ကန္တာရဝတီတိုင်း(မ်)
ရာသီဥတုအပြောင်းအလဲတွေကြောင့် တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အပူချိန် ဆိုးဆိုး၀ါး၀ါး ပြောင်းလဲမှုဖြစ်စဥ်တွေဖြစ်တဲ့ အပူလှိုင်းဖြစ်ပွားနှုန်း နဲ့ အကြိမ်ရေ၊ ကာလနဲ့ ပြင်းထန်မှုပမာဏတွေဟာ (၂၁) ရာစုမှာ အဆမတန် မြင့်တက်နေပါတယ်။
ဒီလိုပြင်းထန်အပူဒဏ်ဟာ လူ့ခန္ဓာကိုယ်အပေါ် အမျိုးမျိုးသော ဇီဝကမ္မသက်ရောက်မှုဖြစ်ပြီး၊ ရှိရင်းစွဲအခြေအနေများကို ပိုမိုဆိုးရွားစေကာ မသန်စွမ်းတာတွေဖြစ်စေနိုင်သလို အရွယ်မတိုင်ခင် သေဆုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
အစွန်းရောက် သဘာဝဘေးတခုဖြစ်တဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာလည်း ၂၀၂၄ ခုနှစ် မေလအထိ အာရှဒေသတွင်းမှာ ဖြစ်ပွားနိုင်တယ်လို့ အမေရိကန်မိုးလေဝသအေဂျင်စီအဖွဲ့ (NOAA) ၊ ရာသီဥတု ခန့်မှန်းရေးဌာန (Climate Prediction Center – CPC) က ပြောဆိုထားပါတယ်။
ဒါ့ကြောင့် နွေရာသီမှာ ကျန်းမာရေးထိခိုက်နိုင်တဲ့ အပူဒဏ်တွေကို ကြိုတင်တွက်ဆနိုင်ပြီး ထိရောက်စွာ ကာကွယ်နိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။
အပူဒဏ်ကြောင့် ဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာများ
လူတဦးရဲ့ ခန္ဓာကိုယ်ထဲက အပူနဲ့ ပြင်ပကလာတဲ့အပူတွေကြောင့် ပုံမှန်ထက် ပိုပူတဲ့အခြေအနေနဲ့ ထိတွေ့မိတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းသိမ်းမှုလုပ်ငန်းစဉ်တွေ ယိုယွင်းစေပြီး ကြွက်တက်တာ၊ အပူကြောင့် နွမ်းနယ်တာ၊ လေဖြတ်တာ၊ အပူလွန်ကဲတာ စတာတွေကို ခံစားရနိုင်ပါတယ်။
အပူဒဏ်ကြောင့် ဖြစ်တဲ့ အဆိုပါ လက္ခဏာတွေကို အပူလျှပ်ခြင်းလို့လည်း ခေါ်ဆိုကြပါတယ်။ အပူလျှပ်ခြင်းဟာ ရေဓာတ်ခမ်းခြောက်မှုနဲ့ ဆက်စပ်ပြီး သေချာဂရုမစိုက်ရင် ဦးနှောက်နဲ့ အခြား အရေးကြီးတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ထိခိုက်စေပြီး အသက်သေဆုံးစေတဲ့အထိ ဖြစ်နိုင်ပါတယ်။
နာတာရှည်ရောဂါအခံတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဦးနှောက်သွေးကြောရောဂါ၊ သွေးချို/ ဆီးချိုရောဂါ ရှိသူတွေမှာ အပူဒဏ်ကြောင့် ရှိပြီးသားရောဂါတွေကို ပိုမိုဆိုးဝါးစေပါတယ်။
အပူဒဏ်ကြောင့် ကျန်းမာရေးအပေါ် ဘယ်လောက်သက်ရောက်လဲဆိုတဲ့ အတိုင်းအတာကတော့ အပူပြောင်းလဲမှုဖြစ်စဥ်ရဲ့ ချိန်ကိုက်ဖြစ်မှု၊ ပြင်းထန်ပမာဏနဲ့ ကြာချိန်၊ ဒေသခံလူထုတွေရဲ့ နေသားကျမှု၊ ရာသီဥတုနဲ့အညီ အလိုက်သင့်ပြောင်းလဲနိုင်စွမ်း နဲ့ အခြေခံအဆောက်အအုံအပေါ်မှာ မူတည်ပါတယ်။
အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူချိန်မှတ်ကတော့ နေရာဒေသအလိုက် ကွဲပြားနိုင်ပြီး ဒေသတခုရဲ့ လေထုစိုထိုင်းဆ၊ လေတိုက်နှုန်း၊ ရပ်ရွာနေလူထုရဲ့ နေသားတကျဖြစ်မှုနဲ့ အပူချိန်ပြောင်းလဲမှု အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားမှုအပေါ် မူတည်ပါတယ်။
အပူလျှပ်ရင်ပြလေ့ရှိသော လက္ခဏာများ
လူ့ခန္ဓာကိုယ်ဟာ သတ်မှတ်အပူချိန်တခုမှာပဲ ရှင်သန်နိုင်တဲ့အတွက် ခန္ဓာကိုယ်အတွင်း အပူဓာတ် အရမ်းများလာတဲ့အခါ ဒီအပူကို ပြန်လည် စွန့်ထုတ်ရပါတယ်။
အဓိကအားဖြင့် ချွေးကတဆင့် အပူကို ပြန်လည်စွန့်ထုတ်ရပါတယ်။ ချွေးစွန့်ထုတ်ပစ်မှု(ချွေးထွက်မှု) များတဲ့အခါမှာ အပူဓာတ်သာမက ရေနဲ့ ဓာတ်ဆားတွေကိုပါ ခန္ဓာကိုယ်က ဆုံးရှုံးသွားပါတယ်။
ရေနဲ့ ဓာတ်ဆားတွေဆုံးရှုံးပြီး ခန္ဓာကိုယ်တွင်း အပူချိန်မြင့်တက်လာတဲ့အခါမှာ အာရုံကြောဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ စိတ်တိုစိတ်ဆတ်တာ၊ ထင်ယောင်ထင်မှားဖြစ်တာ၊ သတိမေ့တာ၊ သတိလစ်မေ့ မြောတာ၊ တက်တာ၊ လေဖြတ်တာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒီထက်အခြေအနေဆိုးတဲ့ အခါမှာတော့ မောပန်းလွယ်တာ၊ အားနည်းတာ၊ နုံးတာ၊ ကြွက်သား အားနည်းပြီး ပျက်စီးတာ၊ နှလုံးကောင်းကောင်း အလုပ်မလုပ်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ အသည်းပျက်စီးတာ၊ ဦးနှောက်ထိခိုက်တာတွေအထိ ဖြစ်နိုင်ပြီး အသက်ဆုံးရှုံးသွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
အပူဒဏ်ကို ဘယ်လိုရှောင်မလဲ
အပူဒဏ်ကို ရှောင်နိုင်ဖို့အတွက် အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့ အရိပ်အောက်မှာ နေထိုင်ပါ။ မိမိရဲ့ နေအိမ်မှာ လေဝင်လေထွက် မရှိဘဲ ပူအိုက်နေမယ်ဆိုရင် အပူဆုံးအချိန်တွေဖြစ်တဲ့ နေ့အချိန်တွေမှာ အရိပ်ရပြီး လေတိုက်တဲ့ ချောင်းဘေး၊ သစ်ပင်အောက်လို နေရာတွေမှာ သွားရောက်နေထိုင်ပါ။
နေ့ခင်း အပူဆုံးအချိန်တွေဖြစ်တဲ့ မနက် (၁၀)နာရီမှ ညနေ (၅)နာရီအတွင်း အပြင်ထွက်ခြင်း ရှောင်ကြဥ်ပါ။ အဲဒီအချိန်အတွင်းမှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရှောင်ကြဥ်ပါ။
နေ့ခင်း ရပ်ထားတဲ့ ယာဥ်(ကား) ပေါ်မှာ ကလေးငယ်နဲ့ တိရစ္ဆာန်တွေကို ထားခဲ့တာတွေကို ရှောင်ကြဉ်ပါ။
အပူဒဏ်ကို ဘယ်လိုကာကွယ်မလဲ
အရိပ်အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေထိုင်ခြင်းဖြင့် အပူဒဏ်ကို ကာကွယ်နိုင်ပါတယ်။ နောက်ထပ် အပူဒဏ်ကို ကာကွယ်ဖို့ အလင်းပြန်တဲ့ အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့၊ ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။
