ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ အမှတ်(၁၀၀၇) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂) တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း ၃နှစ်အတွင်းမှာ ရဲဘော် ၂၃ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အမှတ်(၁၀၀၇) မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂) ဟာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ၂၀၂၂ ခုနှစ်မှာ စတင် ဖွဲ့ စည်းခဲ့တာဖြစ်ပြီး တပ်ရင်း တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ အခမ်းအနားအတွင်းမှာ သင်တန်းတက်ရောက်ပြီး တပ်သားအသစ် (၂၀)ဦး ကို ဘက်တံဆိပ် အပ်နှံတဲ့ အခမ်းအနားပါ ပူးတွဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပူးတွဲ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာတော့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အလေးပြုတာ၊
ကယန်းအမျိုးသားအလံတင်ခြင်းနဲ့ ကယန်းအမျိုးသားသီချင်း သီဆိုဂုဏ်ပြုတာ၊ သင်တန်း တက်ရောက်ပြီး တပ်သားအသစ်တွေကို ဘက်တံဆိပ် အပ်နှံပေးတာ ၊ သက်ဆိုင်ရာ အရာရှိတွေကနေ အမှာစကားပြောတာ၊ ခြေလက်အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော် နဲ့ ကျဆုံးရဲဘော်တွေကိုအောက်မေ့သတိရ ဂုဏ်ပြုဆုငွေချီးမြှင့်တာ စတဲ့ အစီစဥ်တွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း ၃နှစ်အတွင်းမှာကျဆုံး ရဲဘော်တွေ ရှိသလို ထိခိုက် ဒဏ်ရာရပြီး ကိုယ်လက် အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော် ၁၂ ဦး ရှိခဲ့တယ်လို့ အမှတ်(၁၀၀၇) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂) ဆီကနေ သိရပါတယ်။
လက်ရှိမှာတော့ ပြည်သူကို ကာကွယ်တဲ့ တော်လှန်ရေးတပ်သားကောင်းတွေ မွေးထုတ်ဖို့ ဆက်လက်ကြိုးစားမှာ ဖြစ်သလို၊ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ တိုင်းရင်းသားပေါင်းစုံ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ တပ်ရင်း ဖွဲ့စည်းခြင်း ၃နှစ်ပြည့်ထိတ်အမှတ်မှာ အမှတ်(၁၀၀၇) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂) က ပြောဆိုသွားပါတယ်။