spot_imgspot_imgspot_imgspot_img
Thursday, July 25, 2024
spot_imgspot_imgspot_imgspot_img

အငတ်ဘေးကိုတွန်းလှန်ဖို့ အန္တရာယ်ကြားက လယ်ပြန်စိုက်လာတဲ့ စစ်ရှောင်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပဋိပက္ခဒဏ်တွေကြောင့် ကရင်နီပြည်က လူထုတွေဟာ အိမ်မပြန်နိုင်ကြတာ သုံးနှစ်ကျော်ပါပြီ။ စစ်ရှောင်စခန်းတွေမှာ နေထိုင်ပြီး အလှူရှင်ကိုပဲ မှီခိုဖို့ကလည်း တဖြည်းဖြည်းလျော့လာတဲ့ ထောက်ပံ့ရိက္ခာတွေကြောင့် နေ့စဥ်လုံလောက်ဖို့ မသေချာလှပါဘူး။

အဲဒါကြောင့် ဒေသခံများဟာ သူတို့တတ်တဲ့ ပညာနဲ့ စိုက်ပျိုးထွန်ယက်ပြီး ပဋိပက္ခကာလအတွင်း အငတ်ဘေးကို ရင်ဆိုင်ဖို့ ကြိုးစားလာကြပါတယ်။

နောက်တနှစ် မိသားစုရိက္ခာဖူလုံဖို့အတွက် မျှော်ကိုးပြီး ဒေါ်မီမြာကတော့ သူနေထိုင်တဲ့၀န်းကျင်က ရတဲ့ မြေနေရာလေးတွေမှာ မိုးရာသီကာလအတွင်း စိုက်လို့ရတာလေး စိုက်ပျိုးထားဖို့ ကြိုးစားနေပါတယ်။

“ကိုယ့်မိသားစုအတွက် နည်းနည်းပါးပါး ဖူလုံတယ်လို့ ပြောရမှာပေါ့။ ကလေး စားရတယ်ဆိုရင်လည်း ကိုယ်ကလည်း ပျော်တာပေါ့။ ငတ်ဘေး(အငတ်ဘေး)မရှိတော့ဘူးပေါ့။” လို့ ဒေါ်မီမြာက ပြောပါတယ်။

ဒေါ်မီမြာက လွိုင်ကော်မြို့ ‌ဒေါဥခူ ဇာတိကဖြစ်ပြီး လက်ရှိမှာတော့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို စစ်ရှောင်နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က စပါးစိုက်ပျိုးပြီး ရိတ်သိမ်းနေတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

“အရင်တနှစ်က အဲ့ဒီ တစ်လေးလုံး(တစ်လေးလုံးစစ်ဆင်ရေး) စပြေးတုန်းကဆိုရင် လေယာဉ်နဲ့ လာကြဲတယ်လေ။ ကြောက်ကြောက်လန့်လန့်နဲ့ ပြေးပုန်းရ၊ စပါး ပြန်လှန်းရ လုပ်ရတယ်လေ။ အခုဆိုလည်း ထု( လက်နက်ကြီးနဲ့ ပစ်ခတ်မှုရှိ) နေတာပဲကော။ ဟိုးတရက်ဆိုလည်း ကျည်ဆံတွေ ကျတယ်။ ဒီလယ်ထဲဖက်မှာလို့ ပြောတာပဲ။” လို့ ဒေါ်မီမြာက ပြောပါတယ်။

မိသားစုစားဝတ်နေရေးအတွက် လယ်စပါးစိုက်ပျိုးပြီး မှီခိုနေထိုင်ရတဲ့ ‌ဒေါ်မီမြာမိသားစုအတွက်တော့ အန္တရာယ်ပေါင်းစုံနဲ့ ရင်ဆိုင်နေရတာမျိုးလည်း ရှိနေပါသေးတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်များကြား တိုက်ပွဲ ပဋိပက္ခ သုံးနှစ်ကျော်လာချိန်မှာတော့ စစ်ရှောင်စခန်းမှာ အလှူရှင်တွေကို မှီခိုတာထက် အန္တရာယ်ကြား အရဲစွန့်ပြီး ပြန်လည်စိုက်ပျိုးဖို့ ကြိုးစားနေသူပိုများလာတယ်လို့ ဖရူဆိုမြို့က စစ်ရှောင်တဦးက ပြောပြပါတယ်။

“ အဲ့လို စိုက်ပျိုးရေး ပြန်လုပ်တာက ဒီနှစ်မှာ ပိုများလာမယ်ထင်တယ်။ တယောက်လာလည်း တောင်ယာပြန်ထွန်မယ်လို့ အဲ့လို အခုမှ ပိုပြောလာကြတယ်။ အရင်ကဆို ကြောက်လို့ ပုန်းပဲပုန်းနေတာ၊ လက်နက်ကြီးတွေ တအားပစ်တော့ ကြောက်ကြတော့ ပိုလုံခြုံတဲ့နေရာမှာ နေကြတာ။” လို့ ဖရူဆိုမြို့ စစ်ရှောင်တဦးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ရိက္ခာထောက်ပံ့မှုတွေဟာ ယခင်နှစ်တွေကထက် သိသိသာသာ ပိုမိုလျော့ကျလာပြီး၊ ယခင်က ရိက္ခာတွေအပြင် တကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေအထိ ထောက်ပံ့ကြပေမဲ့ လက်ရှိမှာတော့ စစ်ရှောင်စခန်းတချို့တွေမှာ အရေးပေါ်ရိက္ခာလိုအပ်နေသူတွေသာ ထောက်ပံ့ပေးနိုင်တော့တာဖြစ်ပါတယ်။ ဒါကြောင့် စစ်ရှောင်တွေဟာ ရိက္ခာလုံလောက်ဖို့အတွက် နေ့စဥ်ပူပန်နေကြရတာပါ။

တပ်စခန်းတွေနဲ့ အနည်းငယ်၀ေးတဲ့ တောင်ပေါ်တွေမှာ စိုက်ပျိုးလို့ရတဲ့ တောင်ယာတွေကိုပဲ အဓိက ပိုလုပ်ကိုင်ကြပြီး၊ မြေပြန့်ဒေသတွေမှာရှိတဲ့ လယ်တွေ၊ စစ်တပ်စခန်းတွေနဲ့ နီးစပ်တဲ့နေရာတွေမှာတော့ ပြန်မလုပ်ရဲကြပါဘူး။

ရံဖန်ရံခါ လက်နက်ကြီးကျနေချိန် ပြေးပုန်းရင်း တောင်ယာဆက်လုပ်ရတဲ့ နေ့ရက်မျိုးလည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

အရင်နှစ်က တောင်စောင်းတနေရာမှာ တောင်ယာခုတ်ပြီး စိုက်ပျိုးခဲ့ပေမဲ့ ပင်ပန်းရုံသာရှိခဲ့ပြီး အထွက်နှုန်းမကိုက်ခဲ့ပါဘူး။ ဒါကြောင့် ယခုနှစ်မှာတော့ ကျေးရွာအနီးက စစ်မရှောင်ခင် စိုက်ပျိုးခဲ့တဲ့ မြေနေရာမှာ ပြန်လည်ထွန်ယက်စိုက်ပျိုးနေတာပါလို့ ဆိုသူကတော့ ဖရူဆိုဘက်မြို့က စစ်ရှောင်စခန်းတခုမှာ နေထိုင်သူပဲ ဖြစ်ပါတယ်။

“အခုလို ပြန်ထွန်ယက်ချိန်မှာလိုမျိုး စစ်တပ် မရှိသေးရင်တော့ ပေါင်းတွေ ဘာတွေရှင်းပြီး ဆက်လုပ်မယ်။အကယ်၍ စစ်ကောင်စီ စစ်ကြောင်းက ကျမတို့ တောင်ယာရှိတဲ့ဖက်တွေ ပြန်လာရင်တော့ စိုက်ထားတဲ့ တောင်ယာကို ချန်ထားပြီး ၊ အရှုံးခံပြီး ပြန်ပြေးရမယ် အဲ့လိုမျိုးပေါ့။” လို့ ဖရူဆိုမြို့မှ စစ်ရှောင်သူတဦးက ပြောပါတယ်။

တိုက်ပွဲတွေကြား သူမနေထိုင်တဲ့ကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းနဲ့ဝင်ရောက်လာပြီး လာရောက်နေထိုင်ခဲ့တဲ့အတွက် စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ မရှိတော့ဘူးဆိုပေမဲ့ နယ်မြေရှင်းလင်းရေး သေချာမပြုလုပ်ရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး သုံးရက်အကြာမှာ ရိုက်နက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ပြန်ရောက်လာတဲ့ သာဓကတွေရှိခဲ့ပါတယ်။

ဒါ့အပြင် ကရင်နီပြည်မှာ တောင်သူလယ်သမားတွေဟာ တောင်ယာသွားပြီး အပြန်လမ်းမှာ မိုင်းနင်းမိတာ၊ လက်နက်ကြီးထိမှန်တာမျိုးလည်း ရှိနေပါတယ်။

အာဏာမသိမ်းမီက ကရင်နီပြည်မှာ လွိုင်ကော်နဲ့ ဒီးမော့ဆိုဟာ စိုက်ပျိုးမြေအများဆုံးဖြစ်ပြီး စပါးနဲ့ ပြောင်းကို အဓိက စိုက်ပျိုးကြတာပါ။ တောင်ယာလုပ်ကိုင်ခွင့်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ ဒေသခံတွေအတွက် တိကျတဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို ဘယ်အဖွဲ့အစည်းကမှ ဆောင်ရွက်ပေးနိုင်တာမရှိပါဘူး။ ဒါကြောင့် ဒေသခံတွေဟာ အသက်ကို ဖက်နဲ့ထုပ်ပြီး နောက်တနှစ်အတွက် ရိက္ခာရရှိဖို့ အရဲစွန့်ပြီးစိုက်ပျိုးလုပ်ကိုင်နေကြပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဆန်စျေးနှုန်းဟာလည်း သိသိသာသာမြင့်တက်နေတာကြောင့် ဒေသခံတွေဟာ ဝင်ငွေမရှိတဲ့ကြား ဝယ်ယူစားသောက်ဖို့အတွက်လည်း မတတ်နိုင်ကြဘူး။

တခြားစိုက်ပျိုးသီးနှံတွေရဲ့ စျေးကွက်ဟာလည်း မတည်မငြိမ်ဖြစ်နေတာကြောင့် စပါးတွေကိုသာ အဓိက စိုက်ပျိုးသူ ပိုမိုများပြားလာပါတယ်။

“ဆန်ကလည်း မရှိမဖြစ်ဆိုတော့ လုပ်မယ်ဆိုပြီး တယောက်နဲ့ တယောက်တိုင်ပင်ပြီးတော့ နည်းနည်းစီပဲလုပ်ကြတာပေါ့။ ကိုယ်ကလည်း ရိတ်သိမ်းရမလား မရိတ်ရဘူးလား ပိုင်သေ(သေချာ) တွက်လည်းမရ။”

ဒါကတော့ လွိုင်ကော်ဇာတိကဖြစ်ပြီး စစ်ရှောင်တာ သုံးနှစ်ရှိလာပြီဖြစ်တဲ့ ကိုတူးတူးက ပြောပြတာဖြစ်ပါတယ်။ သို့ပေမဲ့ စစ်တပ်စခန်းနဲ့ နီးတဲ့နေရာတွေ၊ တိုက်ပွဲဖြစ်ပွားနိုင်ခြေများတဲ့ ဧရိယာတွေမှာတော့ ဒေသခံတွေ ပြန်လည် စိုက်ပျိုးတာမျိုး မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ လူထုတွေ ဆင်းရဲနွမ်းပါးမှုဟာ ၂၀၁၅ခုနှစ် ကရှိခဲ့တဲ့ အခြေအနေကို ပြန်လည်ရောက်ရှိလာနေပြီလို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်အစီရင်ခံစာမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။

ကိုဗစ်ကာလမတိုင်ခင်ကထက် ဆင်းရဲနွမ်းပါးသူ ၇ သန်းတိုးလာနေပြီး လက်ရှိမှာတော့ မြန်မာတနိုင်ငံလုံးလူဦးရေရဲ့ ၃၂ ရာခိုင်နှုန်း ( ၁၇ဒဿမ ၅ သန်း ) ဟာ ဆင်းရဲတွင်းထဲ ရောက်သွားပြီလို့လည်း ဆိုပါတယ်။

နေရပ်စွန့်ခွာမှု၊ ဝင်ငွေကျဆင်းမှု၊ အလုပ်အကိုင်ဆုံးရှုံးမှုတွေကြောင့် ဆင်းရဲမှုကျဆင်းရေးအတွက် ဆယ်စုနှစ်တခုကြာ ကြိုးပမ်းမှုရလဒ်တွေဟာ သဲထဲရေသွန်ဖြစ်သွားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ပြောဆိုကြောင်း ထုတ်ပြန်ချက်မှာ ကိုးကား ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်ရှောင် နှစ်သိန်းရှစ်သောင်းအထိရှိလာတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ အတွင်းရေးမှူး ( ၁ ) ဖြစ်တဲ့ ဦးဗညားကတော့ စစ်ရှောင်တွေဟာ ယခု ၂၀၂၄ ခုနှစ်အတွင်းမှာ ရိက္ခာပိုမိုခက်ခဲလာနိုင်တယ်လို့လည်း ဆိုထားပါတယ်။

တိုက်ပွဲတွေ ပိုမိုပြင်းထန်ပြီး တောင်သူတွေ လက်လွတ်လိုက်ရတဲ့ စပါးဧရိယာတွေ ပိုမိုများပြားတဲ့အတွက် အခုနှစ် ပြန်လည်စိုက်ပျိုးနိုင်ရင်တောင် ချက်ခြင်း စားသုံးလို့မရသေးတဲ့အတွက် ပိုမိုကျပ်တည်းတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

“စစ်ရေးအရ ကျနော်တို့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ရင် ကျနော်တို့ စိုက်ပျိုးရေးကိုလည်း လုပ်နိုင်တယ်။ နယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်တဲ့ အခြေအနေအကန့်အသတ်ရှိရင် စိုက်ပျိုးရေးကို အကန့်အသတ်လုပ်နိုင်တဲ့ အခြေအနေရှိတဲ့အတွက်ကြောင့် ဒီအပေါ်မှာ ဆက်ပြီး‌တော့မှ စိုးရိမ်တယ်ပေါ့နော။” လို့ ဦးဗညားက ပြောပါတယ်။

တော်လှန်ရေးလက်နက်ကိုင်ဖက်ကတော့ ကရင်နီပြည်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ပြင်းထန်နေတဲ့အတွက် နှစ်ဖက် နယ်မြေထိန်းချုပ်နိုင်မှုအခြေအနေကို တိတိကျကျပြောဆိုဖို့ ခက်ခဲနေပါတယ်။

ဒေါ်မီမြာကတော့ ပဋိက္ခကာလမှာ ဆင်းရဲတွင်းထဲကနေ အငတ်ဘေးကို ကျော်လွားနိုင်ဖို့အတွက် သည်နှစ်မှာ ကျေးရွာထဲမှာ ပြန်လည်စိုက်ပျိုးဖို့ ဆုံးဖြတ်ထားပါတယ်။

“လုပ်စရာ ဘားမှမရှိဘူး။ ဒီလယ်လေး တခုပဲရှိတယ်လေ။ ဒီဟာ မလုပ်ရရင် ဘာစားမလဲ၊ အဲ့လိုပဲ အရဲစွန့်ပြီးမှ လာလုပ်ရတာပေါ့။ အန္တရယ်ကွင်းထဲမှာ လုပ်ရတာပေါ့။” လို့ ဒေါ်မီမြာ ကပြောပါတယ်။

ဒေါ်မီမြာလိုပဲ အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်စခန်းမှာနေထိုင်သူတွေကလည်း ပြန်လည်စိုက်ပျိုးရိတ်သိမ်းနိုင်ပြီး နောက်တနှစ်အတွက် ရိက္ခာဖူလုံနိုင်ဖို့ကို မရဲတရဲမျှော်လင့်နေကြပါတော့တယ်။

spot_img
spot_img

Recent posts