အခြေခံပညာကျောင်းတွေမှာ COVID-19 ကာကွယ်တားဆီးရေး လုပ်ငန်းအတွက် သီးသန့်ဘတ်ဂျက်ချထားခြင်းမရှိတဲ့အတွက် ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေကနေ အသုံးပြုရ

အန်ထော်နီ

COVID-19 ကာကွယ်ထိန်းချုပ်ဖို့အတွက် အခြေခံပညာစာသင်ကျောင်းတွေမှာ သီးသန့်ဘတ်ဂျက်ချထားတာမရှိပဲ နှစ်စဉ်ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေကနေ အသုံးပြုရမှာဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ကြားသိရပါတယ်။

နှစ်စဉ်နှစ်တိုင်းလိုလို နိုင်ငံတော်ကနေပြီးတော့မှ ကျောင်းတွေမှာ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ(SIF)ကို ကျောင်းသားလူဦးရေအရ ခွဲဝေ ထောက်ပံ့ပေးထားတာရှိပြီး အဲဒီရန်ပုံငွေထဲကနေပဲ COVID-19 ကာကွယ်ထိန်းချုပ်ရေး လိုအပ်တာတွေကို အသုံးပြုသွားမယ်လို့ အ.ထ.က ဒီးမော့ဆို အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဆွေဆွေအေး ကပြောပါတယ်။

“ကျောင်းဘတ်ဂျက်ကတော့ ဆရာမကြီးတို့ကျောင်းမှာ ပုံမှန်ပေါ့နော်။ SIF ကျောင်းဖွံ့ဖြိုးမှုရန်ပုံငွေဆိုတာက ဆရာမကြီးတို့ မေလကတည်းက နှစ်စဉ်နှစ်စဉ်ပေါ့နော်။ မေလမှာတစ်ကြိမ် အောက်တိုဘာလမှာ တစ်ကြိမ် ဆရာကြီးတို့ပေးလေ့ရှိပါတယ်။ အဲဒါ SIF ရန်ပုံငွေထဲကနေပြီးတော့မှ ဒီနှစ်ဆိုလိုရှိရင်တော့ အထူးသဖြင့် ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျောင်းအနေနဲ့ အဲဒီကနေပြီးတော့မှ အသုံးစရိတ်သုံးလို့ရပါတယ်။” လို့ ဒေါ်ဆွေဆွေအေးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အထက်တန်းကျောင်း ဒေါတမငယ်ကျောင်းမှ ရေအခက်အခဲဖြစ်နေကြပြီး ကျောင်းသားမိဘကော်မတီတွေနဲ့ ညှိနှိုင်းတိုင်ပင်နေကြစဉ်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

ကျောင်းတက်တဲ့အချိန်မှာ ကျောင်းသူ/သားတွေ နိုင်ငံတော်အစိုးရကနေပြီး ကျောင်းသား တစ်ဦးစီကို mask နှစ်ခုစီထောက်ပံပေးသွားတဲ့အပေါ်မှာလည်း တစ်နှစ်ပတ်လုံးအတွက် လုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။

“ နှစ်ခုနဲ့တော့ဘယ်လိုမှမလောက်ဘူးလို့ ဆရာမကြီးထင်တယ်။ ဘာလို့လဲဆိုတော့ ကလေးဆိုတာက ဆော့တဲ့အမျိုးပဲ ဆော့ရင်တစ်နေ့ကိုတော့ အနည်းဆုံးနစ်ကြိမ်လောက်တော့လဲသင့်တယ်။ နောက်ပြီးတော့မှ ဒီ mask ကလည်း ဆရာမကြီးတို့စီစဉ်ရမှာပေါ့နော်” လို့ ဒေါ်ဆွေဆွေအေး ကပြောပါတယ်။

နိုင်ငံတော်က နှစ်စဉ်ထောက်ပံ့တဲ့ အသုံးစရိတ်တွေထဲက ဘတ်ဂျက်တွေကိုတော့ အထူးသဖြင့် ဆင်းရဲတဲ့ ကလေးတွေအတွက် ဦးစားပေးစီစဉ်ထားတယ်လို့ ဒေါ်ဆွေဆွေအေး ကဆက်လက်ပြောပြခဲ့ပါတယ်။

ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေထဲကနေပဲ COVID-19 ကြိုတင်တာဆီးရေးအတွက် ပိုမိုအသုံးချသွားဖို့ရှိတယ်လို့လည်း ဒီးမော့ဆိုမြို့နယ် အ.ထ.က (ခွဲ) ဒေါတမကြီး အခြေခံအလယ်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးအောင်ထွန်းလင်း ကပြောပါတယ်။

“ မနှစ်က ၂ သိန်းရတယ်။ ဒီနှစ်က ၄ သိန်းရတယ်။ ဥပမာ ဘယ်ဟာတွေဆောင်ရွက်ရမလဲဆိုရင် ကျနော်တို့ကျောင်းဖွံဖြိုးရေးရန်ပုံငွေကနေနိုင်တဲ့အပိုင်းဆိုရင် ကျနော်တို့ဘေစင်လေးတွေဝယ်မယ် ပြီးရင် ရေမရရှိတဲ့ဟာကို ရေရရှိအောင်ဆောင်ရွက်မယ် နောက်ပြီးတော့ အများသုံးတဲ့ပစ္စည်းတွေ ပိုးသတ်ဆေးတွေဘာတွေ ကျနော်တု့ိက အရံအနေနဲ့ဝယ်ထားရတယ်ပေါ့နော် hand gel တွေလည်းဝယ်မယ် နောက်ပြီးတော့ ပိုးသတ်နိုင်တဲ့ဆပ်ပြာတွေလည်း ကျနော်တို့ဝယ်ထားရတယ်ပေါ့နော် ဒါကကျောင်းကရတဲ့ရန်ပုံငွေနဲ့လျာထားချက်ပေါ့နော် နောက်ပိုင်းတစ်ကယ်လို့လိုအပ်မယ်ဆိုရင် ကျောင်းအကျိုးတော်ဆောင် မိဘဆရာအသင်းတွေနဲ့စုပေါင်းတိုင်ပင်ညိုနိုင်းပြီးတော့ ကျနော်တို့က လိုအပ်တဲ့ ကိုဗစ် ကာကွယ်တားဆီးရေးအတွက် ထပ်ပြီးဖြည့်ဆည်းဖို့ ကျနော်တို့ကြိုတင်ညိုနိုင်းပြီးသားဖြစ်ပါတယ်” လို့ပြောပါတယ်။

ဒေါတမကြီးကျေးရွာသည် ရေရှားပါးတဲ့ ရွာတစ်ရွာဖြစ်ပြီး ရေရရှိရန်အတွက် မိုးရေနှင့် စမ်းရေကိုသာအားကိုးကြရတယ်လို့ဆိုပါတယ်။ အခုလို ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေကနေ သုံးစွဲနေရရင် တခြား ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း လိုအပ်ချက်တွေ ထိခိုက်လာနိုင်တာဖြစ်ပါတယ်။

ရေရှားပါးတဲ့ စာသင်ကျောင်းတွေအတွက် ကျောင်းသားမိဘတွေအပေါ်ကောက်ခံဖို့ကလည်း အဆင်မပြေနိင်တာကြောင့် အစိုးရဖက်မှ လုံလုံလောက်လောက်ပံပိုးပေးနိုင်ရင်ပိုအဆင်ပြေတယ်လို့ လက်ရှိ ကျောင်းမှာ ရေအခက်အခဲကြုံတွေ့နေရတဲ့ ဒီးမော့ဆိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဒေါတမငယ်ကျောင်းမှ ကျောင်းသားမိဘကော်တီ အတွင်းရေးမှုူး ဦးကျော်ဆွေကပြောပါတယ်။

