ကန္တာရဝတီတိုင်း (မ်)
ပဋိပက္ခဖြစ်ပွားနေဆဲ ကာလမှာ ကရင်နီပြည်အတွင်း အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ ကြားကာလအစိုးရ သို့မဟုတ် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အုပ်ချုပ်ရေး နဲ့ တရားရေးမဏ္ဍိုင် အောက်က တရားရုံးတွေ အသိအမှတ်ပြုမထားတဲ့ မြေယာရောင်းဝယ်မှုတွေက တရားမဝင်ဘူးလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC က ပြောပါတယ်။
“ကျမတို့ ကြားကာလအစီအမံအရ လွှတ်တော်ကနေ တင်သွင်းပြဌာန်းထားတဲ့ ဥပဒေအတိုင်း အုပ်ချုပ်ရေးနဲ့ တရားရုံးတွေ ရှိတယ်။ အဲဒီကနေပြီးတော့ တရားဝင် အသိအမှတ်ပြုထားတယ် ဆိုရင်တော့ တရားဝင်တယ်။ ဒါပေမဲ့ အသိအမှတ်မပြုထားဘူးဆိုရင် တရားမဝင်ဘူးလို့ ပြောလို့ရပါတယ်။” လို့ KSCC အထွေထွေအတွင်းရေးမှူး မော်ဒေးမြာ က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
လက်ရှိ ကရင်နီပြည်က စစ်ရှောင်နဲ့ ဒေသခံ လူဦးရေများတဲ့ မြို့နယ်တွေမှာ ကိုယ့်နည်းကိုယ်ဟန်နဲ့ မြေယာရောင်းချမှုတွေကို မြင်တွေ့နေရပါတယ်။ နီးစပ်ရာအလိုက် ရောင်းချတာတွေရှိသလို ဒေသခံတွေက ဝယ်ယူပြီး အကွက်လိုက် ပြန်လည်ရောင်းချသူတွေလည်း ရှိနေတာပါ။
လက်ရှိကာလမှာ ခြံမြေဝယ်ရင် အာမခံချက်ရှိသလား
လက်ရှိကြားကာလ ကရင်နီပြည်တွင်းမှာ ခြံမြေအရောင်းအဝယ်လုပ်နေကြတဲ့ လူထုတွေက ယခင်အစိုးရလက်ထက်က ခြံမြေအရောင်းအဝယ်စာချုပ်ကို နီးစပ်ရာ မိတ္တူဆိုင်မှာဝယ်ယူပြီး စာချုပ်,ချုပ်ဆိုကြတာ ဖြစ်တယ်လို့ ဒီးမော့ဆိုဒေသခံ မြေယာရောင်းဝယ်ရေး ပြုလုပ်နေသူတွေက ပြောပါတယ်။
ယခင်အစိုးရတွေရဲ့ မူဝါဒအရ ဥပဒေနဲ့အညီ ခြံမြေဝယ်ဖို့ဆိုရင် ခြံပိုင်ရှင်နဲ့အတူ အသိသက်သေတစ်ဦး ၊ မြေဝယ်တဲ့သူနဲ့အတူ အသိသက်သေတစ်ဦး နဲ့ ရပ်ကျေးလယ်စီ အဖွဲ့က တာဝန်ရှိသူတို့က စာချုပ်မှာ လက်မှတ်ရေးထိုးရပါတယ်။
ရပ်ကျေးလယ်စီ အဖွဲ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြေတိုင်းစာရေး၊ ထွေအုပ်စာရေး တို့ ပါဝင်ပါတယ်။
ခြံမြေရောင်းဝယ်ရေးအတွက် နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေးပေးဆောင်ပြီး မှတ်ပုံတင်ရပါတယ်။ ဝယ်ယူထားတဲ့ မြေရဲ့ တန်ဖိုးအလျောက် တံဆိပ်ခေါင်းရိုက်ရမှာလည်း ဖြစ်ပါတယ်။
