ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်ကြေငြာထားတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝှမ်းမှာ သေဆုံးသူ ၇၂ ဦးရှိ ပြီး ကရင်နီက ၇ ဦး ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဧပြီလ ၉ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့ကစ ရက်ပေါင်း ၂၀ ထိ အပစ်ရပ်စဲကြောင်းကြေငြာထားပေမယ့် တစ်ပတ်အတွင်း နိုင်ငံတစ်ဝှမ်းမှာ တိုက်ခိုက်ခဲ့တဲ့ လေကြောင်း နဲ့ လက်နက်ကြီးအကြိမ်ရေ (၉၂)ကြိမ်ရှိတယ်လို့ ဆိုထားပါတယ်။ အဲ့ဒီထဲ လက်နက်ကြီး အကြိမ်ရေ ၃၀ ပစ်ခတ်ခဲ့သလို လေကြာင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၂ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝှမ်းသေဆုံးခဲ့သူ ၇၂ ဦးအနက် ကချင်မှာ ၃၈ ဦး၊ မန္တလေးမှာ ၂ဦး၊ မကွေးမှာ ၃ဦး၊ ရခိုင်မှာ ၃ဦး၊ ဧရာဝတီမှာ ၃ဦး၊စစ်ကိုင်းမှာ ၆ဦး၊ ရှမ်းပြည်မှာ ၇ဦး၊ကရင်ပြည်မှာ ၃ဦး နဲ့ ကရင်နီမှာ ၇ဦး တို့ဖြစ်တယ်လို့ဆိုပါတယ်။ ကရင်နီပြည်က ပြည်သူ ၇ဦး သေဆုံးခဲ့မှုအတွင်း ၆ ဦးကိုသာ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနအနေနဲ့ အတည်ပြုနိုင်ပြီး ကျန်တစ်ဦးကိုတော့ မသိရှိရသေးပါဘူး။
အဆိုပါ သေဆုံးခဲ့သူ ၆ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၄ရက်နေ့မှာ မိုးဗြဲမြို့ နဲ့ လွိုင်ကော်မြို့ အကြားမှာ တည်ရှိတဲ့ ပီကင်းကောခူ ကျေးရွာထဲမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း အရပ်သားပြည်သူ ၅ ဦးသေဆုံးခဲ့တာပါ။
ဒါ့အပြင် ဧပြီလ ၂ရက်နေ့က ဘောလခဲမြို့နယ် ထူးချောင်းအနီးမှာရှိတဲ့ စစ်ဆေးရေးဂိတ်တခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ မြန်မာနိုင်ငံတစ်ဝှမ်း ငလျင်ဘေး သင့်နေကြချိန် ဧပြီလ ၂ရက်နေ့ကနေ မေလ ၂၂ရက်အထိ ရက်ပေါင်း (၂၀ )ကြာ အပစ်ခတ်ရပ်စဲကြောင်း ကြေငြာချက် ထုတ်ပြန်ထားပေမဲ့ ကရင်နီပြည်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လျက်ရှိနေတယ်လို့ KNDF က ပြောဆိုထားပါတယ်။
စစ်ကောင်စီ နေ့စဥ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ ဒေသတွေထဲ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာ အကြိမ်ရေအများဆုံးဖြစ်ပါတယ်။ ကရင်နီပြည်မှာတော့ ဖရူဆို၊ လွိုင်ကော် နဲ့ ဘောလခဲဒေသတွေမှာ လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်နဲ့ လက်နက်ကြီး ၁ကြိမ် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၇၂ ဦးအနက် အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦး နဲ့ အမျိုးသမီး အယောက် (၃၀) ပါဝင်တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဆီကနေ သိရပါတယ်။