spot_imgspot_imgspot_imgspot_img
Saturday, April 26, 2025
spot_imgspot_imgspot_imgspot_img

အာဏာသိမ်းကာလအတွင်း ကရင်နီပြည်မှာ အရပ်သား ၁၅၀ ဝန်းကျင် ကိုယ်လက်အင်္ဂါဆုံးရှုံး

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည် တစ်ပြည်နယ်လုံးရှိ စစ်ဘေးရှောင်စခန်းတွေမှာ စစ်လက်နက်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ အရပ်သား ၁၅၀ ဝန်းကျင်ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ရဲ့ အမျိုးသမီးနှင့်ကလေးသူငယ်ဌာန၊ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခံရမှုနဲ့ မြေမြှုပ်မိုင်းတို့ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားရတာဖြစ်တယ်လို့ ပြောပါတယ်။

ကရင်နီပြည်မှာ လွိုင်ကော်မြို့ကလွှဲလို့ ကျန်မြို့နယ်တွေမှာ စစ်ကောင်စီယန္တရား အားလုံး ပြတ်တောက်သွားပြီဖြစ်ပြီး ယခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလ အတွင်းမှာ တိုက်ပွဲတွေကြီးကြီးမားမားမရှိပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက‌တော့ ရှိနေဆဲဖြစ်ပါတယ်။

စစ်ကြောင့် ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး IEC အမျိုးသမီးနှင့် ကလေးသူငယ်ဌာနက စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှုတွေကို ကူညီပေးနေတယ်လို့ ဆိုပါတယ်။

“လောလောဆယ် တတ်နိုင်တာတော့ အရေးပေါ် ငွေကြေးထည့်ဝင်ကူညီပေးတာမျိုး၊ ဆေးကုသစရိတ်နဲ့ ခရီးစရိတ်အပြင် နှစ်သိမ့်ဆွေးနွေးမှုတွေလောက်သာ လုပ်နိုင်ပါသေးတယ်” လို့ အမျိုးသမီးနှင့် ကလေးသူငယ် ဌာန ၊ ဌာနမှူးကြီး အဂ္ဂသာနုနု က ပြောပါတယ်။

ကရင်နီပြည်တွင်းတင်မကပဲ နိုင်ငံတစ်ဝှမ်း တိုက်ပွဲဖြစ်ပွားတဲ့ နေရာအသီးသီးမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြှေမြုပ်မိုင်းနဲ့ အခြားပေါက်ကွဲတတ်တဲ့ စစ်လက်နက်ပစ္စည်းတို့ကြောင့် ထိခိုက်သေဆုံးသူ (၁၀၀၃) ဦးရှိခဲ့ပြီး ကမ္ဘာ့ ထိခိုက်သေဆုံးမှု အများဆုံးရှိတဲ့ နိုင်ငံဖြစ်လာတယ်လို့ မြေမြှုပ်မိုင်းလှုံ့ဆော်ရေး အဖွဲ့ (ICBL) က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကမ္ဘာမှာ ၃ နှစ်ဆက်တိုက် မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ အများဆုံးနေရာမှာရှိနေခဲ့တဲ့ ဆီးရီးယားကို မြန်မာက ကျော်တက်သွားတာဖြစ်တယ်လို့ (ICBL) ကပြောပါတယ်။
ကရင်နီမှာလည်း အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်စွဲခဲ့တဲ့ ကျေးရွာ၊ ဒေသတွေမှာ မြေမြှုပ်မိုင်းထောင်ထားလေ့ရှိတာကြောင့် နေရပ်ပြန်ကြည့်တဲ့ စစ်ဘေးရှောင်တွေက မိုင်း နင်းမိတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေတာပါ။

“စစ်ကောင်စီကသာ အဲ့နေရာမှာ တပ်စွဲထားခဲ့တယ်လို့သာ ပြောပြီဆိုရင် သူတို့တပ်ဆုတ်သွားတဲ့ခါ မိုင်းက ကျန်ခဲ့ပြီးသားပဲ” လို့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၀၀ ဝန်းကျင် ရှိခဲ့တယ်လို့လည်း IEC က ပြောဆိုထားပါတယ်။

ကရင်နီပြည်တွင်းက စစ်ဘေးရှောင်စခန်းတွေမှာ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ (၈၉၉) ဦးရှိနေပြီး သူတို့ထဲက ၁၅၀ ဝန်းကျင်က စစ်ကြောင့်ဖြစ်တယ်လို့ IEC ကပြောပါတယ်။

ကိုယ်အင်္ဂါမသန်စွမ်းသူအပြင် မွေးရာပါ အကြားအာရုံမသန်စွမ်းသူ၊ အမြင်အာရုံမသန်စွမ်းသူ၊ ဉာဏ်ရည် မသန်စွမ်းသူပေါင်း ၉၀၀ ဝန်းကျင်ရှိတယ်လို့ IEC စာရင်းအရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts