spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

အင်တောစစ်ဘေးရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင်များအတွက် အကူအညီလိုအပ်နေ

Author

Date

Category

CJ(ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက အင်တောစစ်ဘေးရှောင်စခန်းမှာ လရင့်ကိုယ်ဝန်ဆောင်မိခင်များပြားနေပြီး အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အိုးအိမ်၊ စွန့်ခွာ ထွက်ပြေးလာရတဲ့ စစ်ရှောင်တွေဟာ စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ လိုအပ်ချက်ပိုများလာသလို စစ်ရှောင်စခန်းမှာလည်း ဆေးဝါးပိုမို လိုအပ်လာတယ်လို့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောပါတယ်။

“အသက်ပိုကြီးလာတော့ ဆေးဝါး ပိုမို မှီဝဲရတာပေါ့၊ ဆေးတွေက တစ်ဘူးကနေ (၃) ဘူးအထိ ပို သုံးစွဲရတာပေါ့။ ဆေးကတော့ မဝယ်နိုင်ဘူးလေး။ စုံစုံလင်လင် မသောက်နိုင်ဘူးပေါ့ မွေးမိခင်တွေက ရေနွေးကြိုချက်၊ ရေနွေးချိုးဖို့ အခက်အခဲရှိတော့ ဆေး ပိုမို မှီဝဲသင့်တာပေါ့။ ဒါပေမယ့် ဆေးဝါး ဝယ်ယူဖို့ မတတ်နိုင်ဘူး”လို့ စစ်ရှောင်စခန်းမှ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးက ပြောပါတယ်။

အခု ဇန်နဝါရီလအတွင်း ရာသီဥတု ပိုမိုအေးလာတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ စားမဝင်၊ အိပ်မပျော်တာ ဖြစ်နေကြပြီး၊ ဖျားနာသူတွေလည်း များပြားနေတယ်လို့ ဆိုပါတယ်။

အင်တော စစ်ဘေးရှောင်စခန်းအတွင်းရှိ လရင့်ကိုယ်ဝန်ဆောင် မိခင်အများစုဟာ ဆေးရုံ၊ ဆေးခန်းမှာ သွားရောက်မွေးဖွားဖို့ သွားလာရေးသော်လည်းကောင်း၊ ငွေကြေးသော်လည်းကောင်း အခက်အခဲရှိကြတယ်လို့ ဆိုပါတယ်။

“သားများ မိခင်ဆိုရင် ဆေးရုံ၊ ဆေးခန်းမှာပဲ မွေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် သွေးသွန်နိုင်တယ် အိမ်မှာ မွေးတာထက် ဆေးရုံ၊ ဆေးခန်းမှာ မွေးတာ ပိုသင့်တော်တယ်။ အန္တရာယ်ရှိနိုင်တယ်ပေါ့ လမပြည့်တာ၊ ကိုယ်အလေးချိန် မပြည့်တာတွေဖြစ်တတ်တယ်။ ဆေးရုံ၊ ဆေးခန်းမှာ မွေးပေးသင့်တယ်”လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်ရှောင်တွေဟာ အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကိုသာ အားထားနေရတာဖြစ်ပြီး ကာလကြာမြှင့်တာနဲ့အမျှ စစ်ရှောင်စခန်းမှာ အလှူရှင်မရောက်ရှိတော့ဘူးလို့ ဆိုပါတယ်။ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အာဟာရဓတ်ရရှိဖို့ လိုအပ်တယ်လို့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောပါတယ်။

“အရင်က (၂) နှစ်အောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကူညီတယ်လို့ ပြောတယ်။ ဒီနောက်ပိုင်းတော့ ကူညီတာ မရှိဘူး၊ အရင်က (၃) လ တစ်ကြိမ်ပေါ့၊ သားငါး ဝယ်စားဖို့ ကလေး အာဟာရ ရရှိဖို့ဆိုပြီး ကူညီတာ အခုတော့ တစ်ခါမှလည်း အကူအညီမရဖူးတော့ဘူး” လို့ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးက ပြောပါတယ်။

အဆိုပါ အင်တောစစ်ဘေးရှောင်စခန်းမှာ လရင့် ကိုယ်ဝန်ဆောင်မိခင် (၁၅) ဦးရှိတယ်လို့ ဆိုပါတယ်။ အိမ်ခြေ (၁၈၅) အိမ် ရှိပြီး၊ စစ်ရှောင်ဦးရေ (၈၀၀) ကျော် စုပေါင်းနေထိုင်ကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts