spot_imgspot_imgspot_imgspot_img
Saturday, October 12, 2024
spot_imgspot_imgspot_imgspot_img

အရပ်သား သေဆုံးမှု အတည်မပြုနိုင်ကြောင်း KNPP ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ၁၆ ရက်နေ့မှာ ကယား(ကရင်နီ) ပြည်နယ်၊ ရှားတောမြို့ နယ်နဲ့ ၅ မိုင်ခန့်အကွာမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ တပ်မတော်တို့ ပဠိပက္ခဖြစ်ပွားခဲ့ပါတယ်။ ဒီပဋိပက္ခဖြစ်စဉ်မှာ အရပ်သား တစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့အပေါ် အတည်မပြုနိုင်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ( KNPP) ရှားတောမြို့ နယ် ဆက်ဆံရေးရုံး တာဝန်ခံ ခူးဘိုးရယ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ကျတော် ဖြစ်ဖြစ်ပြီးချင်း တစ်နာရီခွဲ၊ နှစ်နာရီလောက်မှာ တက်ကြည့်တယ်။ ဘာမှ မတွေ့ဘူး။ ထိခိုက်ဒဏ်ရာ ရတာလည်း ဘာမှ မတွေ့ဘူးလေ။ ကျတော်တို့ဖက်က တပ်ကိုလည်း မတွေ့တော့ဘူး။ အစိုးရဖက်က တပ်တော့ တွေ့တယ်။ အရပ်သား သေဆုံးတဲ့ သတင်းတွေက ဘယ်လိုသိပြီး ထွက်လာတာလဲ ကျတော်လည်း မသိဘူး။ ကျတော်ကိုယ်တိုင် တက်ကြည့်တယ်လေ။ ဘာမှ မတွေ့ဘူး။ သတင်းတော့ အတည်မပြုနိုင်ဘူး။” လို့ ခူးဘိုးရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှာ RFA သတင်းဌာနကို အရပ်သားတစ်ဦးသေဆုံး တယ်လို့ အတည်ပြုပြောကြားခဲ့တဲ့ ရှားတောလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဒီအပေါ်မှာ ပြန်လည်ဖြေဆိုဖို့ ငြင်းဆိုလိုက်ပါတယ်။

လတ်တလောမှာတော့ ကိုဗစ်ကြောင့် ယခု ပဠိပက္ခနဲ့ ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် တွေ့ဆုံ ဖြေရှင်းနိုင်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ခူးဘိုးရယ်က ပြောပါတယ်။

“ သေတာက ဘယ်ကလဲ၊ ဘယ်သူလဲ ဆိုတာလည်း မသိဘူး။ နောက် ကျတော်တို့ ရှားတောဖက်မှာဆိုရင်လည်း အသုဘ ရှိတယ်ဆိုတာလည်း မကြားဘူးလေ။ အဲ့ဒါကြောင့် ကျတော်တို့ အတည်မပြုနိုင်ဘူး။ ဆက်စုံစမ်းဖို့ကလည်း ကျတော်တို့ ဆက်ဆံရေးရုံးအနေနဲ့ကတော့ ကျတော်တို့ အလုပ် မဟုတ်တော့တဲ့အတွက် နှစ်ဖက်တပ် လူကြီးတွေပဲ ရှင်းရမယ်လေ။ ကျတော်ကတော့ သွားကြည့်တာ ဘာမှလဲ မတွေ့တော့ အတည်မပြုနိုင်ဘူး။”လို့ ခူးဘိုးရယ်က ဆက်ပြောပါတယ်။

၎င်းပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်)မှ အရှေ့ ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်တချို့ ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်၍ မရခဲ့ပါဘူး။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP) ဘက်မှ တပ် အပြောင်းအလဲလုပ်ပြီး လမ်းကူးနေချိန်မှာ တစ်ဖက်နဲ့တစ်ဖက် အမြင် မမှားရလေအောင် ကာဗာ( cover) ယူရင်း အချက်ပြခြင်းသာ ဖြစ်ပြီး တိုက်ပွဲဖြစ်အောင် ရည်ရွယ်ပြီး ပစ်ခတ်ခြင်း မဟုတ်ဘူးလို့ ခူးဘိုးရယ်က ဆက်ပြောပါတယ်။

ဒေသခံလူထုများရဲ့ ပြောကြားချက်အရ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ပဠိပက္ခဖြစ်ပွားခဲ့တဲ့ လမ်းကြောင်းပေါ်မှာ လူထုများ သွားလာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါအပေါ် ကျန်းမာရေး စိုးရိမ်မှုများ ဖြစ်နေကြတဲ့အချိန်မှာ ပြည်သူလူထုများကို အထိတ်တလန့် ဖြစ်စေပြီး နေ့စဉ်ဘဝ ရုန်းကန်လှုပ်ရှားမှုအတွက် အဟန့်အတား ဖြစ်စေတယ်လို့ ကယားပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သူ ခွံမာတီးယာက ပြောပါတယ်။

“ တိုက်ပွဲဟုတ်မဟုတ်တော့ နှစ်ဖက်ကလက်ခံထားတဲ့ အပေါ်မှာဘဲမူတည်မယ်ထင်ပါတယ် သို့သော် ပဠိပက္ခတစ်ကြိမ်ဖြစ်ပြီဆိုရင် နောက်တစ်ကြိမ်ဖြစ်လာနိုင်ခြေအတွက် အထောက်အကူဖြစ်တတ်တဲ့ သဘောတရားရှိတဲ့ပေါ်မှာ နှစ်ဖက်အဖွဲ့အစည်းက ဒီဖြစ်ပွားမူအပေါ်မှာ အပြုသဘောဆောင်တဲ့အနေဖြင့် ညှိနှိုင်းအဖြေရှာမှုအပေါ်မှာ မူတည်ပြီး ရှေ့ဆက်ငြိမ်းချမ်ရေးတည်ဆောက်မှု လုပ်ငန်းစဉ်အပေါ် အနည်းနှင့်အများ အကျိုးသက်ရောက်မူဖြစ်မယ် ထင်ပါတယ်။ ” လို့ ခွံမာတီးယာက ဆက်ပြောပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ( KNPP) ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ် ရေးထိုးထားခြင်း မရှိသေးပါဘူး။ ပြည်နယ်အဆင့်မှာသာ ရေးထိုးထားပြီး တခြားသော ပြည်နယ်များထက် ပစ်ခတ်တိုက်ခိုက်ဖြစ်ပွားမှု နည်းပါးနေသေးတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့မှာ တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းတွေ ပိုမိုထိရောက် လျှင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၀) ရက်နေ့မှ သြဂုတ် ( ၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း ကြေငြာထားပါတယ်။

spot_img
spot_img

Recent posts