spot_img
Sunday, January 29, 2023
spot_img

အင်းရေပြင်ကို စွန့်ခွါထွက်ပြေးခဲ့ရတဲ့ တံငါသည်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

မနက်သုံးနာရီထိုးတာနဲ့ အိပ်ယာကထပြီး ဦးလေးတစ်ယောက် မီးဖိုချောင်ထဲမှာ အလုပ်တွေ ရှုပ်နေတတ်ပါတယ်။

ခုဆိုရင် မနက်အစောကြီးကတည်းက လုပ်နေရတဲ့ မီးဖိုချောင်အလုပ်ဟာ သူရဲ့ နေ့စဉ်လုပ်ငန်းလိုဖြစ်နေတာ နှစ်ပတ်ကျော်တောင် ရှိသွားပါပြီ။

သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အပါအဝင် လူဦးရေ ၂ဝဝ ဝန်းကျင်လောက်ရှိတဲ့ စစ်ရှောင်ပြည်သူတွေ မနက်စာ အချိန်မှီ စားနိုင်ဖို့အတွက် ချက်ပြုတ်ရတာဟာ ပင်ပန်းပေမယ့် ဒီစစ်ရှောင်စခန်းမှာ သူကူညီနိုင်တာ ဒါပဲရှိတယ်လို့ ဆိုပါတယ်။

“မနက်သုံးနာရီထပြီးတော့ မီးမွေး၊ တခါတလေ ထင်းမကောင်းရင်တော့ မီးတအားခိုးတယ်လေ။ မီးမွေးပြီး သုံး နာရီခွဲမှ ပေါင်းအိုးတည်၊ တည်ပြီးမှ ပေါင်းအိုးက နှစ်ခါတည်ရတာကော။ ပထမတစ်ပေါင်းဆို သုံးနာရီခွဲမှ စတည်ဆို လေး နာရီခွဲ၊ ငါးနာရီမှ ပြီးတာကော။ နောက်ထပ်တစ်ပေါင်းဆို ခြောက်နာရီ ခုနှစ်နာရီမှ တစ်ပေါင်းပေါ့။ အဲ့လိုမျိုး ကွာတာပေါ့။ ဘယ်လိုပြောရမှာလဲ ကောင်းကောင်းမအိပ်ရဘူးပဲ ပြောရမှာပေါ့။”

အလှူရှင်တွေ လှူဒါန်းထားတဲ့ ဆန်နဲ့ ဟင်းချက်စရာတွေကို ဦးလေးနဲ့အတူ အခြားစားဖိုမှူးတွေလည်း နေ့စဉ် ချက်ပြုတ်ပေးနေကြတာပါ။

လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်အထိ သူဟာ
ဖယ်ခုံအင်းရေပြင်မှာ ကိုယ်ပိုင် လှေကလေးနဲ့ ငါးဖမ်းတဲ့ လုပ်ငန်းကို ပုံမှန် လုပ်ကိုင်နိုင်ခဲ့တာပါ။
ဒီလုပ်ငန်းဟာသူ့ရဲ့ ဝင်ငွေရလမ်းတစ်ခု ဖြစ်သလို မိသားစုအတွက်လည်း ငါးဟင်းတွေ ရှာပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ခုတော့ စစ်ဘေးရှောင် ထွက်ပြေးလာရလို့ ငါးဟင်းမစားရတော့တဲ့အပြင် ကလေးမုန့်ဖိုးကိုတောင် မပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။

“ဘယ်လို ပြောမလဲဆို မျှော်လင့်ချက်လည်း နည်းနည်းပျောက်သွားတာပေါ့နော်။ ဘာဖြစ်လဲဆို အရင်လို မတူတော့ဘူးလေ။ အရင်တုန်းကဆို ဝင်ငွေဆို ပျမ်းမျှလို့ရတာပေါ့နော်။ ငါး သိပ်မရတဲ့အခါဆိုရင်တောင် တစ်ရက်ဆို သုံးထောင်၊ လေးထောင်လောက်တော့ ရတယ်လေ။ ဒီမှာရောက်တော့ ဒီတိုင်းပဲ နေရတော့တာပေါ့နော်။ ဝင်ငွေကတော့ ထွက်ငွေပဲရှိတာပေါ့၊ ဝင်ငွေမရှိတော့ တခါတလေ​ ကလေးက မုန့်တောင်းစားလည်း ပေးစရာလည်း ခက်တာပေါ့နော်။ အဲ့မျိုးဖြစ်တာပေါ့။”

ဖယ်ခုံမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တံငါသည် ဦးလေးဟာ ဇနီးသည်အပါအဝင် သား၊သမီးလေးယောက်နဲ့ အတူ ထွက်ပြေးတိမ်းရှောင်လာ ခဲ့ရပါတယ်။

အရင်က တံငါသည် ဦးလေးမိလာတဲ့ ငါးတွေကို ပြင်ဆင်ချက်ပြုတ်ပေးတဲ့ ဇနီးသည်ဟာ ခုတော့ စစ်ရှောင်မီးဖိုချောင်အတွက် နေ့စဉ်ချက်ပြုတ်ရမယ့် ရိက္ခာတွေကို စီမံခန့်ပေးနေပါတယ်။

“ကျမ ဘယ်လို စီမံလည်းဆို တအားအလေအလွင့်မဖြစ်အောင်ပေါ့ ဆိုပြီးတော့မှ ဒီရက်၊ ဒီအတွက်စာပဲပေါ့နော်။ နောက်ပြီးတော့ တချို့လူကျတော့ ကိုယ့်ကိုယ်ချက်စားချင်တယ်။ လုပ်စားချင်တယ်။ အဲ့လိုမျိုးလည်း ရှိတယ်။ ဒါပေမယ့် ကျမက အဲ့လိုမျိုးတော့ မလုပ်နဲ့ပေါ့။ အလှူရှင်က ဘယ်လောက်လှူနိုင်မလဲပေါ့နော်။ တော်ကြာ အလှူရှင်တွေ မရှိခဲ့ဘူးဆိုရင် ငါတို့ ဘယ်လို ဒုက္ခရောက်မလဲ ဆိုတဲ့ စိတ်နဲ့ပေါ့နော်။ အကန့်အသတ်နဲ့ ပဲ ခွဲပေးတယ်။”

အလှူရှင်တွေ လာလှူထားတဲ့ ဆန်၊ ဆီ၊ ဆာ၊ ကြာဇံနဲ့ အသီးအရွက်စတဲ့ ရိက္ခာတွေကို တစ်နေ့တာအတွက် လိုက်ဖက်မယ့်ဟာတွေ ချက်ပြုတ်ပေးဖို့ စီမံပေးရပါတယ်။

တံငါသည်ဘဝတုန်းက မျှော်လင့်ချက်တွေ ရှင်သန်နေခဲ့ပေမယ့် ခုတော့ စစ်ဘေးဒဏ်က သူဝါသနာပါတဲ့ တံငါသည်ဘဝနဲ့အတူ အဲ့ဒီမျှော်လင့်ချက်တွေကိုပါ ဖျက်ဆီးပစ်လိုက်ပါတယ်။

“တံငါသည် လုပ်တုန်းကဆို ပိုက်ချ၊ ချပြီဆိုရင် မျှော်လင့်ချက်ရှိတာပေါ့နော်။ ငါးကြီးရမလား။ ငါးရမလားဆိုတော့ စိတ်က အမြဲတမ်းမျှော်လင့်ချက်ရှိတယ်လေ။ ဒီမှာရောက်တော့ အနောက်မှာ ရှိနေတဲ့ ကိုယ့်အလုပ်ဆိုတော့ ဘယ်လို ပြောရမလဲဆို ပျောက်ကွယ်သွားတာပေါနော်။ ဘာဖြစ်လဲဆိုတော့ ကိုယ်ရင်းထားတဲ့ ပစ္စည်းတွေ အများကြီးရှိတယ်လေ။ ဒီတိုင်းပဲ ချန်ထားတော့ ဘယ်လိုလုပ်မလဲဆို ဒီတိုင်းပဲနေရတာပေါ့နော်။”

သူ့ရဲ့ တပိုင်တနိုင်ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နိုင်ဖို့အတွက် လှေတစ်စီးဖိုးနဲ့ ပိုက်ဖိုးအတွက် ကျပ်ငွေ ၁၄ သိန်း ဝန်းကျင်လောက် ရင်းနှီးထားရပါတယ်။

တစ်နေ့လုပ် တစ်နေ့စား ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးနေရတဲ့ တံငါသည်တစ်ယောက််အနေနဲ့ ဒီငွေပမာဏရဖို့ ခက်ခက်ခဲခဲ ရှာဖွေ စုဆောင်းထားရပါတယ်။

အခုတော့ သူပိုင်ဆိုင်တဲ့ ငါးဖမ်းပစ္စည်းတွေကို ချန်ထားခဲ့ရလို့ ပျောက်ပျက်၊ ပျက်စီးသွားပြီလားဆိုတာကိုလည်း စိတ်ပူနေရ ပြန်ပါတယ်။

“အဲ့ဒီစစ်ကောင်စီလည်း အရမ်း ရမ်းကားရမ်းကားလုပ်တော့ ပြည်သူလည်း အရမ်းဒုက္ခရောက်တယ်။ အမှန်ဆို စစ်တိုက်တယ်ဆိုရင်တော့ သေနတ်ကိုင်တဲ့ လူတွေပဲ တိုက်ရမယ်လေနော်။ အခုက သူတို့ သေနတ်မရှိတဲ့ ကျနော်တို့ ပြည်သူတွေရဲ့ အိိုးအိမ်တွေပေါ့၊ အများအားဖြင့် အိုးအိမ်တွေ တစ်အားပျက်တယ်။ ဥပမာ ရန်သူကို ပစ်တယ်ဆိုရင်တော့ သဘာဝကျတာပေါ့နော်။ ရန်သူကို ပြန်ပစ်ရင်တော့ ဟုတ်တာပေါ့။ အခုက ရန်သူပစ်ပြီဆို လက်နက်ကြီးထု အိမ်တွေပျက်။ ကျနော့အနေနဲ့တော့ ဒါမျိုးမလိုလားဘူး။”