“ ကျောင်းမှာဘာအခက်အခဲရှိလဲဆိုရင် အဓိက ကတော့ရေပေါ့နော်။ ရေကတော့တော်တော်လေးခက်ခဲနေတာပေါ့။ အခုအဝီစိတူးထားတာလည်း အဝီစိရေလည်းမထွက်တဲ့ခါကျတော့ ရေကတော့တစ်ကယ်လိုအပ်နေတာပေါ့။ ဒီ covid-19 ကပိုဆိုးတာပေါ့ဗျား covid ကာလက ဘယ်လိုပြောရမလဲ အဝင်အထွက်ကလည်း လက်ဆေးရမယ်လေး ရေမရှိလို့လည်းမဖြစ်ဘူး အဲ့ကိစ္စကတော့ ရေကတော့အရေးကြီးတာပေါနော်။ အဲ့တာကျတော့ကျနော်တို့ရန်ပုံငွေဆိုတာလည်းမရှိဘူးပေါ့လေး ကျောင်းသားမိဘအပေါ်ကောက်မယ်ဆိုလည်း အဆင်မပြေနိုင်ဘူး အဝီစိတူးမယ်ဆိုရင်လည်း ကျောင်းသားမိဘအပေါ်ကောက်မယ်ဆိုရင်လည်း အဆင်မပြေနိုင်ဘူး နိုင်ငံတော်က ပံပိုးပေးရင်တော့ ပိုအဆင်ပြေတာပေါလေး” လို့ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေထဲမှာဆိုရင်လည်း ကျောင်းအုပ်တွေ ဆရာ/မတွေက အလှုမခံရတာတို့၊ လက်ဆောင်လက်ခံတာတွေတို့ ငွေကောက်ခံတာတွေမလုပ်ဖို့ မလုပ်ရဘူးလို့ ပါရှိတဲ့အတွက်လည်း လိုအပ်ချက်တွေအတွက် ပြင်ဆင်ရတဲ့အခါမှာလည်း စိုးရိမ်ပူပန်စရာတွေတစ်ဖက်မှာလည်း ကြုံတွေ့နေကြရပါတယ်။

ကယားပြည်နယ် ပြည်နယ်ပညာရေးမှုူး ဦးလူစီယားနိုက “ ဌာနကလည်းပံပိုးဖို့အစီအစဉ်ရှိပါတယ် ကလေးတစ်ဦးကို mask နှစ်ခုနှုန်းနဲ့ face shield တွေ မျက်နှာကာဖို့အတွက် တစ်ခုနှုန်းနဲ့ ဒါအခမဲ့ဖြန့်ဝေပေးဖို့ရှိပါတယ် ပြီးတော့မှတစ်ခြားလိုအပ်တဲ့ hand gel ရေရှားတဲ့နေရာပေါ့။ ရေရှားတဲ့နေရာဆို hand gel သုံးမယ်။ ဒီရေရရှိနိုင်တဲ့နေရာတွေကတော့ ဥပမာ ဆပ်ပြာတွေ လက်ဆေးဖို့ဘေစင်တွေ အဲ့တာတွေ အကုန်လုံးစီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ် ဆောင်ရွက်လျက်ရှိပါတယ်” လို့ပြောပါတယ်။

ပြီးခဲ့သည့် ဇူလှိုုင်လ ၇ ရက်နေ့က ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပညာရေးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာတော့ လက်ဆေးဘေစင်၊ ဆပ်ပြာ၊ ရေပုံး၊ ရေခွက်နှင့် mask တွေလိုအပ်ချက်ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၏ ထုတ်ပြန်အရ သိရှိရပါတယ်။

ပြည်နယ်အစိုးရကနေ ကုမ္မဏီထံကနေတဆင့် အလှုခံရရှိထားတဲ့ ဆပ်ပြာခွက်၊ ခွက် ၊ ရေပုံးတွေကိုလည်း လိုအပ်တဲ့ကျောင်းတွေကို လှုဒါန်းဖို့ ရှိတယ်လို့ ဖော်ပြပါရှိပါတယ်။

ဇူလှိုုင်လ ၂၁ ရက်နေ့မှာတော့ အခြေခံပညာအထက်တန်းကျောင်းကို စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

ကယားပြည်နယ်တစ်ပြည်နယ်လုံးမှာတော့ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ဆိုပြီး ကျောင်းပေါင်း ၄၅၃ ကျောင်းရှိပြီး ကျောင်းသား ၇၃၂၉၄ ဦးရှိတယ်လို့သိရပါတယ်။

Comments

comments

Next Post

ခြေဥ

Mon Jul 13 , 2020
Comments comments