spot_imgspot_imgspot_imgspot_img
Tuesday, June 18, 2024
spot_imgspot_imgspot_imgspot_img

အမိမြေက အာဇာနည် ရဲဘော်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

” ကျနော်တို့ လူငယ်တယောက်အနာဂတ်ကြယ်ပွင့် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ ကြိုပြောလို့ မရဘူးလေနော်။ ဒါကြောင့်မို့ ကျနော်တို့ လူငယ် အနာဂတ်ကြယ်ပွင့်လေး ကြွေသွားတဲ့အချိန်မှာ ဆုံးရှုံးမှုက အင်မတန်ကြီးမားတယ်။”

ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ တိုက်ပွဲတွေ အတူဆင်နွဲနေရင်းနဲ ကြွေလွင့်သွားခဲ့ရတဲ့ သူ့ရဲ့ ရဲဘော်၊ရဲဘက်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကို ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာသူကတော့ ရဲဘော် ခူးရယ်ပါ။

သူဟာ မိသားစုရဲ့ သားဦးတစ်ယောက်ဖြစ်ပြီး၊ စစ်တပ်အာဏာ မသိမ်းခင်မှာတော့ ကရင်ပြည်နယ် အမှတ် ၂၂ လုံခြုံရေးတပ်ဖွဲ့ မှာ နှစ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တာပါ။

ခေတ်ပညာတတ် လူငယ်တဦးဖြစ်တဲ့ ခူးရယ်ဟာ စစ်တပ်ရဲ့ မတရားအာဏာ သိမ်းယူမှုအပေါ် လက်သင့်မခံနိုင်ဘဲ CDM မှာ ပါဝင်လာခဲ့သူ ဖြစ်ပါတယ်။

လမ်းပေါ်ထွက် ဆန္ဒပြရုံနဲ့ မရတော့ဘဲ မဖြစ်မနေ လက်နက်ကိုင် တော်လှန်ရတော့မယ့် အချိန်မှာတော့ ခူးရယ်တယောက် ကရင်နီတပ်မတော်က ဖွင့်လှစ်တဲ့ စစ်သင်တန်းကို တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချမှတ်နိုင်ခဲ့ပါတယ်။

ရဲဘော် ခူးရယ် ရှေ့တန်းစစ်မြေပြင် တနေရာမှာ တွေ့ခဲ့ရစဉ်

ဒီလိုပင်ပန်းကြမ်းတမ်းလှတဲ့ စစ်သင်တန်းကို တက်ရောက်ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့သူပါ။ သို့ပေမဲ့ ပြည်သူလူထုတွေကို ညှင်းပန်းနှိပ်စက်နေတဲ့ လူတစုကို တိုက်ထုတ်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေသူပါ။

ဘိုးဘွားလက်ထက်ကတည်းကပင် နှစ်ပေါင်း ၇၀ ကျော်ကြာ စစ်တပ်ရဲ့ ဖိနှိပ်မှုကို ပြည်သူလူထုတွေ ခံစားလာကြရတာပါ။ စစ်တပ်ရဲ့ ဖိနှိပ်တဲ့ဒဏ်ကို ဒီခေတ်မှာပဲ အဆုံးသတ်ပေးမှာဖြစ်ပြီး နောင်လာမယ့် မျိုးဆက်သစ်တွေဆီကို ဒီလိုဖိနှိပ်တဲ့ဒဏ်တွေကို လက်ဆင့်မကမ်းနိုင်တော့ဘူးလို့ သူက ပြောပါတယ်။

“နောင်လာမယ့် မျိုးဆက်သစ်တွေကို ကျနော်တို့လို မခံစားခိုင်းစေချင်ဘူး။ ကျနော်တို့ အရှုံးပေးလိုက်ကြည့် စစ်ခွေးတွေရဲ့ ဘွတ်ဖိနပ်တွေ ဟိုးအောက်ချေ လုံးဝအနှိမ်ခံဘဝကနေ ရောက်သွားလိမ့်မယ်၊ စိတ်ဓာတ်ကျတယ်၊ ဒါပေမဲ့ ကျနော် အဲ့တခုပြန်တွေးလိုက်ရင် အဲ့တခုတင်မဟုတ်ဘူး၊ ရှေ့က ကျနော်တို့ ဘိုးဘွားဘီဘင်တွေ မိခင်တွေ ပြေးလာတာ နှစ်ပေါင်း ၇၀ ကျော်ပြီ၊ ဘယ်အထိ ဆက်ပြေးရမှာလဲ၊ ပြန်တိုက်ရမယ်၊ သူတို့ပြေးခဲ့သလို ကျနော်တို့ မပြေးချင်တောဘူး၊ နောင်လာမဲ့ ကျနော်တို့ရဲ့ မျိုးဆက်တွေကိုလည်း မပြေးခိုင်းစေချင်တောဘူး” လို့ ခူးရယ်က ပြောပါတယ်။

ခူးရယ်နဲ့ တွေ့ဆုံစကားပြောခွင့်ခဲ့ရတာကတော့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ထဲက ရှေ့တန်းတနေရာမှာဖြစ်ပါတယ်။ အမြဲတမ်းလိုလိုရှေ့တန်းမှာ နေနေရတဲ့ ခူးရယ်တို့လို ရဲဘော်တွေအဖို့ နေ့တိုင်းဟာ အသက်ဘေးကြုံတွေ့ရနိုင်တဲ့သူတွေ ဖြစ်ပါတယ်။

သူတို့အတွက် “နေပူလို့ ခဏနားဦးမယ်၊ မိုးရွာလို့ မိုးခိုဦးမယ်” ဆိုတာ မရှိခဲ့ပါဘူး။ မိုးဒဏ်၊ လေဒဏ်တွေကြားက တောတောင်တွေကို ဖြတ်သန်းရင်း မအိပ်စက်နိုင်ခဲ့ကြရတဲ့ ညပေါင်းတွေလည်း မနည်းတော့ပါဘူး။

ရှေ့တန်းမှာနေရတာလည်း ငတ်တလှည့် ပြတ်တလှည့်နဲ့ပါ။ ဒါပေမဲ့ ဒါကိုတော့ သူရဲ့စိတ်ထဲမှာ ပင်ပန်းတယ်လို့ မခံယူထားပါဘူး။ သူ့ရဲ့ အသက်ကို တိုင်းပြည်နဲ့လူမျိုးအတွက် ပေးဆက်ဖို့ အဆင်သင့် ရှိနေသူတဦးပါ။

ကရင်နီပြည်နယ်ဟာ သေးငယ်သလောက် စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ ကရင်နီတွေရဲ့ သွေးတွေဟာ ရဲရဲတောက်နေတယ် ဆိုတာကို ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မြင်တွေ့ခဲ့ကြရမှာပါ။

ဒီးမော့ဆိုမြို့နယ်ထဲက ရှေ့တန်းစစ်မြင်ပြင်တနေရာ။

ကရင်နီပြည်ဟာ စစ်ကောင်စီတပ်ရဲ့ အထိအခိုက် အကျအဆုံးတွေ အများဆုံး နယ်မြေတခုဆိုလည်း မမှားပါဘူး။

အသက်တွေကို ဖက်နဲ့ထုပ်ပြီး ရဲရဲတောက် ခုခံတွန်းလှန်နေကြတဲ့ ခူးရယ်တို့လို ရှေ့တန်းက ရဲဘော်တွေ တောင်းဆိုတာက ခဏတာ နားနေခွင့်မဟုတ်ပါဘူး။ စစ်ကောင်စီကို အမြစ်ဖြတ်ဖို့အတွက် တိုက်ခိုက်ရမဲ့ “ကျည်” တွေကိုပါ။

“အဓိက လိုအပ်ချက်တော့ ကျည်ဆံပဲ၊ ဘာလို့ဆို ကျနော်တို့က တိုက်လို့ရတယ်၊ ခိုက်လို့ရတယ်၊ ကျနော်တို့ နေ့ရောညပါ မနားဘဲ အသက်တွေ ချွေးတွေ ပေးဆပ်နေရတာ အများကြီးပဲ၊ ဒီက ပြည်သူလူထုတွေကော နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်နေတဲ့ ကျနော်တို့ ဆွေမျိုးတွေကိုကော ကျနော်ပြောချင်တာ တခုက ကျနော်တို့ကို တော်လှန်ရေးဘက်မှာ ပါဝင်ကူညီခိုင်းချင်တယ်။ ကျနော်တို့အဓိက လိုအပ်တာ ကျည်။” လို့ ခူးရယ်က ပြောပါတယ်။

ခူးရယ်လိုပဲ ဒီးမော့ဆိုမြို့နယ်အတွင်းက ရှေ့တန်းစစ်မြေပြင်မှာ ရှိနေတာကတော့ အသက် ၂၂ နှစ်အရွယ် ခူးဦးရယ် ပါ။ သူ့အသက်အရွယ်အရဆိုရင် အာဏာမသိမ်းခင်အထိ လူငယ်ဘဝရဲ့ လွတ်လပ်မှုကို ကောင်းကောင်းခံစားခဲ့ရဦးမှာ မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။

ခူးရယ်လိုပဲ ရှေ့တန်းမှာ ငတ်တလှည့် ပြတ်တလှည့်နဲ့ ရန်သူတွေကို ရင်ဆိုင်နေရတာပါ။
“ ရဲဘော်ဘဝဆိုတာ စိတ်ဓာတ်ကျစရာတွေနဲ့ကြုံမယ်၊ တခါတလေ ရေ ငတ်မယ် ထမင်း ငတ်မယ်၊ မိုးထဲလေထဲ လျှောက်ရမယ်၊ ရန်သူနဲ့လည်း နေ့ညမရွေး တိုက်ရတယ်၊ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းနေပါစေ အနာဂတ်ရဲ့ ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးအတွက် ဒီတော်လှန်ရေးပြီးတဲ့အထိ အဆုံးစွန်ထိ တိုက်ခိုက်သွားမယ်။ ” လို့ သူက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက ရှေ့တန်းစစ်မြင်ပြင်တနေရာ။

“ကျနော်တို့ ပြည်နယ်ကို ကျနော်တို့မှ မကာကွယ်ရင် အနာဂတ်အတွက်တော့ ဘယ်သူမှ လာပြီး ကြိုးစားပေးနေမှာ မဟုတ်ဘူး၊ ဒါကြောင့် ကျနော်တို့က ဒီလောက်နဲ့ ဆုံးရှုံးမခံနိုင်ဘူး၊ နောက်ဆုတ်မပေးနိုင်ဘူး၊ ဒီထက်ပိုပြီး‌တော့ ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” လို့ ခူးဦးရယ်က ပြောပါတယ်။

ခူးရယ်နဲ့ ခူးဦးရယ်တို့လို ရဲဘော်တွေဟာ အချိန်ပြည့် စိတ်ဓါတ်တက်ကြွနေသူတွေမဟုတ်ပါဘူး။ သာမန်လူတွေလိုပဲ နှလုံးသား နုနယ်ပြီး ခံစားချက်ရှိသူတွေပါ။

ခူးဦးရယ်ဟာလည်း သူ့ရဲ့ အချစ်ရဆုံးသူငယ်ချင်း တဦးကို တိုက်ပွဲတခုမှာ ဆုံးရှုံးလိုက်ရပါတယ်။ သူအချစ်ရဆုံး အခင်ရဆုံးသူငယ်ချင်း တဦးနဲ့ တိုက်ပွဲအတူဝင်ရင်း သူရဲ့ မျက်စိရှေ့မှာတင် ကျဆုံးသွားတာကို မြင်တွေ့ခဲ့ရတဲ့အချိန်ဟာ တော်လှန်ရေးကာလအတွင်း သူ့အတွက် အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံး အချိန်ကာလဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော့်မှာတော့ အခက်ခဲကြမ်းတမ်းဆုံးနဲ့ စိတ်ဓာတ် အမြင့်ဆုံးကျဆုံးခဲ့ရတဲ့ အချိန်ကတော့ ကျနော် သူငယ်ချင်း ကျသွားတဲ့ အချိန်ပဲ” လို့ ခူးဦးရယ်က ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေ အချင်းချင်းကြားမှာ သွေးသားရင်းခြားတွေလို ချစ်ခင်မှုတွေရှိနေတာကြောင့် တဦးတယောက် ဆုံးရှုံးသွားတဲ့အခါ စိတ်ဓာတ်ကျ ကြစမြဲပါ။

အသက်ကို ဖက်နဲ့ထုပ်ပြီး ရန်သူနဲ့ ရင်ဆိုင်ရတာမို့ လူတိုင်း လုပ်နိုင်တဲ့ အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့
ကရင်နီမှာတော့ ခူးရယ်နဲ့ ခူးဦးရယ်တို့လို လူငယ်တွေဟာ သူတို့ရဲ့ သွေးတွေ ဘယ်လောက်ရဲလဲ ဆိုတာကို လူငယ်တွေ သက်သေပြဖို့ ကြိုးစားနေကြတာပါ။ တိုက်ပွဲ အတွင်း ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းတွေကို သူရဲ့စိတ်ထဲမှာတော့ အာဇာနည်အဖြစ် အမြဲရှိနေပါတယ်လို့ သူက ပြောပါတယ်။

“ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်တော့ ကျနော်တို့ ဘာမှ ထွေထွေထူးထူး မလုပ်ပေးနိုင်တော့ဘူးလေနော်၊ သူတို့ကို အာဇာနည် အနေနဲ့တော့ အမြဲတမ်း စိတ်ထဲမှာ ရှိနေမှာပါ။ ပြည်သူတွေလည်း သူတို့ကို အမြဲသတိရ အောက်မေ့နေမှာပါ” လို့ ခူးဦးရယ်က ပြောပါတယ်။

တောင်စောင်းပေါ် ခရီးတထောင့်နားနေသော ရှေ့တန်းရဲဘော်များ။

ခူးဦးရယ်နဲ့ ခူးရယ်တို့လို ရှေ့တန်းရဲဘော်တွေဟာ အချိန်မရွေးအသက် ပေးဆပ်သွားရနိုင်ပေမဲ့ တော်လှန်ရေးမပြီးမချင်း တတ်နိုင်တဲ့ဖက်ကနေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ခူးရယ်ကပြောပါတယ်။

“ဒီတော်လှန်ရေး မပြီးမချင်းတော့ ကျနော် တထောက်တနေရာ ကနေတော့ အမြဲတမ်း ပါဝင်နေဦးမှာပဲ။ ကျနော် တခုခုဖြစ်ခဲ့သည်ရှိသော် မသေသေးရင်ပေါ့နော်၊ ကျန်တဲ့ထောက်ပို့ပိုင်းကလား၊ ကျန်တဲ့အပိုင်းတွေမှာ ကျနော် ဆက်လက်တာဝန်ထမ်းဆောင်မှာပါ၊ အဆုံးထိကိုပါဝင်မှာပါ။”

လက်ရှိကရင်နီပြည်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပေမဲ့ တော်လှန်ရေးအောင်မြင်ပြီး ငြိမ်းချမ်းတဲ့ တနေ့ မှာ လွတ်လပ်တဲ့ လူငယ်ဘဝကို ကောင်းကောင်းမခံစားခဲ့ရတဲ့ ခူးဦးရယ်ကတော့ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းပြန်နေနိုင်ဖို့ မျှော်လင့်နေပါတယ်။

“ကျနော်တို့ ဒီတော်လှန်ရေး ပြီးသွားရင်တော့ အေးအေးချမ်းချမ်းနဲ့ ပြန်နေချင်တယ်ပေါ့၊ ကျနော်တို့ရဲ့ မိသားစုတွေနဲ့ ကျနော်တို့ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကျနော်တို့ရဲ့ ပျော်ရွှင်မှုကို ကျနော်တို့ လွတ်လပ်စွာ ပြန်ခံစားစေချင်တယ်”

spot_img
spot_img

Recent posts