spot_imgspot_imgspot_imgspot_img
Thursday, March 20, 2025
spot_imgspot_imgspot_imgspot_img

အာဏာသိမ်းကာလအတွင်း ကရင်နီက အမျိုးသမီးတွေ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အများဆုံးခံရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း ကရင်နီပြည်က အကြမ်းဖက်မှုကျူးလွန်ခံရတဲ့ အမျိုးသမီးတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုဟာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)က လက်ခံရရှိထားတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၁၀၁) မှု ရှိပြီး စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၆၅) မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၂၁) မှုနဲ့ မုဒိမ်းမှု (၁၄) မှု ရှိတယ်လို့ သိရပါတယ်။

လက်ရှိပဋိပက္ခတွေကြောင့် မိသားစုဝင်တွေ တစုတစည်းတည်း မနေထိုင်ရာကနေလည်း အကြမ်းဖက်ခံရမှု ဖြစ်လာတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဌ မော်ဖရေမြာက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ဖြစ်ရတဲ့အကြောင်းရင်းကတော့ ဒီ ၂၀၂၁ ပြီးတဲ့နောက်မှာ ကိုယ့်ရပ်ကိုယ်ရွာနဲ့ နေထိုင်ကြတာ မဟုတ်တဲ့အတွက်ကြောင့်မို့ တကွဲတပြားဆီ ကလေးတွေဆိုလို့ရှိရင်လည်း ပညာရေးတွေဆိုရင်လည်း လမ်းစရှာတယ်။ ကျောင်းဖွင့်တဲ့နေရာကို သွားကြတယ်။ ပြီးတော့ မိဘတွေကလည်း တကွဲတပြားဆီ နေထိုင်တဲ့အခါမှာ စုစုစည်းစည်းပေါ့နော် မနေထိုင်ရတဲ့အတွက် ဒီကလေးတွေ အသက်မပြည့်ပဲ ထိန်းကျောင်းမှုတွေ အနီးအကပ်မရှိတာမျိုးတွေလည်း ပါမယ်။”လို့ မော်ဖရေမြာကဆိုပါတယ်။

ဒါ့အပြင် တချို့သော ဆယ်ကျော်သက်အရွယ် လူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းမရှိတာကြောင့် စိတ်ဖိစီးမှု ရှိလာကြသလို စိတ်ထွက်ပေါက်အနေနဲ့ မူးယစ်သေစာသုံးစွဲသောက်စားမှုကနေ တဆင့် အကြမ်းဖက်မှုတွေကို ကျူးလွန်လာကြတယ်လို့ ဆိုပါတယ်။

လက်ရှိ ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ စစ်ရေး ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ပပျောက်ဖို့ သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အသိပညာပေးမှုတွေ မူဝါဒပြောင်းလဲမှုတွေကို ဆောင်ရွက်သွားမယ်လို့ မော်ဖရေမြာက ဆက်ပြောပါတယ်။

“ နိုင်ငံရေး၊ ပဋိပက္ခ ဆက်နွယ်နေသ၍တော့ ဒီအကြမ်းဖက်မှုတွေလည်း ဆက်ရှိနေမှာဖြစ်တော့ ဒီဟာတွေကို ဆက်ပြီးပညာပေးမှုတွေ လုပ်ရမယ်။ လူထုတွေရင်ဆိုင်ရတဲ့ ကာကွယ်ရေး လုံခြုံရေးတွေကိုလည်း သက်ဆိုင်ရာ အစုအဖွဲ့တွေကို မူဝါဒပြုပြင်ပြောင်းလဲမှုရှိနိုင်အောင်လည်း ကျမတို့ကြားကနေ ဆောင်ရွက်နိုင်အောင် ကူညီဖို့ကိုလည်း ဆက်လုပ်ဖို့တော့ လိုတာပေါ့။”လို့ မော်ဖရေမြာက ဆိုပါတယ်။

KNWO ရဲ့ စာရင်းအရ အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် ပိုတိုးလာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာလည်း အိမ်ထောင်ရှိ အမျိုးသမီး ၅ ဦးမှာ အနည်းဆုံး ၁ဦးဟာ သူတို့ရင်းနှီးတဲ့ လက်တွဲဖော်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts