ကန္တာရဝတီတိုင်း ( မ် )
ရှမ်း – ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်းက အလှူရှင်အဖွဲ့အစည်းမရောက်ရှိတဲ့ စစ်ဘေးရှောင်အတွက် အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဖယ်ခုံမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတချို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလကတည်းက စပြီး အလှူရှင်အဖွဲ့အစည်းတွေ မရောက်ရှိတော့သလို အလုပ်အကိုင်ရှားပါးမှု ၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး ပိုမို ခက်ခဲလာတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
“ဒီဘက်က စစ်ကောင်စီကနေပြီးတော့ ဖြတ်လေးဖြတ်လုပ်ထားတော့ ကုန်ဈေးနှုန်းလည်း ဈေးကြီးတယ်။ အလုပ်အကိုင်ကရှားပါးတော့ စားဝတ်နေရေးလည်း ခက်ခဲကြတယ်။ အလှူရှင်ကလည်း လာလို့မရတော့ဘူး၊ လှူတဲ့သူလည်းမရှိဘူးဖြစ်နေတယ်” လို့ သူကပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ နေ့စားအလုပ်ဖြစ်တဲ့ ပြောင်းချိုးတာ ၊ စပါးရိတ်သိမ်းတာ လုပ်ကိုင်ကြပြီး တစ်ရက်လုပ်အားခ တစ်သောင်းနှုန်းရရှိကာ စားဝတ်နေရေးဖြေရှင်းရတယ်လို့ ဆိုပါတယ်။
ဝေးလံခေါင်ဖျားတဲ့ နေရာမှာ သွားရောက်တိမ်းရှောင်ကြတာကြောင့်လည်း စစ်ဘေးရှောင်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုလည်း လက်လှမ်းမမှီသလို ဆေးရုံ ၊ ဆေးခန်းပြသရမယ့် လူနာရှိပေမယ့် အသွားအလာစရိတ် နဲ့ ဆေးဝါးဝယ်ယူဖို့ ငွေကြေးအခက်အခဲရှိနေကြတယ်လို့ သိရပါတယ်။
”စားတာတော့ ချွေတာစားကြရတာပေါ့။ တချို့တော့ သူများနဲ့ အငှားလိုက်ကြတာတွေရှိတယ်။ ပြောင်းချိုးတာ၊ စပါးရိတ်တာပေါ့။ ဒါပေမဲ့ ဒီပြောင်းရာသီပြီးရင် သူတို့အတွက် အလုပ်မရှိတော့ဘူး။ စစ်ရှောင်တချို့တွေလည်း ဆေးရုံ ဆေးခန်းတက်ရမယ့် လူနာမျိုးဆို ပိုက်ဆံမရှိလို့ မသွားနိုင်တော့တာမျိုးတွေရှိတယ်။” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆက်ပြောပါတယ်။
အခြေခံစားသောက်ကုန်အပြင် ဆေးဝါး၊ စောင် ၊ အနွေးထည် လိုအပ်ချက်လည်း များပြားနေတယ်လို့ ဆိုပါတယ်။
ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်လူဦးရေ တစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတာကြောင့်လည်း ဒေသခံတွေဟာ နေရပ်ပြန်လည်နေထိုင်လို့မရသေးပါဘူး။ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲမှု ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေမှာ နေထိုင်လို့မရတော့တာကြောင့် စစ်ဘေးရှောင်ဦးရေလည်း တိုးလာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။