ဒီအချက်တွေနဲ့အညီ ခြံမြေရောင်းဝယ်ရေးစာချုပ် ချုပ်ဆိုခြင်းကသာ မြေယာကို တရားဥပဒေနဲ့အညီ ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားရရှိမှာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကြားကာလအစိုးရ (တနည်းအားဖြင့်) ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီလက်ထက်မှာ နယ်မြေဒေသနဲ့ ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းကို အခြေခံပြီး ရေးဆွဲထားတဲ့ ကြားကာလမြေယာမူဝါဒအသစ်တစ်ရပ် က ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့ မှာ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း အဆိုပါမူဝါဒကို လက်တွေ့လိုက်နာကျင့်သုံးနိုင်ဖို့အတွက် နည်းဥပဒေတွေ ရေးဆွဲပြဌာန်းဖို့ လိုအပ်နေသေးကြောင်း ကရင်နီပြည်ကြားကာလလွှတ်တော်က ဆိုပါတယ်။
“မူဝါဒဘဲရှိနေသေးတဲ့အခါကျတော့ မြေယာစီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီး ဥပဒေဆိုတာလည်း ရှိသေးတယ်လေ။ ဒီမူဝါဒတခုထဲနဲ့ ကျင့်သုံးလို့မရသေးတဲ့ အခြေအနေ ဖြစ်တယ်။ ဒါပေမယ့် မူဝါဒထဲမှာတော့ တော်တော်များများတော့ အသေးစိတ်အကြောင်းအရာတွေ ပါတယ်။ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် ဥပဒေကတော့ ထပ်ရေးဖို့လိုတယ်။” လို့ ကရင်နီပြည် ကြားကာလလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် က ပြောပါတယ်။

လက်ရှိကြားကာလ အိမ်ခြံမြေရောင်းဝယ်မှုတွေမှာတော့ ခြံပိုင်ရှင်နဲ့ အတူ အသိသက်သေတစ်ဦး၊ မြေဝယ်သူနဲ့အတူ အသိသက်သေတစ်ဦး ၊ ကျေးရွာသူကြီး (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူး တို့က စာချုပ်ချုပ်ဆိုကြတယ်လို့ ဒီးမော့ဆိုမြို့နယ်မှာ မြေဝယ်သူတစ်ယောက်က ပြောပြပါတယ်။
တဖက်မှာလည်း မြေယာရောင်းဝယ်မှုဆိုင်ရာအတွက် စာချုပ်ကို ကြားကာလလွှတ်တော်က တရားဝင်အတည်ပြုပြဌာန်းထားတာ မရှိသေးဘူးလို့ KSCC က ပြောပါတယ်။
ကြားကာလအစိုးရရဲ့ မူဝါဒအပြောင်းအလဲကြောင့် အခုကာလမှာ မြေယာဝယ်ယူတာက အာမခံချက်မရှိသလို တရားဝင်မှုရှိမှာလည်း မဟုတ်ဘူးလို့ CDM ပြုလုပ်ထားတဲ့ လွိုင်ကော်ခရိုင် လယ်ယာစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနက ဒုလက်ထောက်ဦးစီးမှူး ကိုမီက ပြောပါတယ်။
ကြားကာလ မြေယာရောင်းဝယ်မှုတွေက နောင်တချိန်မှာ အငြင်းပွားမှုတွေဖြစ်လာနိုင်သလား
လက်ရှိကာလအတွင်း မြေယာရောင်းဝယ်မှုတွေကို စာချုပ်စာတမ်းတွေနဲ့ ပြုလုပ်ကြတယ်ဆိုပေမယ့် ကရင်နီပြည်မှာ ကျင့်သုံးနိုင်ပြီး ခိုင်မာတဲ့ ဥပဒေ မရှိသေးပါဘူး။
၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့က အတည်ပြုပြဌာန်းထားတဲ့ ကြားကာလမြေယာမူဝါဒ အကောင်အထည်ဖော်နိုင်ရေးအတွက် ဥပဒေတစ်ရပ်ပြဌာန်းနိုင်အောင် ကြားကာလလွှတ်တော်မှာလည်း အဆိုတင်သွင်းထားတယ်လို့ KSCC အထွေထွေအတွင်းရေးမှူး မော်ဒေးမြာ က ပြောပါတယ်။
ကြားကာလလွတ်တော်က ဥပဒေကို ရေးဆွဲအတည်ပြုပြီးရင်တော့ ဥပဒေကို လက်တွေ့ကျင့်သုံးဖို့ IEC မှာ မြေယာဌာနကို ဦးစားပေးဖွဲ့စည်းသွားမယ်လို့ မော်ဒေးမြာ က ဆက်ပြောပါတယ်။
“ဥပဒေတစ်ရပ် ထွက်လာရင်တော့ မြေယာအားဖြင့် ပတ်သက်တဲ့ ဌာနတွေ၊ အုပ်ချုပ်ရေးကောင်စီရဲ့ သက်ဆိုင်ရာဌာနအသီးသီးကတော့ Law enforcement (ဥပဒေအတိုင်းလိုက်နာစေခြင်း) လုပ်ရမယ်။ အဲခါကျရင် တရားဝင်မှုတွေ၊ ရောင်းဝယ်မှုတွေမှာလည်း တောက်လျှောက် ဥပဒေအတိုင်း ဆောင်ရွက်သွားဖို့ ရှိမယ်။” လို့ မော်ဒေးမြာ က ပြောပါတယ်။
ဒီလိုကြားကာလမှာ ဥပဒေတွေ ၊ နည်းဥပဒေတွေ မရှိသေးတဲ့အချိန်မှာ ပြည်နယ်အတွင်း
မြေယာရောင်းဝယ်မှုကို အားပေးအားမြောက်မပြုဘူးလို့ ကရင်နီပြည်ကြားကာလ လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ် က ပြောပါတယ်။
“ဒေသခံမဟုတ်ဘဲနဲ့ တခြားဒေသကလာပြီးတော့မှ စီးပွားရေးလုပ်တာဘဲဖြစ်ဖြစ် ဒေသခံနဲ့ သိပ် အပ်စပ်မှုမရှိတဲ့ အရာတခုခုကို လာလုပ်တာဘဲဖြစ်ဖြစ် အဲ့တာမျိုးကျ ပြဿနာတော့ နည်းနည်းကြီးနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်။ လက်ရှိမှာတော့ ကျနော်တို့က ပြဿနာတော့ အဲ့လောက်ထိ မတွေ့ရသေးဘူး ဆိုပေမယ့် တချိန်ချိန်ကျလို့ရှိရင် ဖြစ်လာနိုင်စရာအကြောင်း အများကြီးရှိတာပေါ့နော်။” လို့ ဦးသဲရယ် က ပြောပါတယ်။
ဒါ့အပြင် မြေယာတွေကို ကုန်ပစ္စည်းသဖွယ် အကျိုးအမြတ်တွေအတွက် ရောင်းဝယ်နေကြတာဟာ ပြသနာမျိုးစုံဖြစ်လာနိုင်ပြီး နောင်တချိန်မှာ မြေယာအငြင်းပွားမှုတွေ ဖြစ်လာနိုင်တယ်လို့ Karenni Ever Green အဖွဲ့ရဲ့ ဒါရိုက်တာက ပြောပါတယ်။
“ကျမတို့နိုင်ငံ၊ ပြည်နယ်မှာက မြေယာပိုင်ဆိုင်ခွင့်လုံခြုံမှုမရှိသလို ရှိနေတဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေကလည်း လုံခြုံမှုအားနည်းသလို ခေတ်မမီတဲ့ မြေယာမှတ်တမ်းတွေကြောင့် ပိုင်ဆိုင်မှု အထောက်အထားတွေကြောင့် ဒီမြေဟာ သူပိုင်တယ် ငါပိုင်တယ် ဆိုပြီး အချင်းချင်း မြေလု တဲ့ အငြင်းပွားမှုတွေ ရှိလာနိုင်တယ်။ အချို့ မြေတစ်ကွက်တည်းကို ၂ ဦး ပိုင် ၃ ဦး ပိုင်ရှင်တွေလည်း ရှိလာနိုင်တယ်။” လို့ Karenni Ever Green အဖွဲ့ရဲ့ ဒါရိုက်တာက ပြောပါတယ်။
ခြံမြေကို ဘာကြောင့်အလွယ်တကူ ရောင်းဝယ်နေကြသလဲ
ကရင်နီပြည်တွင်း လူထုတွေက ပဋိပက္ခအကျိုးဆက်ဖြစ်တဲ့ စားဝတ်နေရေးဖြေရှင်းဖို့နဲ့ ဆေးဝါးကုသရေးအတွက် မြေယာကို အလွယ်တကူ ရောင်းချလာကြတာပါ။
ဒီးမော့ဆို၊ လွိုင်ကော်၊ မယ်စဲ့ မြို့နယ်တို့မှာ စစ်အာဏာသိမ်းတဲ့ ၄ နှစ်အတွင်း မြေယာရောင်းဝယ်မှုတွေ ကျယ်ပြန့်များပြားလာနေတာကို တွေ့ရပါတယ်။
ကြားကာလအတွင်း လူဦးရေအများဆုံးနေထိုင်တဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ခြံမြေ အကွက်ရိုက်ရောင်းချမှုတွေ အများဆုံးရှိနေတာ ဖြစ်ပါတယ်။ ပဋိပက္ခကာလမှာ စီးပွားရေး အကွက်မြင်တဲ့ စီးပွားရှင်တချို့ကလည်း မြေကွက်တခုကို အကွက်ငယ်လေးတွေ ပြန်ဖော်ပြီး တဆင့်ပြန်ရောင်းကြတာပါ။
လက်ရှိမြေယာရောင်းချနေသူ ဒေသခံအများစုဟာ အိမ်တွင်းစီးပွားရေး အကြပ်အတည်းကြောင့်ဖြစ်ပြီး အနည်းစုမှာ စီးပွားဖြစ်ရောင်းကြတာဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ်အတွင်းက ခြံမြေအရောင်းအဝယ် ပြုလုပ်နေတဲ့ ခွန်းလိုက်ယူ က ခန့်မှန်းပြောဆိုထားပါတယ်။
“နေရာအပေါ်မူတည်တယ်။ တချို့နေရာက ရောင်းရင် တစ်နှစ်လောက်ကြာရင်လည်း ကြာနိုင်တယ်။ တချို့နေရာက အချက်အချာကောင်းရင်တော့ တပတ်ထဲနဲ့ ကုန်နိုင်တယ်။ အကွက်ဖော်လိုက်တာနဲ့ သူများတန်းဝယ်တယ်” လို့ ခွန်းလိုက်ယူ က ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်ထဲမှာတော့ ပေ ၅၀ ပတ်လည် ခြံတခြံကို ပျှမ်းမျှအားဖြင့် ကျပ် သိန်း ၇၀ ဝန်းကျင် စျေးပေါက်ပါတယ်။ မယ်စဲ့မြို့နယ်မှာလည်း ခြံမြေအရောင်းအဝယ် ပြုလုပ်နေတာတွေရှိပြီး ဒေသတွင်း အခြေအနေအရ အခွင့်အလမ်းမြင်တဲ့ စီးပွားရေးသမားတွေက မြေဝယ်ပြီး ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ထားတယ်လို့ မယ်စဲ့မြို့ဒေသခံတွေက ဆိုပါတယ်။
