ကန္တာရဝတီတိုင်း(မ်) / (အလုပ်သင် မော်ဆော်မိုးနှင့် ခူးဈားရယ်တို့ ပူးပေါင်းရေးသားသည်)
အခုလို နွေဦးအစရာသီချိန်ခါ လေပြေတိုက်ခတ်ပြီး ရော်ရွက်ဝါတွေကြွေကာ ရွက်သစ်ဝေတဲ့ အချိန်ကာလမှာ တနှစ်ပတ်လုံး လေဒဏ်၊ မိုးဒဏ်၊ အပူဒဏ်တွေကို ခံလာခဲ့တဲ့ မော်စိုးမြာတို့ရဲ့ တဲအိမ်ခေါင်မိုးတွေ ဆွေးမြေ့ကျိုးကြေကုန်ပြီး အမိုးသစ်လဲပေးဖို့ လိုအပ်နေပါပြီ။
ကရင်နီဒုက္ခသည် အမှတ် (၁) စခန်းမှာ နေထိုင်တဲ့ မော်စိုးမြာတို့အတွက်တော့ နှစ်စဉ် နေအိမ်ပြုပြင်ရတာက အထူးအဆန်း မဟုတ်တော့ပါဘူး။ ဝါးထရံအိမ်၊ ဖက်အမိုးနဲ့မို့ မကြာခဏဆိုသလို ပြုပြင်ထိန်းသိမ်းနေကြရတာပါ။
ဒီနှစ် နွေရာသီမှာတော့ ရာသီအချိန်ခါနဲ့အညီ အင်ပင်ကနေ ကြွေကျလာတဲ့ “အင်ရွက်ဝါ” ဒေသအခေါ် “ဖက်ရွက်”တွေကို ကောက်ယူပြီး ဖက်ရွက်ချပ်တွေဖြစ်အောင် ပြန်လည်ချုပ်လုပ်ပြီး ခေါင်မိုးတွေအဖြစ် အသုံးပြုကြတာပါ။ ဒါကြောင့်လည်း မော်စိုးမြာတယောက် အိမ်မိုးဖို့ လိုအပ်တဲ့ ဖက်ရွက်တွေ ကောက်ယူဖို့ ပြင်ဆင်နေရပါတယ်။
အချိန်က မနက် လေးနာရီ၊ လူအများစုက အိပ်မောကျနေဆဲအချိန်မှာပဲ မော်စိုးမြာနဲ့ အပေါင်းအဖော်တွေ အလုပ်စဖို့ ပြင်နေကြပါတယ်။ အချိန်အားဖြင့်စောနေသေးပေမဲ့လည်း မော်စိုးမြာတို့အတွက် ဘဝရပ်တည်ဖို့၊ ဝမ်းရေးဖြေရှင်းဖို့က အချိန်မစောလှတော့ပါဘူး။
နွေဦးရောက်ပြီဆိုပေမဲ့ တောတောင်ထဲမှာ ဆောင်းရဲ့ လက်ကျန်အအေးဓာတ်က မကုန်သေး။ နံနက်ခင်း ဆီးနှင်းဖြိုးဖြိုးဖြောက်ဖြောက်ကျနေတဲ့ တောလမ်းလေးထဲကို မှုန်ဝါးဝါး ဓာတ်မီးရောင်နဲ့အတူ ဖက်ရွက်ကောက်ဖို့ တောထဲကို သူတို့တရွေ့ရွေ့ဝင်သွားကြပါတယ်။

“တောင်တလုံးပြီး တလုံးတက်ကြရတယ်။ ဘာလို့လဲဆိုရင် သွားကောက်ကြတဲ့သူတွေက အများကြီးရှိတယ်။ နည်းနည်းပဲ ကောက်ရလည်း သွားကြရမှာပဲ၊ များလည်းသွားကြရတာပဲ။ မသွားရင်လည်း ပိုငတ်နိုင်တယ်။ သူများကြိုးစား လုပ်ကိုင်နေကြသလိုပဲ ကိုယ်ကလည်း လိုက်ကြိုးစားရတာပေါ့။ ကိုယ်မသွားရင် ကိုယ်ပဲ မစားရတာပေါ့လေနော။” အသက် ၃၅ နှစ်အရွယ် ဖက်ရွက်ကောက်သူ မော်စိုးမြာက ပြောပါတယ်။
မွန်းတည့် ၁၂ နာရီလောက်မှာ မနက်ကတည်းက ထည့်လာတဲ့ ထမင်းထုပ်လေးတွေကို ဖွင့်စားကြပါတယ်။နေ့လယ် တနာရီမှာတော့ အလုပ်သိမ်းပါပြီ။ နေပူရှိန်မြင့်တဲ့ နေ့ခင်းဘက်တွေမှာ ကောက်တဲ့ ဖက်ရွက်တွေက ခြောက်သွေ့ပြီး ကျိုုးကြေကုန်တာကြောင့် နေပူရှိန်မမြင့်လာခင်အချိန်မှာ နှင်းစိုနေသေးတဲ့ ဖက်ရွက်ဟာ ကောက်ယူစုဆောင်းဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ မော်စိုးမြာက ပြောပါတယ်။
