ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ရှားတောမြို့နယ်တွင်း အခြေပြုလှုပ်ရှားနေတဲ့ အစိုးရတပ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပြောက်ကျားတပ်ဖွဲ့အခြေပြုရာ နေရာကို လိုက်လံရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရှားတောမြို့နယ် KNPP ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ ပြောကြားချက်အရ သိရပါတယ်။

ရှားတောမြို့နယ်တွင် အမဲလိုက်နေသည့် KNPP တပ်သားများကို့တွေ့ရစဉ် (ဓါတ်ပုံ – KNPP)

အစိုးရတပ် ၇၂ မှ ဒု-တပ်ရင်းမှူးဦးဆောင်တဲ့ အင်အား ၂၀ ခန့်ပါအဖွဲ့က ယခုလ (၂၀) ရက်နေ့က နယ်မြေကျွမ်းကျင် အရပ်သားပြည်သူတစ်ဦးကို ခေါ်ဆောင်ပြီး လိုက်လံရှာဖွေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တပ်မတော်လှုပ်ရှားစစ်ကြောင်းမှ KNPP သစ်ထုတ်လုပ်နေမှုကို ဖမ်းဆီးမည်ဟုအကြောင်းပြချက်ဖြင့် အရပ်သားကိုခေါ်ဆောင်လမ်းပြခိုင်းခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

KNPP အနေဖြင့်သစ်ထုတ်လုပ်ခြင်းမရှိဘဲ ဒေသခံများအိမ်ဆောက်ရန်နှင့် လိုအပ်တဲ့ အဆောက်အဦးဆောက်လုပ်ဖို့ သစ်ကို အကန့်အသတ်ဖြင့် ခုတ်ခွင့်ပေးထားခြင်းသာဖြစ်တယ်လို့ ရှားတောမြို့ KNPP ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ ဆရာတော်ရယ်က ပြောပါတယ်။

“ တပ်မတော်က ရွာသားတစ်ယောက်ကိုခေါ်သွားတယ်၊ သူတို့ပြောတာကတော့ သစ်သွားဖမ်းမယ်ပေါ့၊ ကျနော်တို့ KNPP ကသစ်ထုတ်နေတာဘာမှမရှိဘူး၊ ရွာသားတွေအိမ်ဆောက်ဖို့သစ်ခုတ်ခွင့်ပြုထားတာဘဲရှိတယ်” လို့ပြောပါတယ်။
တပ်မတော်မှ အရပ်သားကိုခေါ်ဆောင်ပြီး KNPP တပ်တွေကို လိုက်လံရှာဖွေတဲ့ရောမှာ ပါလိုကျေးရွာ တောင်ဘက်ဖြစ်ပြီး KNPP ပြည်ထဲရေးလက်အောက်ခံ ပြောက်ကျားတပ်မှ အခြေပြုလှုပ်ရှားရာနေရာဖြစ်လို့ပြောပါတယ်။
တပ်မတော်က ခေါ်ဆောင်သွားတဲ့ရွာသားဟာ လက်ရှိအချိန်မှာတော့ နေရပ်ကို ပြန်လည်ရောက်ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၂ ရက်နေ့ကလည်း စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ စရဖမှ တာဝန်ရှိသူတစ်ဦးက လွိုင်ကော်မြို့ရှိ KNPP ဆက်ဆံရေးရုံးကို ဖုန်းဆက်ပြီး တိုင်းစစ်ဌာနချုပ်၏ညွန်ကြားချက်အရ KNPP မှ တောလိုက်မည်ဆိုပါက လက်နက်ကိုင်ဆောင်ခြင်းမပြုဖို့ ဖုန်းဖြင့်ဆက်သွယ်ကာအသိပေးအကြောင်းကြားခဲ့တာတွေရှိတယ်လို့ သိရပါတယ်။
KNPP အနေဖြင့် မိမိတို့နယ်မြေတွင် လက်နက်ကိုင်ဆောင်နေခြင်းကို ယခုလိုတားဖြစ်လိုက်တာဟာ စော်ကားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ KNPP မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆရာဖိုးရယ်ကပြောပါတယ်။
“ ကျနော်တို့က တောထဲမှာနေတဲ့လူတွေဘဲဟာ လက်နက်ကိုင်ပြီးတောမလိုက်ရဘူးလို့သွားပြောလို့ဘယ်ရမတုန်း၊ ဒီလိုပြောတာကတော့ ကျနော်တို့ကို သက်သက်စော်ကားသလိုဖြစ်တာပေါ့” လို့ပြောပါတယ်။

KNPP အနေဖြင့် အစိုးရနှင့် ပြည်နယ်အဆင့် နှစ်ဦးနှစ်ဘက်သဘောတူစာချုပ် ( Bilatreal Agreement) ကို လက်မှတ်ရေးထိုးထားပြီး တွေ့ဆုံဆွေးနွေးမှုအကြိမ်ကြိမ်ပြုလုပ်ထားပြီးဖြစ်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) ကိုတော့ KNPP မှ လက်မှတ်ရေးထိုးခြင်းမရှိသေးဘဲ လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်တယ်လို့သိရပါတယ်။

Comments

comments