မယ်စဲ့မြို့ပြင်က မြေနေရာတွေကို အဓိကရောင်းဝယ်နေကြပြီး မိန်းလမ်းမကြီးနဲ့နီးတဲ့ ပေ ၅၀ ပတ်လည်ရှိ မြေတစ်ကွက်ကို ထိုင်းဘတ် ၁ သိန်း (မြန်မာငွေ ကျပ် သိန်း ၁၂၅ ဝန်းကျင်) အထိ ပေါက်စျေးရှိတယ်လို့ မြေယာရောင်းဝယ်သူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိ ကရင်နီပြည်တွင်း မြေယာဝယ်ယူသူရဲ့ ခန့်မှန်းခြေ ၁ ရာခိုင်နှုန်းက စစ်ပဋိပက္ခကြောင့် ကရင်နီပြည်တွင်းကို လာရောက်ခိုလှုံနေထိုင်ကြတဲ့ ပညာရေး၊ ကျန်းမာရေး၊ စစ်ရေး တက်ကြွလှုပ်ရှားသူနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ်က မြေပွဲစားတွေက ပြောပါတယ်။
အများစုက ပြည်နယ်အတွင်းက ရပ်ရွာဒေသခံမဟုတ်သူတွေဖြစ်ပြီးတော့ အနည်းစုက ရပ်ရွာဒေသခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မြေကို နေထိုင်ဖို့အတွက် ဝယ်ယူကြတာအပြင် ရင်းနှီးမြုပ်နှံမှုအတွက်လည်း ဝယ်ယူကြတာဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ်ရှိ မြေပွဲစားတွေက ပြောပါတယ်။
မြေယာရောင်းဝယ်မှု ကြီးထွားလာမှာကို ဌာနေတိုင်းရင်းသားတွေ စိုးရိမ်
ကရင်နီပြည်က ဌာနေတိုင်းရင်းသားလူမျိုးစုတွေက ရိုးရာတံခွန်တိုင်ပူဇော်တာ၊ တောလိုက်တာ၊ တောင်ယာမီးရှို့ပွဲကျင်းပတာအပြင် ရွေ့ပြောင်းတောင်ယာတွေကို မိရိုးဖလာ အစဥ်အလာအတိုင်း နှစ်စဥ်နှစ်တိုင်း ကျင်းပကြတာ ဖြစ်ပါတယ်။
တောင်ပေါ်ရေထွက်ပေါက်တို့ကိုလည်း မှီခိုအားထားရတာဖြစ်ပြီး မြေယာရောင်းဝယ်မှုကြောင့် ရိုးရာအရ ထိန်းသိမ်းထားတဲ့ နယ်မြေတွေကိုပါ ထိခိုက်လာမှာကို စိုးရိမ်လာကြတာ ဖြစ်ပါတယ်။
“ကျနော်တို့က တံခွန်တိုင်အတွက် သစ်တောလိုအပ်တယ်။ ရေအတွက် ရေထွက်ပေါက်လိုအပ်တယ်။
တကယ်လို့ စက်မှုဖွံ့ဖြိုးလာမယ်ဆိုလို့ရှိရင် တဖက်ကကြည့်ရင် ကောင်းတော့ကောင်းပေမဲ့ ကျနော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်လာနိုင်တယ်။ သစ်တောတွေလည်း ပြုန်းလာနိုင်တယ်” လို့ ခြံမြေရောင်းဝယ်မှုအများဆုံးရှိတဲ့ ဒီးမော့ဆိုမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
မြေကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ဖောက်ကားနေမှုတွေကြားမှာ တိုင်းရင်းသားလူမျိုးစုတွေ အထွဠ်အမြတ်ထားရတဲ့ ရေထွက်ပေါက်၊ ဘာသာရေးနယ်မြေ၊ အများပိုင်နယ်မြေ၊ သစ်တော ဧရိယာ တွေလည်း ပါဝင်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။
ပြည်နယ်တွင်း ဒေသခံလူထုတွေကတော့ တနေ့တခြား ကြီးမားကျယ်ပြန့်လာနေတဲ့ မြေယာရောင်းဝယ်မှုတွေကို ထိန်းချုပ်ဖို့ လိုအပ်နေပြီလို့ ပြောဆိုနေကြပါတယ်။