာဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကိုယ်အပူချိန်မြင့်မားနေတဲ့လူနာ၊ လည်ချောင်းနာ ချောင်းဆိုး နှာစေးဖြစ်နေတဲ့လူနာတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာဖြစ်နေတဲ့လူနာတွေကိုသာ လက်ခံကုသပေးသွားခဲ့ပေမယ့် လက်ရှိအခြေအနေမှာ ရာသီသွေးလွန်တုပ်ကွေးဖြစ်နေတာကြောင့် သွေးလွန်တုပ်ကွေးပိုးရှိမရှိကို တစ်လက်စတည်းစစ်ဆေးနိုင်သလို အဖျားနဲ့ဆက်စပ်တဲ့ ငှက်ဖျားပိုးရှိမရှိကိုလည်း ရွေ့လျားဓတ်မှန်စက်နဲ့ စစ်ဆေးနိုင်တာပဲဖြစ်ပါတယ်။

ရွေ့လျားဓတ်မှန်စက်ကြီးနဲ့ ရှာဖွေကုသတဲ့အစီအစဉ်ကတော့ တစ်ပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ စတဲ့သုံးရက်မှာစစ်ဆေးဆောင်ရွက်ပေးနေသလို အဖျားရောဂါကု အခမဲ့ဆေးခန်းကို နေ့စဉ် နံနက်(၉း၃၀) ကနေ (၁၁း၃၀)အထိ မွန်းလွဲ (၂း၃၀)ကနေ (၄း၃၀) အထိ ဖွင့်လှစ်နေတာဖြစ်ပြီး တနင်္ဂနွေနေ့တိုင်းမှာတော့ ဆေးခန်းပိတ်တယ်လို့ သိရပါတယ်။

သြဂုတ်လအကုန်တွင် ဆေးခန်းပိတ်လိုက်မှာဖြစ်ပေမယ့် ပြည်နယ်အတွင်း ကိုဗစ်လူနာတွေ့ရှိခဲ့ရင် အခမဲ့ဆေးခန်းကို ပြန်ဖွင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“အခုလောလောဆယ် သူတို့စီစဉ်ထားတာက ဒီလက်တလောအတွင်းမှာ ဒီကယားပြည်နယ်မှာလည်း ဒီကိုဗစ်လူနာမတွေ့သေးဘူး ပြီးလို့ရှိရင် ဒီအတိုင်းပဲလူနာသိပ်မလာလို့ရှိရင် ဒီလကုန်ကိုပိတ်ပြီးတော့ ဆေးရုံကြီးကို ပြန်လွဲတော့မယ်ပေါ့နော် ဒီကြားထဲမှာမှ ကယားပြည်နယ်မှာ ကိုဗစ်လူနာတွေ့တယ် ပြီးလို့ရှိရင် တခြားသူတို့စီစဉ်စရာရှိတာစီစဉ်မယ် ဆိုရင်တော့ ဒီဘက်ကို ပြန်ဖွင့်ဖို့ရှိတယ်” လို့ ဒေါက်တာသန်းထိုက်ဇော်က ပြောပါတယ်။

လွိုင်ကော်မြို့နယ်ခန်းမမှဖွင့်လှစ်ထားတဲ့ အခမဲ့ဆေးခန်းမှာ လူနာလာရောက်ပြသမှုနည်းတာကြောင့် အချိန်အကြာစောင့်စရာမလိုသလို ဆေးကလည်း အခမဲ့ဖြစ်တာကြောင့် အဆင်ပြေမှုရှိတယ်လို့ ဆေးခန်းလာရောက်ပြသသူတစ်ဦးဖြစ်တဲ့ မနိုရင်းက ပြောပါတယ်။

“ဒီဟာကျတော့ စောင့်စရာလည်းမလိုဘူး လူကလည်းနည်းတယ် တီဘီဆိုလည်း တီဘီစမ်းသပ်လို့ရတယ် ဌက်ဖျားလို့ သွေးလွန်တုပ်ကွေးလည်းစမ်းသပ်လို့ရတယ်ပေါ့နော ဓတ်မှန်ကအစရိုက်ပေးတယ်ဆိုတော့ ဒါအရမ်းကောင်းတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်တယ်ပေါ့နော လူတွေကိုလာပြစေချင်တာပေါနော။ အခုပိတ်တော့မယ်ဆိုလည်းမတတ်နိုင်ဘူးပေါ့နော” လို့ မနိုရင်းကဆိုပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း(ကယားပြည်နယ်)၊ ဒေသခံပရဟိတအသင်းတွေက ပူးပေါင်းပြီး အဖျားကုရောဂါ အခမဲ့ဆေးခန်းကို စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ အခမဲ့ဆေးခန်းမှာလာရောက်ပြသသူ ၃၀၀ကျော်ရှိနေပြီး ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ချောင်းဆိုးခြင်း၊ သွေးတိုးဆီးချိုရောဂါရှိခြင်း၊ ရိုးရိုးဖျားနာခြင်း စတဲ့ရောဂါလက္ခဏာတွေနဲ့ လာရောက်ပြသကြတယ်လို့ သိရပါတယ်။

Comments

comments

Next Post

Kayaw Radio August 4th Week

Tue Aug 25 , 2020
အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယော)(အင်္ဂါနေ့ ည ၇ နာရီတိုင်း)ယခုတစ်ပတ်မှာတော့ ပြည်နယ်ဝန်ကြီးချုပ်စွပ်စွဲပစ်တင်သူတစ်ဦးပြန်လည်နုတ်ထွက်သွားတယ်ဆိုတဲ့သတင်း၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ ပြည်နယ်အစိုးရရဲ့လုပ်ငန်း စုံစမ်းစစ်ဆေးရေးကော်မတီစစ်ဆေးနေတယ်ဆိုတဲ့သတင်းနဲ့ “စစ်ပွဲ အမွေဆိုး” ဆိုတဲ့ ဆောင်းပါးလေးအပြင် အပတ်စဉ် သီချင်းလက်ဆောင်အစီအစဉ်ကနေ ကယောသီချင်းကောင်းလေး တစ်ပုဒ်ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Comments comments

ဆက်စပ်သတင်းများ