ဒါဟာ စစ်တိုက်တာမဟုတ်ပဲ ပြည်သူ့အိုးအိမ်တွေကို သက်သက်မဲ့ ဖျက်ဆီးပစ်တာဖြစ်လို့ စစ်ကောင်စီဘက်က ဒီလို မမှန်မကန်လုပ်တဲ့အတွက် တစ်နေ့ကျရင် ပြည်သူဘက်က အောင်ပွဲရလိမ့်မယ်လို့ သူက ဆိုပါတယ်။

ခုချိန်မှာ စစ်ဘေးကြောင့် အခက်အခဲတွေကြုံနေရပေမယ့် တစ်နေကျရင် သူရဲ့ နဂို တံငါသည် အလုပ်ကို ပြန်လုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ ရှင်သန်နေဆဲပဲဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

တိုက်ပွဲနယ်မြေအတွင်းက “အလံဖြူ”

ဘလက်ဇင်း (ကန္တာရဝတီတိုင်း(မ်)) ဖရူဆိုမြို့နယ် နဲ့ ဘောလခဲမြို့နယ် ကြားက တောင်ယာခင်းတနေရာမှာရှိတဲ့ တဲအိမ်လေး တွေရဲ့ ခေါင်မိုးအထက်မှာ မြင်သာထင်သာရှိတဲ့ အဖြူရောင် အဝတ်စလေးတွေကို ချိတ်ဆွဲထားပါတယ်။ တစ်ပေကျော် အကျယ်ရှိတဲ့ ဒီအဝတ်ဖြူစဟာ တောင်ယာခင်းထဲမှာ စစ်ရှောင်နေကြရတဲ့ နန်းဖဲဒေသက ဒေသခံတွေအတွက် အန္တာရယ် ကင်းစေနိုင်တဲ့ မျှော်လင့်ချက် အဆောင်လေးလို့...

တစ်ပူပေါ်နှစ်ပူဆင့် လာတဲ့ စစ်ပွဲရဲ့ မြေစာပင်ဘဝ

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) ထိတ်လန့်ဖွယ်ရာ လက်နက်ကြီးရန်ကို ကရင်နီလူထုတွေ ရင်ဆိုင်လာခဲ့ရတာ တစ်နှစ်ခွဲနီးပါး ရှိလာခဲ့ပါပြီ။ ယခင်နှစ်မှာ ညအမှောင်ကိုသာ ထိတ်လန့်ရတဲ့ ကရင်နီလူထုတွေဟာ အခုချိန်မှာတော့ နေ့အလင်းတွေကိုလည်း စိုးရိမ်ထိတ်လန့်ဖွယ်ရာ ရင်ဆိုင်ဖြတ်သန်းနေရတာပါ။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာ၊ လူထုတွေ စစ်ဘေးရှောင်တဲ့နေရာ စတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ...

ကြောက်ခေတ်ကြားက ထွန်းတောက်နေတဲ့ ကြယ်ပွင့်လေးများ

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) အသက် ၁၉ နှစ်နဲ့ ၂၃ နှစ်အရွယ်ကြား လူငယ်လေးကနေ ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေကို college ကျောင်းတစ်ကျောင်းဖွင့်လှစ်ပြီး ဦးဆောင်စီမံသင်ကြားဖို့ဆိုတာ လွယ်ကူလှတဲ့ အလုပ်တော့ မဟုတ်။ သို့ပေမယ့် စစ်ဘေးကြောင့် တောတောင်ထဲ တိမ်းရှောင်နေရတဲ့ ကရင်နီပြည်က ကယားလီဖုလူငယ်တစ်စုဟာ မလွယ်လှတဲ့...

လူငယ်ကနေ လူငယ်ကို သင်ကြားပေးတဲ့ ကေးဖိုးဒူသင်တန်းကျောင်း

လေးမြာ၊ ကန္တာရဝတီတိုင်း (မ်) ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ် ကစလို့ စစ်တပ်အာဏာသိမ်း မှုအပါအဝင် လက်ရှိအချိန်ထိ ကျောင်းနေအရွယ် လူငယ်တွေဟာ ပညာသင်ကြားခွင့်ကို ဆုံးရှုံးနေကြရပါတယ်။ ကရင်နီပြည်က လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်နေကြကြပြီး တချို့ကတော့ တောတောင်ထဲမှာ စစ်ရှောင်နေကြသလို တချို့ကလည်း ဆွေးမျိုးရှိတဲ့...