မော်စိုးမြာဟာ ငယ်စဉ်ကတည်းက ကရင်နီဒုက္ခသည်စခန်းကိုရောက်ရှိလာကာ စခန်းမှာပဲ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ ဖက်ရွက်ကောက်ပြီး စခန်းအတွင်းက နေအိမ်ကို ပြုပြင်မွမ်းမံကြသလို သား၊သမီးတွေရှိနေတဲ့ မော်စိုးမြာတယောက် ဖက်ရွက်ကောက်ရင်း အပိုဝင်ငွေရှာတာတွေလည်း ပြုလုပ်ရပါသေးတယ်။
“အတော်ကြာနေပါပြီး ၁၉၉၅ ခုနှစ်ကတည်းက ထွက်လာခဲ့တာပါ။ နှစ်ပေါင်း ၂၀ ကျော်ကြာပြီး အခုတော့ သားသမီး သုံးယောက် ရှိနေပါပြီ။ သား၊သမီးတွေရှိလာတော့ ကျွေးမွေးကြည့်ရှု၊ ပြုစုစောင့်ရှောက် ပျိုးထောင်ပေးနိုင်ဖို့အတွက် လိုလာတယ်။ ကျောင်းနေစားရိတ်၊ အဝတ်အစား၊ အစားသောက်တွေ ကျွေးမွေးဆင်မြန်းပေးနိုင်ဖို့ကတော့ ဒီချိန်ဆို သစ်ရွက်ကောက်ကြတယ်။ ဖက်ရွက်(အင်ရွက်) ရွက်ကောက်ကြတယ်၊ ကိုယ့်အတွက်လိုနေတဲ့ အမိုးအကာတွေကို ပြန်ပြီးမိုးမံပြင်ဆင်တယ်။ ပိုရင်တော့ ဟင်းဖိုးလေးတွေရအောင် ပြန်ပြီးရောင်းကြတယ်။ အဲ့လိုမလုပ်ရင် သားသမီးတွေအတွက် မုန့်ဖိုးလေးတွေမပေးနိုင်ဘူး။ သနပ်ခါး၊ နှုတ်ခမ်းနီ(အလှကုန်ပစ္စည်း)တွေ လိုချင်ကြလို့ရှိရင်လည်း သမီးလေးတွေအတွက် ဝယ်ပေးနိုင်အောင်လို့ပါ။” လို့ မော်စိုးမြာက ဆက်ပြောပါတယ်။
မော်စိုးမြာတို့လို စခန်းအတွင်းမှာ နေထိုင်သူတွေအများစုဟာ အလုပ်အကိုင်အခွင့်အလမ်း မရှိတာကြောင့် ဝင်ငွေမရှိကြပါဘူး။ ဒါပေမဲ့လည်း အခုလို နွေဦးရာသီရောက်ရင် ကိုယ်စီ နေအိမ်ပြုပြင်ကြရတာကြောင့်လည်း ဖက်ရွက်တွေကို ကောက်ပြီး ပြန်ရောင်းတာကနေ ဝင်ငွေအနည်းငယ် ရရှိစေပါတယ်။
ဖက်ရွက်ကောက်တဲ့နေရာမှာလည်း ဖက်ရွက်တွေများများရနိုင်ဖို့ စခန်းနဲ့ အတော်လေး ဝေးလံတဲ့အထိ သွားကြရပါတယ်။ ဒါပေမဲ့ လမ်းခရီးက ချောမွေ့လှတာတော့ မဟုတ်ပါဘူး။ တောင်တွေကို တက်ရသလို လျှိုတွေကိုလည်း ဖြတ်ကျော်ရပါသေးတယ်။ ဖက်ရွက်ကောက်သူ များတာကြောင့်လည်း စခန်းမှာ ဖက်ရွက်တွေ ရှားပါးလာပါတယ်။ မနက်အစောကြီးထသွားရတဲ့အပြင် လမ်းခရီးလည်းဝေးတာကြောင့် ပင်ပန်းတာနဲ့ကာမိအောင် တတ်နိုင်သမျှ များများစားစားရအောင် ကောက်ကြရပါတယ်။
“ပင်ပန်းတာပေါ့ တောင်စောင်းတွေမှာသွားတော့ ခြေချော်တာတွေရှိတယ်။ ပျော်တာမဟုတ်ဘူး အရွက်ကောက်တာက။ အရွက်မရှိရင်တော့ တတောင်ပြီးတတောင်တက်ရတယ်။ သယ်တဲ့အခါမှာ သိပ်တော့မလေးဘူး၊ ဒါပေမဲ့ ရာနဲ့ပြည့်အောင်သယ်ရင်တော့လေးတယ် ရာမကျော်ရင်မလေးဘူး။ သယ်နိုင်တဲ့သူတွေကျတော့၊ ကောက်နိုင်တဲ့သူတွေကျတော့ ရာကျော်တယ်။ သိပ်မကောက်တတ်ရင်တော့ ၆၀, ၇၀ လောက်ဘဲရတယ်။” လို့ အသက် ၆၀ ရှိပြီးဖြစ်တဲ့ မော်ဒေးမယ် ကလည်း ပြောပြပါတယ်။