နေ့ခင်း နေပူထဲ ထွက်တဲ့အခါ ထီး (သို့မဟုတ်) ဦးထုပ်ဆောင်းပါ။ နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးတာနဲ့ မနက် (၁၀)နာရီ မှ ညနေ (၅)နာရီအတွင်း အမိုးအကာမရှိတဲ့ နေရာတွေမှာ ရေချိုးတာ၊ အဝတ်လျှော်တာတွေကို ရှောင်ကြဥ်ပါ။
ပူပြင်းတဲ့ နေရောင်အောက်မှာ အလုပ်လုပ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားခြင်းများကို ရှောင်ကြဥ်ပါ။
ရေဓာတ် မဆုံးရှုံးဖို့အတွက် ရေကို ပုံမှန်သောက်ပါ။ အရက်သေစာနဲ့ ကဖင်းဓာတ်၊ အချိုဓာတ် လွန်ကဲတဲ့ အစားအသောက်တွေကို ကို ရှောင်ကြဉ်ပါ။နွေပူပူမှာ အစာစားချင်စိတ်ရှိပြီး ပိုစားဝင်အောင် အစာကို နည်းနည်းချင်းစီနဲ့ ခဏခဏစားပေးပါ။
အပူဒဏ်ကြောင့် နာမကျန်းဖြစ်ခဲ့ရင် ဘယ်လိုကုသမလဲ
အပူဒဏ်ကြောင့် မူးဝေတာ၊ အားနည်းတာ၊ စိုးရိမ်ပူပန်မှု လွန်ကဲတာ၊ အလွန်အမင်း ရေငတ်တာနဲ့ ခေါင်းကိုက်တာတွေကို ခံစားရခဲ့ရင် အကူအညီရရှိဖို့ ကြိုးစားပါ။
မိမိနေထိုင်တဲ့နေရာမှာ ပူနေရင် အေးတဲ့ နေရာသို့ ချက်ချင်း ရွှေ့ပါ။ ကိုယ်အပူချိန် တိုင်းပါ။ ရေ (သို့မဟုတ်) အသီးဖျော်ရည်ကို သောက်ပြီး ရေဓာတ်ပြန်ဖြည့်ပါ။
အပူဒဏ်ကြောင့် ကြွက်တက်ခဲ့မယ်ဆိုရင် အနားယူပြီး ဓာတ်ဆားရည်သောက်ပါ။ ကြွက်တက်တာ တနာရီထက် ပိုကြာခဲ့မယ်ဆိုရင် ဆေးကုသမှုခံယူရပါမယ်။
အပူဒဏ်ကြောင့် နာမကျန်းဖြစ်ခဲ့ရင် အပူကျဆေးတွေဖြစ်တဲ့ ပါရာစီတမောလ်တို့လို ဆေးကို မသောက်သုံးသင့်ပါ။
မိမိကိုယ်တိုင် (ဒါမှမဟုတ်) မိသားစုဝင်တဦးဦးက အပူဒဏ်ကြောင့် ရေဓာတ်ဆုံးရှုံးပြီး ကယောင်ကတမ်း စကားပြောတာ၊ တက်တာ၊ သတိလစ်တာတွေ ခံစားရပြီဆိုရင် နီးစပ်ရာ ကျန်းမာရေးဆေးပေးခန်းကို အမြန်ဆုံး ပို့ဆောင်ပါ။
နာတာရှည်ရောဂါခံစားနေရသူ (သို့မဟုတ်) ဆေးအများအပြား သောက်နေရသူဖြစ်နေမယ်ဆိုရင် တတ်ကျွမ်းတဲ့ ဆေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီး ဆေးကုသမှုကို ခံယူသင့်ပါတယ်။
(၂၁) ရာစုနောက်ပိုင်း တကမ္ဘာလုံးမှာ အပူချိန်မြင့်မားလာတာဟာ လူသားအားလုံးအပေါ် သက်ရောက်မှု ရှိနေပါတယ်။
အဲဒီထဲမှာမှ အသက်အရွယ်ကြီးသူတွေ၊ မွေးကင်းစကလေးနဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကာယလုပ်သားတွေ၊ အားကစားသမားတွေ၊ နာတာရှည်ရောဂါ ခံစားရသူတွေ နဲ့ အခြေခံလူတန်းစားတွေဟာ အပူဒဏ်ကို ပိုမိုခံစားရနိုင်ပါတယ်။
ဒါကြောင့် အခုလိုနွေပူပူမှာ အပူဒဏ်ကို ရှောင်နိုင်ဖို့ အထက်ပါအချက်တွေကို လိုက်နာကျင့်သုံးပြီး အပူဒဏ်ကို ရှောင်ရှားနိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါတယ်……။
ကိုးကား – NUG, MOH website.