မော်ဒေးမယ်ဟာလည်း မော်စိုးမြာလိုဘဲ ဖက်ရွက်ကောက်ပြီး ဝမ်းရေးကို တနိုင်တပိုင်ဖြေရှင်းနေရပါတယ်။

ထိုင်း – ကရင်နီနယ်စပ် ကရင်နီဒုက္ခသည်အမှတ် (၁) စခန်းက တည်ရှိလာတာ နှစ်ပေါင်း (၃၀)ကျော်နေပြီ ဖြစ်ပါတယ်။ စခန်းတွင်းလူဦးရေ တသောင်းဝန်းကျင်ရှိပြီး တဲအိမ်ပေါင်းများစွာက အမိုးကိုဖက်ရွက်နဲ့ အဓိက အားထားမိုးကြရပါတယ်။ မိုးရွာတာ၊ နေပူတာနဲ့ ဆောင်းတွင်း အေးစက်ခြင်းဒဏ်တွေကနေ မိသားစုကို ဖက်ရွက်အမိုးတွေက ကာကွယ်လုံခြုံမှုပေးနိုင်ပါတယ်။။
ဒါပေမဲ့လည်း အရာရာတိုင်းမှာ အကန့်သတ်ရှိတယ်လို့ ဆိုသလိုပါပဲ၊ ဖက်အမိုးမှာလည်း အများဆုံး သုံးနှစ်ခန့်သာ တောင့်ခံပေးနိုင်ပါတယ်။ ဒါတောင် ခပ်ထူထူလေးမိုးထားတဲ့ တဲအိမ်တွေမို့သာပါ။ လုပ်အား ဒါမှမဟုတ် ငွေကြေးမတတ်နိုင်တဲ့မိသားစုတွေဆိုရင် ဖက်မိုး ပါးပါးလေးသာ မိုးကြတာကြောင့် တနှစ်တခါ လဲပေးရပါတယ်။
“ကျမအချပ် ၂၀၀ကျော်တော့ ပြန်ရောင်းပြီးသွားပြီး (ချုပ်ပြီးသားဖက်ရွက် ချပ် ၁၀၀ ကို) ၃၈၀ဈေးနဲ့ပဲ ကိုယ်ကလည်း သူများကိုသနားတယ်။ သူများကလည်း ကိုယ့်ကိုသနားတယ် အပြန်အလှန် စာနာပေးကြတယ်။ လူတိုင်းကလည်း ရှာဖွေစားသောက် နေကြရတယ်လေ။ ကိုယ်ကလည်း မှန်မှန်ကန်ကန်လေးနဲ့ပြောတယ်။ သူများက ၄၀၀ ဆိုပေမဲ့ အဲ့ဈေးနဲ့တော့ တခါမှမရောင်းဖူးဘူး။ “ မော်စိုးမြာက ဆက်ပြောပါတယ်။

မော်စိုးမြာတို့လို ဖက်ရွက်ကောက်တဲ့ အလုပ်ကို အခုခေတ်လူငယ်တွေ စိတ်မဝင်စားကြတော့ပါဘူး။ မနက်လေးနာရီ နှင်းစိုခံပြီး တောထဲသွားချင်သူ မရှိသလောက်ရှားပါတယ်။ ၁၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဖက်ရွက်တစည်းကို ခေါင်းပေါ်ရွက်ပြီး နှစ်နာရီခန့်ကြာတဲ့ လမ်းခရီးကို အားတက်သရော လျှောက်ချင်သူမရှိတော့ပါဘူး။ စိတ်ရှည်ရှည်နဲ့ ဖက်ရွက်တွေကို အချပ်လိုက်ဖြစ်အောင် ဝါးနှီးနဲ့ ထိုးချည်တတ်သူအများစုကလည်း သက်ကြီးပိုင်းတွေသာ ဖြစ်ကြပါတယ်။
မော်စိုးမြာ နဲ့ မော်ဒေးမယ်လိုပဲ မိမိမွေးဖွားရာတိုင်းပြည်မှာ ကြီးပြင်းနေထိုင်ခွင့်မရကြဘဲ တိုင်းတပါးဆီ ထွက်ပြေးခိုလှုံလျှက် တရားမဝင် ရှာဖွေစားသောက်၊တရားမဝင် နေထိုင်အသက်ရှင်နေကြရသော လူပေါင်းမြောက်များစွာ ရှိနေပါတယ်။
ပြည်တော်မပြန်နိုင်သေးသရွေ့ကတော့ နောင်လာမယ့်နှစ်တွေ…နှစ်တွေအထိ ပြုပြင်ဖို့လိုအပ်တဲ့ အမိုးတွေအတွက် မော်စိုးမြာတို့ အခုလိုအချိန်မှာ ဖက်ရွက်သွားကောက်ကြရဦးမှာပါဘဲ..။